ဋ္ဌာနချုပ်ရဲဘော်များနှင့် ဘားအံမြို့နယ်စည်းရုံးရေးကော်မတီတို့ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

၂- ၇- ၂၀၁၆ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးတရပ် ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများအောက်တွင် ဆောင်ရွက်နေမှုများကို နှစ်ဖက်အပြန်အလှန် အစီရင်ခံကြပါသည်။ ဦးငွေလင်းက ယနေ့ကာလ ပါတီ၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်ရန်များကို ဆွေးနွေးတင်ပြပြီး ပါတီစည်းရုံးရေးကော်မတီများ ကြံ့ခိုင်သန်စွမ်းရေးဆိုင်ရာများကို အပြန်အလှန် ညှိနှိုင်းခဲ့ကြပါသည်။
စည်းရုံးရေးကော်မတီစုဖွဲ့ရာတွင် အမျိုးသမီးများနှင့် လူငယ်များ ပါဝင်စုဖွဲ့နိုင်ရေးကိုလည်း အလေးအနက်ထားပေးဖို့ ဒေါ်နှင်းနှင်းမွှေးက အကြံပြုတိုက်တွန်းခဲ့ပါသည်။
တဆက်တည်း မိမိတို့ပါတီအနေဖြင့် ဆောင်ရွက်သွားကြရမည့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများနှင့် ပတ်သက်၍လည်း အစည်းအဝေးတွင် အကျယ်အပြန့် ဆွေးနွေးခဲ့ကြပါသည်။
၃-၇-၂၀၁၆ ရက်နေ့တွင် ဋ္ဌာနချုပ်ရဲဘော်များနှင့် ဘားအံစည်ရုံးရေးကော်မတီဝင်များသည် ဘားအံမြို့နယ်စည်းရုံးရေး ကော်မတီရုံးခန်းသို့ သွားရောက်ခဲ့ကြပြီး ပါတီဆိုင်းဘုတ်အသစ် ပြန်လည်တပ်ဆင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါသည်။