ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၁၆ ရက်နေ့တွင် တောင်ဥက္ကလာပ၊ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင်များ၊ ကိုကိုးကျွန်းပြန်ရဲဘော်ကြီးများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးခင်မောင်မြင့်သည် အသက် ၁၅ နှစ်သားခန့်အရွယ်မှစတင်ကာ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သူဖြစ်သည်။ စစ်အစိုးရအဆက်ဆက်၏ အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခြင်းကို ခံရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့လည်း ပို့ဆောင်ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထောင်တွင်းတိုက်ပွဲများ၊ ကျွန်းစနစ်ဖျက်သိမ်းရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။ နိုင်ငံရေးဆောင်ရွက်မှုသမိုင်းတလျှောက်တွင် ဂျပန်တော်လှန်ရေး ဆက်သား၊ ရကသ၊ ဗကသ၊ တကသ အမှုဆောင်၊ ငါးခရိုင် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲ ပဲခူးစစ်ကြောင်းမှူး၊ ပြည်သူ့ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်၊ ပမညတ(ဌာနချုပ်) သဘာပတိအဖွဲ့ဝင်၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်(ဒမဖ) နာယကအဖွဲ့ဝင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ အင်းစိန်ထောင်တွင်း၌ အပြင်းအထန် နာမကျန်းဖြစ်ချိန်တွင် စစ်ထောက်လှမ်းရေး၏ တားဆီးပိတ်ပင်မှုကြောင့် အချိန်မီဆေးဝါးကုသခွင့် မရရှိဘဲ ၁၉၉၃၊ ဖေဖော်ဝါရီ၊ ၁၆ ရက်နေ့တွင် ကျဆုံးခဲ့ရသည်။

[ngg src=”galleries” ids=”509″ display=”basic_thumbnail”]