အသရော်နှင့် ဇီးပွဲကျေးရွာအုပ်စုအပါအဝင် ကျေးရွာလေးရွာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးငွေလင်းနှင့် ဦးအောင်မြင့်စိန်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၉၊ ဖေဖော်ဝါရီလ၊ ၃ရက်နှင့် ၄ ရက်နေ့များတွင် သာယာဝတီမြို့နယ်၊ ဒါဝိကျေးရွာအုပ်စု၊ အိပ်သဟာကျေးရွာအုပ်စု၊ အသရော်ကျေးရွာအုပ်စု၊ ဇီးပွဲကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ကြပါသည်။
တောင်သူလယ်သမားခေါင်းဆောင်များနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်တွင် ပြည့်စင်ကုန်းကျေးရွာ၌လည်းကောင်း၊ ညနေနှင့်ညပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးချက်များအရ လယ်သမားများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ကြွေး(အမတော်ကြေး)ကို မဆပ်နိုင်ဘဲ ဖြစ်နေရကြောင်း၊ မဆပ်နိုင်ရသည့်အကြောင်းရင်းမှာ –
၂၀၁၅ နှင့် ၂၀၁၆ တွင် ၂ နှစ်ဆက်တိုက် တာကျိုးပြီး ရေနစ်မြုပ်ခဲ့ရခြင်း၊ ၂၀၁၇ နှင့် ၂၀၁၈ တွင် ပဲခင်းများ ပိုးကျ၊ ကြွက်ကျခြင်းတို့ကြောင့် အပျက်အစီးများခဲ့ရခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပဲအထွက် တဝက်မက ကျဆင်းခြင်း၊ အိန္ဒိယက ပဲမဝယ်တော့သည့်နောက်ပိုင်း ပဲဈေးထိုးကျသွားခြင်း၊ ငွေရှင်များက ပဲဈေး ကမောက်ကမဖြစ်အောင် ဈေးကစားနေသည့်ဒဏ်ကို ခံနေရခြင်း၊ အခါမဲ့မိုးများကြောင့် တလင်းထဲက ပဲပါ အရောင်ပျက် အခွံကျွတ် ဈေးကွက်မဝင်ဖြစ်ရခြင်း စသည့်အချက်များကြောင့် အကြေပေးဆပ်ချင်သော်လည်း မည်သည့်နည်းနှင့်မျှ မဆပ်နိုင်အောင်ဖြစ်နေရကြောင်း လေ့လာသိရှိရပါသည်။ ပါတီနှင့် မှိုင်းငြိမ်းကွန်ရက်ခေါင်းဆောင်များက အဆိုပါပြဿနာဖြေရှင်းနိုင်ရေးအတွက် ဆောင်ရွက်သင့်သည်များ ဆွေးနွေးအကြံပေးကာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”504″ display=”basic_thumbnail”]