ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

(၉၊ ၆၊ ၂၀၁၉။ ရန်ကုန်။)

ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြို အခမ်းအနားကို ၂၀၁၉၊ ဇွန်လ၊ ၉ ရက်နေ့က ရန်ကုန်မြို့၊ စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆရာဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီက စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။ ဆရာဗန်းမော်တင်အောင်၏ မိသားစုဝင်များ၊ စာပေနှင့်နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဆရာ့အား ချစ်ခင်လေးစားကြသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရစ်ယာန်သင်းအုပ်ဆရာတော် ဦးကျော်ညွန့်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေး ရဲဘော်များကိုယ်စား ဦးကျော်စိုး၊ ဗန်းမော်တင်အောင်ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီကိုယ်စား ဆရာကိုလေးမြတ်၊ ရာပြည့်အထိမ်းအမှတ် ဗိမာန်ဆောက်လုပ်ရေးကော်မတီကိုယ်စား ကိုရန်ပိုင်စိုး၊ သားဖြစ်သူ ဦးဗဟိန်းအောင်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြသည်။ ဆရာဦးအံ့မောင်၏ ကဗျာကို ဆရာမိုဃ်းဇော်က ရွတ်ဆိုဂုဏ်ပြုခဲ့ပါသည်။
ဆရာဗန်းမော်တင်အောင်သည် ဂျပန်တော်လှန်ရေးကာလမှစတင်၍ မြန်မာ့လွတ်လပ်ရေး၊ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် စာပေလက်နက်ဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါသည်။ စာပေလောကသို့ ၁၉၃၈ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး နောက်ဆုံးပြုစုခဲ့သောစာအုပ်မှာ “လူ” ဖြစ်သည်။ ယုံကြည်ချက်ကို စာပေဖြင့် တင်ပြရုံမက လူထုလှုပ်ရှားမှုတိုက်ပွဲများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ ဖဆပလအစိုးရခေတ်တွင် စာပေအရေးအသားကြောင့် ပထမဆုံးအဖမ်းခံရသူဖြစ်သည်။ အကျဉ်းထောင်နှင့် ကိုကိုးကျွန်းတွင် စုစုပေါင်း ၁၃ နှစ်ခန့် နေထိုင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်တွင် “မမကြီး”ဝတ္ထုရှည်အတွက် စာပေဗိမာန်ဆု ပေးအပ်ခြင်းခံရသော်လည်း ဆုလက်ခံရယူခြင်း မပြုခဲ့ပေ။ ၁၉၇၈ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ရန်ကုန်ဆေးရုံ၌ ကွယ်လွန်ခဲ့ပါသည်။

[ngg src=”galleries” ids=”603″ display=”basic_thumbnail”]