အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၂၁ ရာစုပင်လုံ ညီလာခံ ဟောပြောဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)က စီစဉ်ကျင်းပသော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၂၁ ရာစုပင်လုံ ညီလာခံ ဟောပြောဆွေးနွေးပွဲကို ပြည်မြို့၊ သီရိခေတ္တရာခန်းမတွင် ၁၈- ၆- ၂၀၁၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ-လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင် (အထွေထွေအတွင်းရေးမှူး – ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးအေးမောင်ကျော် (ပြည်သူ့အရေးဂျာနယ် ပင်တိုင်ဆောင်းပါးရှင်) တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။
ဦးအောင်မိုးဇော်က ဆွေးနွေးရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည်မှာ ပြည်သူအချင်းချင်းကြား၊ တိုင်းရင်းသားအချင်းချင်းကြား၊ အင်အားစုများတခုနှင့်တခုကြား ပြန်လည်ရင်ကြားစေ့ရန် ပြန်လည်သင့်မြတ်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရမှ ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ဆောင်ပြီးမှ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည်ဆိုသည့် ပြောဆိုချက်မှာ လုံးဝမဖြစ်သင့်ကြောင်း၊ ဖြစ်လည်း မဖြစ်နိုင်ကြောင်း၊ ၁၉၄၇ ပင်လုံညီလာခံသည် တောင်တန်းနှင့်မြေပြန့် လွတ်လပ်ရေးကို အတူတကွလက်တွဲပြီးယူကြရန်ဟူသော ရည်မှန်းချက်ပေါ်တွင် တညီတညွတ်တည်းအာရုံစိုက်၍ ဆွေးနွေးခဲ့ကြသည့်အတွက် ပင်လုံညီလာခံက အောင်မြင်ခဲ့သည်ဟု ယူဆကြောင်း၊ ယနေ့စစ်တပ်က ကာချုပ်မူ (၆) ချက်ကို တရားသေကိုင်စွဲထားနေသည့်အတွက် ဆွေးနွေးရာတွင် အခက်အခဲများရှိနေကြောင်း၊ ၂၁ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေး အဖွဲ့အစည်းများအားလုံးမှ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း၊ ဒေသအသီးသီး၊ အဖွဲ့အသီးသီးမှ သြဇာရှိသူများ ပါဝင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲသို့ ပြည်မြို့နှင့် အနီးအနားဒေသများမှ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ပြည်ခရိုင် နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားကျောင်းသူများ၊ လှုပ်ရှားတက်ကြွသူများ၊ စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။