ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဒေသအဆင့်ပါတီစုံဆွေးနွေးပွဲကို မန္တလေးမြို့တွင် ၂၀၁၆ ဧပြီလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါသည်။

ထိုဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဦးတင်ကိုအောင်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်တို့ တက်ရောက်ပြီး ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို ဆွေးနွေးခဲ့ကြပါ သည်။

ပါတီသည် ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပါတီအနေဖြင့် မိမိတို့ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်နေရာများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို အာမခံနိုင်သည်ဟု ယူဆရသည့် ပါတီများ အနိုင်ရရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် ပါတီမှ မူချမှတ်ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် တနေရာမှ အနိုင်မရရှိခဲ့သော်လည်း မိမိတို့၏ လူထုကြားတွင် စည်းရုံးလှုပ်ရှားခဲ့ရသည့် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို ရရှိခဲ့ကြောင်း ထည့်သွင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။