ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်၏ ဈာပန

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂-၆-၂၀၁၆ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် ဆုံးပါးသွားခဲ့ပါသည်။ ရဲဘော်မင်းနိုင်၏လုပ်ဖေါ်ကိုင်ဖက်များက (၁၉) ဦးပါ ဈာပနကော်မတီကို ထိုနေ့ နေ့လည်မှာ ဖွဲ့စည်းလိုက်ကြသည်။ ထိုကော်မတီနှင့် မိသားစုမှ ဦးဆောင်ကာ ဈာပနအခမ်းအနားကို ၄-၆-၁၆ ရက်နေ့လည် ၁းဝ၀ နာရီက ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ကြပါသည်။
ဈာပနအခမ်းအနားသို့ ရဲဘော်မင်းနိုင်၏ မိသားစုဝင်များ၊ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ်-အောက်ဗမာပြည် ( ၁၉၉၀-၁၉၉၁) အဖွဲ့ဝင်များ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးကော်မတီ) မှ အဖွဲ့ဝင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ AAPP-B အဖွဲ့ဝင်များ ၊ အလုပ်သမားအရေး-လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများ၊ ၈၈ အရေးတော်ပုံကာလမှ ယနေ့အချိန်အထိ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်များနှင့် ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရဲဘော်မင်းနိုင်၏ လုပ်ဖော်ကိုင်ဘက်များက အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အမိန့်ပြန်တမ်းကို ဖတ်ကြားခဲ့ပါသည်။ နေ့လည် ၂းဝ၀ နာရီတွင် ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို မီးသဂြိုဟ်၍ အရိုးပြာအိုးကို အမှတ်တရ ဂူသွင်းခဲ့ကြပါသည်။