တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်က ဦးစွာဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် တာဝန်အရှိဆုံးမှာ အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများပင်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်တို့က ပထမဦးစွာ ဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ စတုတ္ထအကြိ်မ်မြောက် နှီးနှောဖလှယ်ပွဲက သဘောထားထုတ်ပြန်သည်။

“ဖက်ဒရယ်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး” ခေါင်းစဉ်များဖြင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Best Western Green Hill Hotel တွင် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ ကျင်းပပြီး အချက် ၉ ချက်ပါ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။

နှီးနှောဖလှယ်ပွဲသို့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီ အပါအဝင် ၎င်း၏ မိတ်ဖက်တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်ဟု သိရသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ် ရပ်တန့်နေစဉ် ဆယ်စုနှစ်နှင့်ချီ၍ စစ်မက်ကင်းစင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်မှာလည်း တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားအတွက် စိုးရိမ်ဖွယ်အခြေအနေ ဖြစ်ပါသည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တတိုင်းပြည်လုံး အပစ်အခတ်ရပ်ရန် မဖြစ်မနေ လိုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြတိုက်တွန်းထားသည်။

ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခတ်မှုများ ရပ်စဲရေးအတွက် တိုင်းစစ်ဌာနချုပ် ငါးခုတွင် တပ်မတော်က လေးလကြာ အပစ်ရပ်ထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကြေညာရန် လိုလားကြောင်း သဘောထားထုတ်ပြန်ကြသည်။

တဆက်တည်းမှာပင် တပ်မတော်အနေဖြင့် တိုင်းပြည်အကျိုးအား တည့်တည့်ကြည့်၍ နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း၊ တိုင်းပြည်၏ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သည် နိုင်ငံရေး နယ်ပယ်မှ ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာမည့် အချိန်ဇယားအတိအကျကို ပြည်သူလူထုအား ကတိပြုပြောကြားရန် အထူးလိုအပ်မည်ဖြစ်သည်ဟု UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းသည်။

“သို့မှသာ တိုင်းပြည်သည် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်ငြိမ်းချမ်းပါက တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ခြင်းမှ စွန့်ခွာမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

လယ်ယာမြေအရေး၊ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေးပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စသည့် ကိစ္စရပ်များတွင်လည်း ညှိနှိုင်းဖွယ်ရာများရှိနေပြီး လယ်သမား၊ အလုပ်သမားအပါအဝင် အခြေခံလူထုသည် ထိုကိစ္စရပ်များ၏ ဆိုးကျိုးများကို ခါးစည်းခံနေရကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲသဘောထားထုတ်ပြန်ချက်က ဆိုသည်။

“ဖော်ပြပါ ပြဿနာအရပ်ရပ်၏ အခြေခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကျပ်အတည်းကြောင့်ဖြစ်သည်ဟု အများစုသော နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက သုံးသပ်ရှုမြင်လျက်ရှိသည်” ဟု ဖော်ပြသည်။

တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းသည် လွတ်လပ်ရေးရချိန်မှစ၍ ယနေ့တိုင်ဖြစ်ကြောင်း၊ ၁၉၆၂ နောက်ပိုင်း တပ်မတော်က အာဏာသိမ်းယူလိုက်သည်တွင် ၎င်းအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းများဖြင့် ဆွေးနွေးအဖြေရှာရန် လမ်းပိတ်သွားခဲ့ကြောင်း၊ UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။