ဦးအောင်ထိုက်(စိတ်တိုင်းကျ)အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် လွမ်းသူ့ပန်းခြင်း ပေးပို့ဂုဏ်ပြု

ပါတီလှုပ်ရှားမှုများ

ဦးအောင်ထိုက်(စိတ်တိုင်းကျ)၏ ဈာပနအခမ်းအနားကို ၂၅- ၉- ၁၆ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုသန်တွင် ကျင်းပခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် လွမ်းသူ့ပန်းခြင်း ပေးပို့ဂုဏ်ပြုခဲ့ပါသည်။ ဦးအောင်ထိုက်သည် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ အလုပ်အမှုဆောင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်၊ NLD လူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အကြံပေး စသည့်နိုင်ငံရေးတာဝန်များကို မကွယ်လွန်မီအချိန်ထိ တက်ကြွစွာ ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ဈာပနအခမ်းအနားတွင် NLD နာယကကြီးဦးတင်ဦး၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများမှ ဦးဝင်းကျော်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယက ဆရာဦးအံ့မောင်(မုံရွာ)၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ပဲခူး)မှ ဦးကျော်ကျော်၊ ၈၈ ငြိမ်း-ပွင့်မှ ဦးကိုကိုကြီး၊ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ပရောက် ၈၈ အင်အားစုများ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။