ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွဲခံရမှု တစ်နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

၁၀- ၃- ၂၀၁၆ ရက်နေ့ နံနက် ၁၀:၁၀ နာရီက လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန်ကျောင်းတိုက်၌ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှု တစ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ အနယ်နယ် အရပ်ရပ်ရှိ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်များ၊နိုင်ငံရေးပါတီများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ဝန်းရံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပါတီသည် အမျိုးသားပညာရေးဥပဒေတရပ် အခိုင်အမာ ထွက်ပေါ်လာရေး လှုပ်ရှားမှု တလျောက်လုံးတွင် တက်ကြွစွာ ပါဝင်ခဲ့သလို ကျောင်းသားများနှင့် ဝန်းရံပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ တရားမဲ့စွာ တရားစွဲဆိုနေခြင်းများအပေါ်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

တစ်နှစ်ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ ပြည်ခရိုင်မှ ပါတီဝင်ရဲဘော်များ၊ ပြည်ခရိုင် လူ့ဘောင်သစ်လူငယ်များ စုံစုံညီညီဖြင့် အလေးထားစွာ တက်ရောက်ခဲ့ကြသည်။

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)အဖွဲ့ဝင်များ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအဖွဲ့ဝင်များ၊ ဖမ်းဆီးခံကျောင်းသားမိဘများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ ဒေသခံပြည်သူများလည်း တက်ရောက်ခဲ့ကြပါသည်။

ပါတီသည် ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွဲခံရမှု တစ်နှစ်ပြည့်အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ထိုသဝဏ်လွှာကို အခမ်းအနားတွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်တဦးက ဖတ်ကြားပေးခဲ့ပါသည်။

အခမ်းအနားတခုလုံးမှ ဖမ်းဆီးထားသောကျောင်းသားများနှင့် ဝန်းရံပြည်သူများအားလုံးကို အစိုးရနှင့် တာဝန်ရှိသူတို့မှ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါသည်။