ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ပထမနေ့

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေး ပထမနေ့ကို ၁၀-၁၂-၁၆ ရက်နေ့က ရန်ကုန်မြို့၊ ကရင်ခြံ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒေါက်တာမင်းသိန်းနှင့် ဒေါက်တာသိန်းလွင်တို့က မြန်မာနိုင်ငံပညာရေးစနစ်၏ ယခင်နှင့်ယခု အခြေအနေ နှိုင်းယှဉ်ချက်၊ NNER က ပြည်တွင်း၊နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် အခြေအနေများ၊ ကမ္ဘာ့ပညာရေးညီလာခံ၏ ရရှိချက်၊ရည်မှန်းချက်များနှင့် NNER မူဝါဒများ ကိုက်ညီနေကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်သင့်သည့်ကိစ္စများကို NNER လုပ်ငန်းအဖွဲ့အသီးသီးက တင်ပြဆွေးနွေးခဲ့ကြပါသည်။ ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အဖွဲ့ဝင်များလိုက်နာရန် စည်းကမ်းများကိုလည်း ဆွေးနွေးသတ်မှတ်ခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း အစည်းအဝေးတက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် မိမိတို့ပါတီ၏ ပညာရေးမူဝါဒသည် “လူတိုင်းအတွက် ပညာရေး” ဟူသည့်အချက်ပေါ်တွင် အခြေခံထားသဖြင့် NNER ၏ ပညာရေးမူဝါဒနှင့် တူညီကြောင်း၊ NNER ပညာရေးမူဝါဒများ ပြည်သူလူထုကြားတွင် ပိုမိုသိရှိ နားလည်လာစေရေးအတွက် ဆွေးနွေးပွဲများ၊ အသိပညာမျှဝေပွဲများ၊ ပုံမှန်ထုတ်ဝေသည့် စာစဉ် စသည့်နည်းလမ်းများ အသုံးပြုသင့်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။