တပ်မတော်က နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ပတ်သက်နေမှုမှ အမြန်ဆုံးဆုတ်ခွာသင့်ဟု အဖွဲ့အစည်း ၁၀ဝ ကျော်တိုက်တွန်း

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

အခြေခံဥပဒေပြင်ဆင်ရေးတွင် ပူးပေါင်းပါဝင်ရန်နှင့် တစ်ပြည်လုံးအပစ်ရပ်စဲရေး ဆောင်ရွက်ရန် တောင်းဆို

Mon, 2019-06-03 04:18, 7 Day News

တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ဆုပ်ကိုင်ပတ်သက်နေမှုများမှ အမြန်ဆုံးဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးတာဝန်ကို နိုင်ငံတော်အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်စေလိုကြောင်း နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်း ၁၀ဝ ကျော်က ကြေညာချက် ထုတ်ပြန်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့ (UNA)အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့ များ စုစုပေါင်းအဖွဲ့အစည်း ၁၂၂ ဖွဲ့မှ ကိုယ်စားလှယ်များသည် ယမန်နေ့ (ဇွန်လ ၂ ရက်) က ရန် ကုန်မြို့၌ တွေ့ဆုံပြီး စစ်ပွဲများ ရပ်ဆိုင်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အဖြေရှာရေး၊ တပ်မတော်နှင့်ပတ်သက်ပြီး ၎င်းတို့အဖွဲ့များ၏ သဘောထားအမြင်များကို ထုတ်ပြန်ကြေညာခဲ့သည်။

‘‘နိုင်ငံရေးထဲမှာ တပ်အနေနဲ့  ဒီလိုပါဝင်နေတဲ့ဟာက တိုင်းပြည်အတွက်လည်း မကောင်းဘူး။ ဒီမိုကရေစီလုပ်ဟန်အရလည်း မကောင်းဘူး၊ ပြောရရင် တပ်ရဲ့ ဂုဏ်သိက္ခာပိုင်းအရလည်း မကောင်းဘူးလို့ယူဆပါတယ်’’ ဟု ပူးတွဲထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးငွေလင်းက ပြောသည်။

သဘောထားထုတ်ပြန်မှု တွင် ပါဝင်သည့် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ  ဦးထွန်းဦးကလည်း လက်ရှိ တပ်မတော်၏အခန်းကဏ္ဍသည်အစိုးရ အောက်တွင်မရှိဘဲ  သူ့နည်းသူ့ဟန်ဖြင့် ရပ်တည်နေသည့် လုပ်ဆောင်ချက်များကို မြင်တွေ့ရ ကြောင်း၊ တပ်မတော်၏ အာဏာသည် ၁၉၆၂  အာဏာသိမ်းပြီး ကတည်းက လက်ရှိအချိန်ထိ ဆုတ်ယုတ်ခြင်း မရှိကြောင်း၊  ဒီမိုကရေစီကာလဟု ပြောဆိုနေ သော်လည်း လက်ရှိအခြေအနေသည် အစိုးရနှစ်ရပ်အသွင် ဖြစ်ပေါ်နေ၍ တိုင်းပြည်အတွက် နစ်နာစေကြောင်း မှတ်ချက်ပြုသည်။

‘‘ဒီအခြေအနေနဲ့တော့ ရှေ့ ကိုသွားလို့ကတော့ တိုင်းပြည်က ပိုကောင်းလာမှာ မဟုတ်ဘူး။ ဆုံးရှုံးနစ်နာမှုတွေများမယ်လို့ ယူဆတဲ့အတွက် စစ်တပ်အနေနဲ့ နိုင်ငံတကာရဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေလည်း ရှိပြီးသားပဲ။ စစ်တပ်သည် တပ်အနေနဲ့ ရပ်ပါ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ် ရေးကိုရပ်တည်ပါ။ တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံတော်သမ္မတရဲ့ လက်အောက်မှာ သူဟာ ကောင်းမွန်တဲ့အစဉ်အလာ ကောင်းတစ်ခုအနေနဲ့ ထိန်းသိမ်းပြီးတော့  ဆက်လက်ရပ်တည်စေချင်တယ်’’ ဟု ဦးထွန်းဦးက ပြောသည်။

 ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန်၊ ဖျက်ရန်၊ အသစ်ရေးဆွဲရန် လှုပ်ရှားမှုများတွင်လည်း ပူးပေါင်းပါဝင်ခြင်းဖြင့် အခွင့်အလမ်းကောင်းတစ်ရပ်ကို ရယူရန် တပ်မတော်ကို အလေးအနက် တိုက်တွန်းတောင်းဆိုသည်ဟု အဖွဲ့အစည်း ၁၀ဝ ကျော်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ရခိုင် ဒေသအပါအဝင် တစ်နိုင်ငံလုံး၌ အပစ်ရပ်စဲကြောင်း ဦးစွာအစပြုပြီး ကြေညာပေးရန်လည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ 

ထို့အပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အနေဖြင့်လည်း စစ်ရပ်စဲကြောင်း ကြေညာပေးရန်၊ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ် ကြေညာပေးရန်၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဘာသာရေးခေါင်းဆောင်များ၊ တတ်သိပညာရှင်များစသည့် ကိုယ်စားလှယ်များဖြင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်လည်း အဖွဲ့အစည်း ၁၀ဝ ကျော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

.အောင်ဇော်ထွန်း