ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ၆ လပတ် အစည်းအဝေးသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ၆ လပတ် အစည်းအဝေးကို ၂၀၁၆၊ ဧပြီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပ ခဲ့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သဖြင့် ထိုအစည်းအဝေးကို ပါတီမှ ဒေါ်နှင်းနှင်းမွှေးက တာဝန်ယူ၍ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် NNER လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာ၊ ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရွှေ့ပြောင်းဒေသနှင့် ဒုက္ခသည်စခန်းများ၏ ပညာရေးအခြေအနေတို့ကို လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခဲ့ကြပါသည်။

အစည်းအဝေးသို့ ကျောင်းသားများ၏ ရပ်တည်ချက် သဘောထားများနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီကိုယ်စား ကိုနန္ဒာစစ်အောင်က လည်းကောင်း၊ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂကိုယ်စား ကိုမင်းလွင်ဦးက လည်းကောင်း၊ မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုယ်စား ကိုဗထူးခန့်က လည်းကောင်း တင်ပြခဲ့ကြပါသည်။

NNER ၏ပညာရေးမူဝါဒကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ကိုက်ညီသော ပညာရေးမူဝါဒအဖြစ် သတ်မှတ်ကျင့်သုံးရန်နှင့် NNER ဖွဲ့စည်းမှုဆိုင်ရာအဆိုများကို ဒေါက်တာသိန်းလွင်က တင်သွင်းပြီး အစည်းအဝေး တက်ရောက်လာသူများက အတည်ပြုခဲ့ကြပါသည်။ ထို့အပြင် NNER ၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း အပိုင်း ၃ ပိုင်းခွဲကာ ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

ဒုတိယနေ့ဖြစ်သည့် (၂၄-၄-၂၀၁၆) ရက်နေ့တွင် ဖက်ဒရယ်နိုင်ငံတော်နှင့် ဒီမိုကရေစီပညာရေးစနစ်ခေါင်းစဉ်ဖြင့် ပညာရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ (၁) ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးနှင့်ပညာရေး၊ (၂) ဖက်ဒရယ်နိုင်ငံနှင့် ဒီမိုကရေစီ ပညာရေးစနစ်၊ (၃) ပညာရေးအရည်အသွေး၊ (၄) ပညာရေး အခွင့်အလမ်းများ ခေါင်းစဉ်တို့ဖြင့် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပညာရေးဌာနများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပညာရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ NNER ကွန်ရက်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၆၀ဝ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။