တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဒီဇင်ဘာ၊ ၂၁-၂၂၊ ၂၀၁၉။ မအူပင်မြို့။

ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ တပွတ္တနောင်ကြီးကျေးရွာ၊ ပညာရံသီနှစ်ကျိပ်ရှစ်ဆူကျောင်းတိုက်၌ ဒီဇင်ဘာလ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲပထမနေ့တွင် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဒေသဆိုင်ရာပြဿနာများ၊ တောင်သူလယ်သမားနေ့အပေါ်သဘောထား၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့တွင် တောင်သူလယ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

၁၉၃၀၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံဦးဆောင်သည့် လယ်သမားတော်လှန်ရေးတပ်ကြီးက ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့ကို စတင်တော်လှန်ခဲ့ကြသည်။ ၁၉၆၂၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ၎င်းနေ့ကို တောင်သူလယ်သမားနေ့အဖြစ် အာဏာသိမ်းစစ်အစိုးရက သတ်မှတ်ခဲ့သည်။

၎င်းလုပ်ရပ်သည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ကြိုးပမ်းအားထုတ်မှုဖြစ်ပြီး လယ်သမားတော်လှန်ရေးတပ်ကြီးက နယ်ချဲ့အင်္ဂလိပ်တို့အား လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည့် ဒီဇင်ဘာလ ၂၂ ရက်နေ့သည်သာ တောင်သူလယ်သမားနေ့ ဖြစ်ကြောင်း နိုင်ငံရေး အင်အားစုများ၊ တောင်သူလယ်သမားသမဂ္ဂများနှင့် တောင်သူလယ်သမားများက သဘောတူ သတ်မှတ်ခဲ့ကြပါသည်။

ထို့ပြင် ရဟန်း၊ ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနှင့် တောင်ပေါ်မြေပြန့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အပါအဝင် တောင်သူလယ်သမားများ ညီညွတ်စွာဖြင့် လက်တွဲတိုက်ပွဲဝင်ကြမှသာလျှင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ အသစ်ပြန်လည် ရေးဆွဲနိုင်မည်ဖြစ်ပြီး စစ်အာရှင်စနစ်ကိုလည်း အမြစ်ဖြတ်ချေမှုန်းနိုင်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်ကိုလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအပါအဝင် အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့ က ထုတ်ပြန်ခဲ့ကြပါသည်။

၎င်းဆွေးနွေးပွဲနှင့် အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာကော်မတီမှ ဦးတိုးတိုးထွန်း တက်ရောက်ဆွေးနွေးခဲ့ပြီး ပါတီမှပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ဓာတ်ပုံ ။ ။ CP News Agency .

[ngg src=”galleries” ids=”751″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]