ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရှရီရာမခရစ်ရှနခန်းမ၌ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းကို ဖေဖော်ဝါရီ ၇ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ UNDO၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အစရှိသည့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ ပွဲကျင်းပရခြင်းအကြောင်းရင်းကို ဖြစ်မြောက်ရေးကော်မတီကိုယ်စား ဦးငွေလင်း(DPNS)၊ အဖွင့်အမှာစကားကို ဦးကျော်မြင့်(ALD)၊ မန်းကျော်ငြိမ်း(UNA) တို့က ပြောကြားခဲ့ပြီး အဖွဲ့အစည်းပေါင်း ၃၄ ဖွဲ့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ဦးထွန်းဝင်းငြိမ်း(မှိုင်း-ငြိမ်းကွန်ရက်)က ဖတ်ကြားခဲ့ပါသည်။ ဦးဦးလှမြင့်(ALD)၊ ဦးစိုင်းညွန့်လွင်(UNA)၊ ဦးကြီးမြင့်(ဥပဒေပညာရှင်)၊ ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးသုတေသီ) တို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ စကားဝိုင်းကျင်းပရေးကော်မတီမှ တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
သဘောထားထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအား အကြမ်းဖက်သောင်းကျန်းသူများအဖြစ် တသမတ်တည်း ရှုတ်ချစွပ်စွဲနေခြင်းသည် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဆန့်ကျင်သည့် သဘောထားအား ဖော်ပြရာရောက်နေသဖြင့် ကန့်ကွက်ကြောင်း၊ ယခုဖြစ်ပေါ်နေသော ပြဿနာအား အပြုတ်တိုက်နည်းဖြင့် ဖြေရှင်း၍ မရနိုင်ဘဲ နှစ်ဘက်အပစ်အခတ်များကို ချက်ချင်းရပ်စဲလျက် စားပွဲဝိုင်းတွင် တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ အစိုးရနှင့် တပ်မတော်တာဝန်ရှိသူတို့၏ ပြောကြားချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းတောင်းဆိုကြောင်းတို့ကို ဖော်ပြထားပါသည်။

[ngg src=”galleries” ids=”500″ display=”basic_thumbnail”]