အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်မူဝါဒများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသောမူဝါဒများရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၂ ရက်နေ့အထိ ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က ကမကထပြု ဆောင်ရွက်ခြင်းဖြစ်ပြီး (UNA)အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အလုပ်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အလုပ်အဖွဲ့ဝင် ဖြစ်သဖြင့် ထိုဆွေးနွေးပွဲသို့ အခြားအလုပ်အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးက အဖွင့်အမှာစကားပြောရာ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများလုပ်ပြီးမှ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မည်ဆိုသည့် အကန့်အသတ်များ မထားသင့်ကြောင်း အဓိကထားပြီး ထောက်ပြပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံရမည့် ဖက်ဒရယ်မူဝါဒများနှင့် စပ်လျဉ်းပြီး အကျယ်အပြန့် ဆွေးနွေးခဲ့ကြပါသည်။
ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် နယ်စပ်ဒေသနှင့် တော်လှန်ရေးဒေသများမှ လုပ်ဖေါ်ကိုင်ဖက်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြန်လည်တွေ့ဆုံခွင့် ရရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အင်အားစုအားလုံး ပါဝင်ဆွေးနွေးနိုင်ရေး၏ အရေးကြီးမှုများကို အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။