ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၂ နှစ်မြောက်နှင့် ဂူဗိမာန် နှစ် ၅၀ မြောက်အခမ်းအနား ကျင်းပ

ပါတီလှုပ်ရှားမှုများ

ငြိမ်းချမ်းရေးပိသုကာ၊ မျိုးချစ်စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်မြောက်နှင့် ဂူဗိမာန် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ၂၁- ၇- ၁၆ ရက်နေ့မှ ၂၃- ၇- ၁၆ ရက်နေ့အထိ သုံးရက်တာ ကျင်းပခဲ့ပါသည်။ ၂၁- ၇- ၁၆ ရက်နေ့တွင် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲ ကျင်းပခဲ့ရာ ဆရာဦးအံ့မောင်(မုံရွာ)က အဖွင့်အမှာစကား ပြောကြားပြီးနောက် သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးထွန်းဝင်းငြိမ်းက ကဗျာရွတ်ဆိုပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆရာကြည်နိုင်၊ ချစ်ဦးညို၊ မောင်နွေထက်တို့က ဆရာကြီး၏ လေးချိုးများကို ရွတ်ဆိုဂါရဝပြုခဲ့ကြပါသည်။ မောင်မှိုင်းလွင်(အင်းဝ)၊ မအိ၊ ခင်မောင်အေး-ပခုက္ကူ၊ ပြည်-ချစ်ဆောင်၊ ကိုတော-မုံရွာ၊ ရွှေကြယ်မိုး၊ လင်းမြတ်အိမ် အစရှိသည့်ကဗျာဆရာများကလည်း ငြိမ်းချမ်းရေးကဗျာများ ဂုဏ်ပြုရွတ်ဆိုခဲ့ကြပါသည်။

၂၂- ၇- ၁၆ ရက်နေ့တွင် ငြိမ်းချမ်းရေးစာတမ်းဖတ်ပွဲ ကျင်းပခဲ့ရာ မှိုင်းငြိမ်းကွန်ရက်နာယကအဖွဲ့ဝင် ဆရာဦးအံ့မောင် (မုံရွာ)က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် “ဇာတိမာန်စာဆို၏ ကလောင်အစွမ်း” ခေါင်းစဉ်ဖြင့် ဆရာကြည်နိုင်ကလည်းကောင်း၊ “မဟာကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးအိမ်ကလေးထဲက နောက်ဆုံးငြိမ်းချမ်းရေးစကား” ခေါင်းစဉ်ဖြင့် ဆရာမောင်နွေထက်ကလည်းကောင်း၊ “Saya Hmaing’s Woes” ခေါင်းစဉ်ဖြင့် ဆရာဘိုးလှိုင်ကလည်းကောင်း၊ “ဆရာမှိုင်းအလွန်နှစ်ငါးဆယ် သမိုင်းကြောင်းကို ငဲ့စောင်းကြည့်ခြင်း” ခေါင်းစဉ်ဖြင့် ဆရာထွန်းထိန်(ရေနံမြေ)ကလည်းကောင်း၊ “ငြိမ်းချမ်းရေးက မငြိမ်းချမ်းသေးလို့ ပြည်တွင်းစစ်ကြီး ရပ်ပါတော့” ခေါင်းစဉ်ဖြင့် ဆရာမောင်အောင်ပွင့်ကိုယ်စား ဦးဝင့်သူကလည်းကောင်း စာတမ်းများ ဖတ်ကြားခဲ့ကြပါသည်။ ထို့နောက် နော်ဝေနိုင်ငံမှ ဆရာဇေမှိုင်း ပေးပို့သော “ကြာခဲ့သော်လည်း” နှင့် “ဝေနေတဲ့မိုးစက်မှိုင်း” ကဗျာနှစ်ပုဒ်ကို ဦးထွန်းဝင်းငြိမ်းမှ ကိုယ်စားရွတ်ဆိုပေးခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်မြောက်နှင့် ဂူဗိမာန် နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၃- ၇- ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက်တို့၏ နာယကအဖွဲ့ဝင် ဆရာဦးအံ့မောင်(မုံရွာ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်၊ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် ဦးတင်အေးကြူ (မောင်မှိုင်းလွင်-အင်းဝ)၊ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုတို့က ဂုဏ်ပြု အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ဂူဗိမာန်သမိုင်းအကျဉ်းကို ဒေါ်ခင်ညိုလွင်ကလည်းကောင်း၊ ငြိမ်းချမ်းရေးကွန်ရက်၏ သဘောထားထုတ်ပြန်ချက်ကို ဦးမြင့်စန်းကလည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားရာတွင် ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေး အယူအဆသည် ယခုအချိန်ထိ ခေတ်မီမှန်ကန်နေဆဲဖြစ်ကြောင်း၊ ယနေ့အခြေအနေသည် ဒီမိုကရေစီရပြီ ငြိမ်းချမ်းရေးရပြီဟု မပြောနိုင်သေးကြောင်း၊ ငြိမ်းချမ်းရေးကိစ္စသည် တဦးတယောက်ကောင်း တဖွဲ့ကောင်းပုံစံဖြင့် လုပ်ဆောင်၍ မရကြောင်း၊ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ခွင့်ရဖို့ အရေးကြီးကြောင်း၊ တနိုင်ငံလုံးနှင့် သက်ဆိုင်သည့်အတွက် အမျိုးသားအဆင့် ငြိမ်းချမ်းရေးညီလာခံဖြစ်ဖို့ လိုအပ်ကြောင်း၊ မကြာသေးမီက ဖွဲ့စည်းခဲ့သည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့တွင် များစွာ အနှောက်အယှက် အဟန့်အတားဖြစ်စေသဖြင့် မရှိသင့်ကြောင်းတို့ကို ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

တော်ဘုရားကလေးမိသားစုကလည်း သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး တော်ဘုရားကလေးစာပေဆုနှင့် ပတ်သက်၍ သမီးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထိုက်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီများ၊ ဗကသများအဖွဲ့ချုပ်ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ နိုင်ငံရေးအခြေပြု လူထုအဖွဲ့အစည်းများ၊ လူငယ် စွမ်းရည်မြှင့်သင်တန်းကျောင်းသားများ၊ ဆရာကြီးကို ချစ်ခင်လေးစားကြသူများ၊ ဆရာကြီး၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။