(၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

၁- ၅- ၂၀၁၆ ရက်နေ့တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဆုံတိုက်ရပ်ကွက်ရှိ လည်ပေါ် သာသနာ့ဗိမာန်တွင် (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားအရေး စိတ်ဝင်စားသူများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားများနှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြပါသည်။ ထိုအခမ်းအနားသို့ ပါတီမှ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးနိုင်လွင်ချိုနှင့် လူ့ဘောင်သစ် လူငယ်အတွင်းရေးမှူး ကိုသူအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ပါတီမှ (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာကို ထိုအခမ်းအနားသို့လည်း ပေးပို့ခဲ့ပါသည်။

တနေ့ ၈ နာရီလုပ်၊ ၈ နာရီနား၊ ၈ နာရီပျော် အပါအဝင် မေဒေးရလဒ်များကို မိမိတို့ မြန်မာ့အလုပ် သမားလူထုမှာ ယနေ့အထိ မခံစားကြရသေးကြောင်း၊ အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီးအညှဉ်းဆဲခံ၊ သွေးမြေအကျခံ၊ အကျဉ်းကျခံနေရဆဲ ဖြစ်နေရသေးကြောင်း၊ လွတ်မြောက်ရေးအတွက်  တိုက်ပွဲဝင်ကြရဆဲ ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖေါ်ပြပြီး အလုပ်သမားထုကို ဂုဏ်ပြု ခဲ့ပါသည်။