(၄၂) နှစ်မြောက် ၇၄ အလုပ်သမား အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

(၄၂) နှစ်မြောက် ၇၄ အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့နှင့် ၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ၆-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ၇၄-၇၅-၇၆ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော အလုပ်သမားခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးသမားကြီးများ၊ စိတ်ဝင်စားသူ ကျောင်းသားလူငယ်များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေ(အောင်သာ-ပီသုံးလုံး)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ ၇၄ အလုပ်သမားခေါင်းဆောင် ဦးဝင်းကျော်၊ ၇၄ ကျောင်းသားဟောင်း ဦးစံနု၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုမိုးထက်နေတို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။

ဦးငွေလင်းက အမှတ်တရစကားပြောကြားရာတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနှင့် ကိုက်ညီသော အခြေခံဥပဒေ ဖြစ်လာစေရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင် အပြီးသတ်ချုပ်ငြိမ်းစေရေးတို့အတွက် ယခုလက်ရှိ အစိုးရသည် ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများအားလုံးနှင့်လက်တွဲ၍ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြား မှတ်တမ်းတင်ခဲ့ပါသည်။