မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အားကောင်းလာရေး ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

၂၀၁၆၊ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အားကောင်းလာရေး နှစ်ရက်တာ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို Danish Institute for Parties and Democracy(DIPD) နှင့် ဖန်တီးအိမ်(Women Political Action- 2015)တို့ကပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများအားကောင်းလာစေရေးအတွက် ပါတီတွင်း တန်းတူရေး ဖော်ဆောင်နိုင်သည့် အခြေအနေများနှင့် နိုင်ငံရေးပတ်ဝန်းကျင်ရှိ အမျိုးသမီးများပါဝင်မှု အခြေအနေများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆွေးနွေးတင်ပြခဲ့ပါသည်။

ပါတီအနေဖြင့် ပါတီ၏နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်းကောင်း၊ ပါတီ၏ ခေါင်းဆောင်မှုအဆင့်ဆင့်တွင်လည်းကောင်း အမျိုးသမီးများပါဝင်လာရေးအတွက် ရည်မှန်းချက်ထားပြီး အစဉ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပါတီသည် အသားအရောင်အရ၊ အယူဝါဒအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ လိင်အရ ခွဲခြားဆက်ဆံမှုကို လုံးဝလက်မခံပဲ ခွဲခြား ဆက်ဆံမှုများ ပပျောက်ကင်းစင်သွားရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။