ပြည်မြို့တွင် ပြုလုပ်သည့် (၅၄) နှစ်မြောက် ၇ ဇူလိုင် အခမ်းအနားသို့ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပြည်မြို့တွင် ပြုလုပ်သည့် (၅၄) နှစ်မြောက် ၇ ဇူလိုင် အခမ်းအနားသို့ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်
ပြည်ခရိုင် ဗကသများအဖွဲ့ချုပ်က ဦးစီးကျင်းပသော (၅၄) နှစ်မြောက် ၇ ဇူလိုင် အခမ်းအနားကို ပြည်မြို့ အိုးဝေပညာဒါန ကျောင်းတွင် ၇- ၇- ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ခရိုင်ဗကသဥက္ကဋ္ဌဟောင်း ဦးလှချစ်၊ ၁၉၆၂ ကျောင်းသားဟောင်း ဦးအုန်းကျော်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)မှ ဦးချစ်ဆောင်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။
ထို့ပြင် ဗကသများအဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သော တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်ချက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်နှင့် ပြည်ခရိုင်၊ လူ့ဘောင်သစ်လူငယ်၊ ဗကသများအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်)မှ ပေးပို့သော သဝဏ်လွှာတို့ကို ဖတ်ကြားပြီး ဂုဏ်ပြု ကဗျာများလည်း ရွတ်ဆိုခဲ့ကြပါသည်။
ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားရာတွင် ဇူလိုင် ၇ အရေးတော်ပုံသည် မပြီးဆုံးသေးကြောင်း၊ ဗကသ မူ ၅ ချက်သည် ယနေ့အချိန်ထိတိုင် မှန်ကန်နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီမရသေး၊ မငြိမ်းချမ်းသေး၊ စစ်အာဏာရှင်စနစ် မကုန်စင်သေးသဖြင့် ဆက်လက်ရုန်းကန်ကြရာတွင် ဗကသ မူ ၅ ချက်ကို ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင်ရဦးမည်ဖြစ်ကြောင်း၊ အစဉ်အလာကြီးမားသော ဗကသသမိုင်းကို ရိုင်းအောင်လုပ်လျှင် လုပ်သူများ၏သမိုင်းသာ ရိုင်းမည်ဖြစ်ကြောင်း စသည့်အချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။