ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး (၁/၂၀၁၆) ကို ကျင်းပပြုလုပ်

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေး (၁/၂၀၁၆) ကို ၂၀၁၆၊ ဇူလိုင်လ  ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပထမနေ့၌ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကားပြောကြားရာတွင် လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ပြောကြားခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် ဒီမိုကရေစီအင်အားစုများ၏ စုစည်းညီညွတ်မှုသည် အထူးအရေးကြီးကြောင်း၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များအနေဖြင့် တွေ့ကြုံလာရနိုင်သည့် အခက်အခဲ အကျပ်အတည်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုးချဲ့ရန် ရွေးချယ်ထားသော ဗဟိုကော်မတီဝင်အသစ်များကို အတည်ပြုပြီး တာဝန်ပေးအပ်ခဲ့သည်။ လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် သုံးသပ်ထားသည့် နိုင်ငံရေးအစီရင်ခံစာကို ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းက တင်ပြခဲ့ပြီး တက်ရောက်လာသော ရဲဘော်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုခဲ့ကြသည်။ ပြီးခဲ့သော ဗဟိုကော် မတီအစည်းအဝေးမှ ယခုအစည်းအဝေး ကျင်းပချိန်အထိ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းအစီရင်ခံစာနှင့် စည်းရုံးရေးခရီးစဉ်များ စီစဉ်ထားရှိမှုကို ပါတီအတွင်းရေးမှူး(၂) ဦးသီဟထွဋ်ခင်က တင်ပြပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဗဟိုစည်းရုံးရေး ကော်မတီဝင်များက လက်တွေ့ဆောင်ရွက်ထားသည့် လုပ်ငန်းအခြေအနေများနှင့် ကြုံတွေ့ရသော အခြေအနေများ၊ အခက်အခဲများကို တင်ပြ၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး ဒုတိယနေ့တွင် ပါတီ၏ လက်ရှိဘဏ္ဍာရေးအခြေအနေနှင့် ရေးဆွဲထားသည့် ၂၀၁၆ အတွင်း ပါတီ၏ ဆောင်ရွက်ရန်လုပ်ငန်းများကို ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းက တင်ပြကာ တက်ရောက်လာသော ရဲဘော်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုခဲ့ပါသည်။ ထို့နောက် ပါတီနှင့်မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း၊ မဟာမိတ် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရေး၊ တောင်သူလယ်သမား ရေးရာကော်မတီ၏ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ လူ့ဘောင်သစ်လူငယ် ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေ၊ ပါတီ Website စာမျက်နှာ ပြန်လည်ဖွင့်လှစ်ထားရှိမှု၊ ပါတီစာစဉ်ထုတ်ဝေရေးတို့နှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ၂-၆-၂၀၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့သော ပါတီဗဟိုကော်မတီဝင် ရဲဘော်မင်းနိုင်အတွက် ဝမ်းနည်းကြောင်းကိုလည်း အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့ကြပါသည်။