၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၁၄၊ နိုဝင်ဘာ၊ ၂၀၁၉။ UEC ရုံး၊ နေပြည်တော်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာလလ၊ ၁၄ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ နေ့လည် ၁းဝ၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံရေးပါတီပေါင်း ၇၇ ပါတီ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ UEC ဥက္ကဋ္ဌနှင့် ကော်မရှင်တာဝန်ရှိသူများက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

၎င်းအစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ ဒေါ်နှင်းနှင်းမွှေးက တင်ပြရာတွင် ရွေးကောက်ပွဲတွင် ပါတီများလိုက်နာသင့်သည့် ကျင့်ဝတ်များဆိုင်ရာ ဆွေးနွေးပွဲများသည် ပါတီအားလုံးကို ကိုယ်စားပြုနိုင်သည့်ဆွေးနွေးပွဲများ ဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်တွင်းမဲရုံများအား တပ်ပြင်ပနယ်မြေများတွင် ထားရှိမည့်ကိစ္စအား ကြိုဆိုပါကြောင်း၊ နိုင်ငံ၏ အခြားနေရာများကဲ့သို့ပင် တပ်တွင်း၌လည်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်ရရန် ကော်မရှင်အနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ ဆန္ဒမဲသည် ၎င်းတို့နေရင်းဒေသများကို ကိုယ်စားပြုပြီးပေးသည့်မဲများဖြစ်စေရန် စီစဉ်ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်အသုံးစရိတ်နှင့် မဲဆွယ်ကာလကို တိုးမြှင့်ပေးသင့်ကြောင်း၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် အပစ်အခတ်ရပ်စဲထားရေးအတွက် ပြည်ထောင်စုအဆင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ UEC ၏ အစည်းအဝေးဖိတ်ကြားကျင်းပမှုဆိုင်ရာကိစ္စများတွင် ပိုမိုစနစ်တကျ ချိတ်ဆက်ဆောင်ရွက်ရန်နှင့် UEC ဥက္ကဋ္ဌအနေဖြင့်လည်း နိုင်ငံရေးပါတီများ၏ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် အသုံးအနှုန်းများကို ဥပမာပေး မသုံးနှုန်းသင့်ကြောင်းတို့ကို တိုက်တွန်းတင်ပြခဲ့ပါသည်။ လူမှုစာမျက်နှာအသုံးပြု၍ မဲဆွယ်စည်းရုံးခြင်းအား ရွေးကောက်ပွဲအသုံးစရိတ်တွင် ထည့်သွင်းရန် ရှိ၊မရှိနှင့် UEC ၏ စံ ၅ ချက်တွင်ပါဝင်သည့် ပွင့်လင်းမြင်သာမှုစံနှုန်းအရ UEC အတွက် နိုင်ငံတော်မှခွင့်ပြုပေးသည့်ဘတ်ဂျက် မည်မျှရှိသည်ကို သိလိုပါကြောင်းလည်း မေးမြန်းခဲ့ပါသည်။

ပါတီများ၏ မေးမြန်းတင်ပြချက်များအား အချိန်အခက်အခဲကြောင့်ဟုဆိုကာ ပြန်လည်ဆွေးနွေးဖြေကြားခြင်း မပြုလုပ်ဘဲ UEC ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

[ngg src=”galleries” ids=”729″ display=”basic_thumbnail”]