(၅၄) နှစ်မြောက် ၇ ဇူလိုင်အခမ်းအနားကို ရွှေတောင်မြို့နယ်ရုံး၌လည်း ကျင်းပ

ပါတီလှုပ်ရှားမှုများ

(၅၄) နှစ်မြောက် ၇ ဇူလိုင်အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရွှေတောင်မြို့နယ်ရုံး၌ ၇- ၇- ၂၀၁၆ ရက် နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗကသများအဖွဲ့ချုပ် (သာယာဝတီခရိုင်) ဥက္ကဋ္ဌ ကိုမင်းသူရှိန်၊ ၁၉၆၂ ကျောင်းသားဟောင်း ဦးအုန်းကျော်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်(ပြည်ခရိုင်)မှ ဦးချစ်ဆောင်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ခရိုင်) ဥက္ကဋ္ဌ ဦးအောင်မြင့်စိန်၊ ပေါက်ခေါင်းလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးအေးစိုး၊ ပြည် ၈၈ ငြိမ်း-ပွင့်မှ ဦးညီညီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ပြည်)မှ ဦးကျော်ဆန်းတို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။
အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ခရိုင်)၊ လူ့ဘောင်သစ် လူငယ်၊ ဗကသများအဖွဲ့ချုပ်၊ မှိုင်းငြိမ်းကွန်ရက်(ပြည်ခရိုင်)တို့မှ ပေးပို့သော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ပါသည်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရွှေတောင်မြို့နယ်ဥက္ကဋ္ဌ ဦးမိုးမင်းဦးက ကျေးဇူးတင်စကားပြောကြားနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး မရသေးကြောင်း၊ စစ်တပ်မှာ နိုင်ငံရေးက မထွက်သေးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲ ငြိမ်းချမ်းရေးရဖို့ ခက်လိမ့်မည်ဖြစ်ကြောင်း၊ အားလုံး တိုင်တိုင်ပင်ပင် စုစုစည်းစည်း လုပ်ကြဖို့ လိုအပ်ကြောင်း၊ ဗကသ မူ ၅ ချက်အပေါ်  ခိုင်ခိုင်မာမာရပ်တည်သည့် သမဂ္ဂကို ထောက်ခံဝန်းရံ သွားကြရမှာ ဖြစ်ကြောင်း၊ မည်သူတွေက မူ ၅ ချက်ကို ထိကပါးရိကပါးလုပ်လုပ် ဗကသအလံတော်ကတော့ အမြဲထာဝရ တလူလူလွင့်နေမည်ဟု အလေးအနက်ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။