လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီ အစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၄- ၇- ၁၆ ရက်နေ့က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ လယ်သမားအရေး ဆောင်ရွက်နေသောရဲဘော်များနှင့် ဌာနချုပ်အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထိ ရရှိချက်များကို ကော်မတီတာဝန်ခံ ကိုသန့်စင်က ပြန်လည်တင်ပြခဲ့ပါသည်။ တက်ရောက်လာသော ကော်မတီဝင်ရဲဘော်များက သက်ဆိုင်ရာဒေသအသီးသီး၌ လက်တွေ့လုပ်ကိုင် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခြေအနေများ၊ အခက်အခဲများ၊ ရရှိချက်များ၊ တိုးမြှင့်ဆောင်ရွက်သင့်သည်များကို တင်ပြခဲ့ရာ ပါတီ၏ ဘဏ္ဍာရေးအခြေအနေအရ ပါဝင်ကူညီ အားဖြည့်နိုင်မှုအနေအထားကို ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြန်လည်တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။