ရခိုင်ပြည်နယ်အရေးကို သမ္မတကိုင်တွယ်ဖြေရှင်းပေးရန် နိုင်ငံရေးအင်အားစုများတောင်းဆို

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

****ရပ်တည်ရှင်သန်ရေး အခက်အခဲများစွာကြုံနေသည့် စစ်ဘေးရှောင်များကို ပစ်မထားရန်တိုက်တွန်း

ရခိုင်ပြည်နယ်အရေးကို နိုင်ငံတော်သမ္မတကိုယ်တိုင် တိုက်ရိုက်ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် အလေးအနက်အကြံပြု တိုက်တွန်းကြောင်း နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးအင်အားစုများက သမ္မတထံပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့ အစည်းကိုးခုမှ ၁၄ ဦးပါ အဖွဲ့ သည် ဇွန်လ ၁၇ ရက်မှ ၂၁ ရက်ထိ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း တွေ့ရှိချက်များကို ဇွန်လ ၂၇ ရက်စွဲဖြင့် သမ္မတထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် အသေးစိတ်ဖော်ပြသည်။

‘‘ဒီကိစ္စ ပြည်ထောင်စုအဆင့်ဖြစ်တယ်။ သမ္မတအဆင့်ကိုင်မှရမယ်။ ကာချုပ်ကိုယ်တိုင် ညှိညှိ နှိုင်းနှိုင်းဆောင်ရွက်မှ ရမယ်ဆိုတာမျိုး ကျွန်တော်တို့ တွေးမိတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့ တင်ပြတာပါ’’ ရခိုင်ပြည်နယ်လေ့လာရေးအဖွဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဦးငွေလင်းက ပြောသည်။

ရခိုင်ဒေသ၌ လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများဆောလျင်စွာ ရပ်စဲရန် ဆောင်ရွက်ပြီး နိုင်ငံရေးအရ စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေ ရှာနိုင်ရေး သမ္မတကိုယ်တိုင် အားသွန်ခွန်စိုက်ကြိုးစားပေးရန် အလေးအနက်အကြံပြုတိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ ဦးမျိုးကျော်က ‘‘ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စတွေမှာ သမ္မတကပဲ တိုက်ခိုင်းလို့၊ သမ္မတကပဲ အပြစ်ချေမှုန်းဖို့ဆိုတာဟာမျိုးဖြစ်တယ်လေ။ ဆိုတဲ့အခါ ဒီနိုင်ငံမှာက ခေါင်းစဉ်လိုအပ်တဲ့အခါတော့ ဒီလိုမျိုးဆွဲသုံးတယ်။ အကယ်၍ သမ္မတက ရပ်ခိုင်းတယ်ဆိုရင်ကော ဒီတိုက်ပွဲကို ရပ်ပေးမလား။ ဒီကိစ္စဟာ ဖွဲ့စည်းပုံအရပြောမယ်ဆိုရင် အဓိကအရေးကြီးတာက သမ္မတပဲဖြစ်တယ်။ နိုင်ငံတော်ရဲ့ ဦးသျှောင်ဖြစ်တယ်လေ။ ဒါ ကြောင့် သမ္မတကိုယ်တိုင် ဒီကိစ္စကို ဆုံးဖြတ်ပေးဖို့ဆိုပြီး တင်တာပါ’’ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာအရပ်ရပ်ကို နိုင်ငံရေးပြဿနာအဖြစ် ရှုမြင်ပြီး နိုင်ငံရေးအရ လွတ်လပ်တန်းတူစွာ အပြန်အလှန် အသိအမှတ်ပြု ဆွေးနွေးအဖြေရှာရန် သမ္မတမှတစ်ဆင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တာဝန်ရှိသူအားလုံးကို အလေးအနက်အကြံပြုကြောင်း ပါရှိသည်။

အဆိုပါ နိုင်ငံရေးအင်အားစု ကိုးခုမှ ကိုယ်စားလှယ်အဖွဲ့၏ လေ့လာတွေ့ရှိချက်များတွင် စစ်ပွဲကြောင့် အရပ်သားများ သေဆုံး၊ဒဏ်ရာရမှု အခြေအနေ၊ စစ်ဘေးရှောင်စခန်းများတွင် မလုံမခြုံဒုက္ခကြီးစွာ နေထိုင်နေရမှုအခြေအနေ၊ စားနပ်ရိက္ခာမလောက်ငမှုအခြေအနေ၊ တိုက်ပွဲကြောင့် ဒေသခံများ စိုးရွံ့ထိတ်လန့်နေရမှုကို အသေးစိတ်ဖော်ပြထားသည်။

စစ်ဘေးရှောင်မိသားစုများ၏ ဒုက္ခများ ပြေလည်နိုင်သမျှ ပြေလည်မှုရရှိရေး ဖြေရှင်းပေးရန် အထူးလိုအပ်ကြောင်း သမ္မတထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

“တစ်ရက်ပစ်ထားလျှင် တစ်ရက် ဒုက္ခပိုကြီးလာနေပြီး ဘေးထွက်ဆိုးကျိုးများ သဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ပေါက်လာနိုင်သည့် အခြေအနေရောက်ရှိနေသဖြင့် အထူးအလေးထားဆောင်ရွက်ရမည့် အရေးကြီးကိစ္စဖြစ်သည်ဟု မိမိတို့က အခိုင်အမာသုံးသပ်မိပါသည်” ဟု နိုင်ငံရေးအင်အားစုများက ဆိုသည်။

ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်ဟူသော ကြွေးကြော်မှုဖြင့် နိုင်ငံရေးအင်အားစုများ စုပေါင်းလှုပ်ရှားဆောင်ရွက်နေပြီး ယခင်က တိုက်ပွဲများရပ်စဲရေး ဆောင်ရွက်ရန်၊ ပြဿနာများကို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းချက်များ စုပေါင်းထုတ်ပြန်ခဲ့ သည်။

28.6.2019 _ 7 Day Newspaper