တောင်သူလယ်သမားရေးရာကိစ္စများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ

တောင်သူလယ်သမားရေးရာကိစ္စများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို ၁-၃-၁၆ ရက်နေ့က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသော ပါတီရဲဘော်များ၊ ပါတီဗဟိုဦးဆောင်ကော်မတီဝင်ရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ညှိနှိုင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ တောင်သူလယ်သမားပြဿနာများနှင့် ပတ်သက်၍ ပါတီ၏ စဉ်းစားထားချက်များကို ရှင်လင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ရဲဘော်များက ဒေသအလိုက် တောင်သူလယ်မားများ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နေမှုဆိုင်ရာ အခြေအနေများကို တင်ပြခဲ့ကြပါသည်။

ထို့နောက် ၂၀၁၆ အတွင်း ပါတီမှဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် (၁၁) ရပ်ကို ချမှတ်၍ တောင်သူလယ်သမားရေးရာကော်မတီ (ယာယီ)ကို ဖွဲ့စည်းခဲ့ပါသည်။ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှ ဦးသန့်စင်ကို ကော်မတီ၏ တာဝန်ခံအဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ဦးကျော်မိုးလှိုင်ကို ဒုတိယတာဝန်ခံအဖြစ်လည်းကောင်း ညှိနှိုင်းဆွေးနွေးပွဲမှ ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။ ဧရာဝတီတိုင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက ကျေးဇူးတင်စကား ပြောကြားပြီးနောက် ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။