ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်ပြည့်အခမ်းအနားကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်မှ ဦးစီးကျင်းပသော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်ပြည့် အခမ်းအနားကို DPNS ရွှေတောင်မြို့နယ်ရုံး၌ ၈-၈-၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေ၊ ရွှေတောင်မြို့နယ် ရှစ်လေးလုံးခေါင်းဆောင် ဦးဇော်မိုးကျော်၊ DPNS ပြည်ခရိုင်ဥက္ကဋ္ဌ ဦးအောင်မြင့်စိန်၊ ပြည်ခရိုင် ရှစ်လေးလုံးခေါင်းဆောင်တဦးဖြစ်သည့် ဦးချစ်ဆောင်ဦး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ပြည်)မှ ဦးညီညီ၊ သဲကုန်းမြို့နယ်လယ်သမားသမဂ္ဂမှ ဦးပေါက်စ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ရွှေတောင်)မှ ဦးသန်းထွန်း၊ ရွှေတောင်ရှစ်လေးလုံးရဲဘော် ဦးမင်းမော်သိန်းတို့က အမှတ်တရဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားရာတွင် ၈၈ အရေးတော်ပုံ၏ ရည်မှန်းချက်များဖြစ်သည့် ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေးတို့ကို မဖော်ဆောင်နိုင်သေးသည့်အတွက် နိုင်ငံရေးအင်အားစုများ၊ ပြည်သူများက ရှစ်လေးလုံး အရေးတော်ပုံစိတ်ဓာတ်ကို စွဲကိုင်ပြီး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ နိုင်ငံရေး အာမခံချက်မရှိဘဲ ငြိမ်းချမ်းရေးမရနိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးပြသနာများဖြေရှင်းနိုင်ဖို့အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ရန် အရေးကြီးကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)၊ လူ့ဘောင်သစ်လူငယ်၊ DPNS (ပြည်ခရိုင်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့၊ ပဲခူးတိုင်းအနောက်ခြမ်း ရှစ်လေးလုံးမျိုးဆက်ကျောင်းသား ရဲဘော်ဇော်နေမျိုးတို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး မျိုးဆက်သစ်ကမ္ဘာမကြေသီချင်း သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ခရိုင် နိုင်ငံရေးအင်အားစုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ဗကသ နှင့် အကသရဲဘော်များ၊ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ အရေးတော်ပုံကာလ တိုက်ပွဲဝင်ရဲဘော်များ၊ သဲကုန်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ၈၈ ငြိမ်း-ပွင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ခဲ့ကြပါသည်။