စစ်ပွဲများရပ်တန့်သွားစေရေးဖက်ဒရယ်စနစ်ကိုလက်တွေ့ပေးရန်လိုအပ်ဟုရှေ့နေဦးကြီးမြင့်ပြော

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

2 June 2019 ၊ အကုန်သိသတင်းဌာန။

ပြည်တွင်းစစ်ပွဲများရပ်တန့်သွားစေရန် ဖက်ဒရယ်စနစ်ကို ပါးစပ်ပြောဖြင့် ပေးနေမည့်အစား လက်တွေ့ပေးရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရာမခရစ်သျှနာခန်းမ၌ ဇွန်လ ၂ ရက်က ပြုလုပ်သော ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် (စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာ) နိုင်ငံရေးစကားဝိုင်းတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ “ သြဇာရှိတဲ့အာဏာရှိတဲ့၊ အင်အားကြီးတဲ့သူတွေဟာ ပိုပြီးတော့သဘောထားကြီးစွာနဲ့ စရပ်ဖို့ကြေညာရမယ်။ ဒီလိုပဲ ကျွန်တော်တို့ကတော့ ထပ်ပြီးတော့တောင်းဆိုရမှာပဲ။ နောက်တစ်ခုက အဖြေက ကျွန်တော်တို့ တွေ့တာကတော့ ဖက်ဒရယ်ပေးမယ်လို့ပြောနေတယ်။ ပါးစပ်နဲ့ပေးမနေနဲ့ တကယ်လက်တွေ့ပေးပစ်လိုက်၊ လက်တွေ့ပေးလိုက်ရင် အဲဒါဟာအဖြေပဲ။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ တိုင်းနဲ့ပြည်နယ်က ပုဂ္ဂိုလ်တွေက သူ့အလုပ်နဲ့သူ လုပ်သွားလိမ့်မယ်။ ဖက်ဒရယ်အတွက် အခြေခံဥပဒေတွေ သူတို့ဆွဲကြလိမ့်မယ်။ နောက်ဆုံးမှာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အောက်မှာ အားလုံးက ညီညွတ်ပြီး ပေါင်းစည်းသွားလိမ့်မယ်” ဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။

ရခိုင်အပါအဝင်တိုင်းရင်းသားများမှ လက်နက်ကိုင်တိုက်ပွဲဝင်နေကြရခြင်း၏ အဓိကအကြောင်းအရင်းနှစ်ရပ်မှာ ဒီမိုကရေစီဆိတ်သုဉ်းခြင်းနှင့် အမျိုးသားတန်းတူခွင့်ကင်းမဲ့နေခြင်းတို့ကြောင့် ဖြစ်ကြောင်း (စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရဆွေးနွေးအဖြေရှာ) နိုင်ငံရေးစကားဝိုင်းမှ ပန်ကြားလွှာအရသိရသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့မှ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အလားတူ ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့မှ ထပ်မံလက်မှတ်ရေးထိုးခဲ့ပြီး မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ လက်မှတ်ရေးထိုးရန် ကျန်ရှိဆဲဖြစ်သည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)