“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်း ကျင်းပပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ၊ ၂ ရက် နေ့လည် ၁းဝ၀ နာရီမှ ၄းဝ၀ နာရီအထိ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပခြင်းလည်းဖြစ်သည်။
ဤစကားဝိုင်းကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ UNA၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ UNDO၊ လူ့ဘောင်သစ်လူငယ်၊ SYCB၊ ကရင်အမျိုးသမီးအစည်းအရုံး၊ DPW၊ SDUF အစရှိသည့် အဖွဲ့အစည်းများက ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။

(၁) ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွါးနေသော စစ်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်စဲသွားစေရန်၊
(၂) စားပွဲဝိုင်းတွင် နိုင်ငံရေးအရ တန်းတူရည်တူ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေး အဖြေရှာမှုများ အမြန်ဆုံး ဖြစ်ပေါ်လာစေရန်၊
(၃) ဒီမိုကရေစီအခွင့်အလမ်းများနှင့် ဒီမိုကရေစီလုပ်ဟန်များ ပိုမိုထွန်းကား ပြန့်ပွါးလာစေရန်၊
ဟူသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ပါသည်။

စကားဝိုင်းကို ဦးကြီးမြင့်(ဥပဒေပညာရှင်)၊ ဒေါ်ဥမ္မာမျိုး(ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်)၊ စိုင်းကျော်ညွန့်(တွဲဖက်အထွေထွေအတွင်းရေးမှူး-SNLD)၊ ဦးခိုင်ကောင်းစံ(အမှုဆောင်ဒါရိုက်တာ-ဝံလက်ဖောင်ဒေးရှင်း)တို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပြီး အကျိုးဆောင်အဖြစ် ဦးသွင်လင်းအောင်က ဆောင်ရွက်ပေးခဲ့ပါသည်။

နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၃ ဖွဲ့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင်

  • တပြည်လုံး ထိုးစစ်၊ တိုက်စစ် စစ်ရေးလှုပ်ရှားမှုအားလုံး (တပ်မတော်ဘက်က အစပြုပြီး) ရပ်ဆိုင်းရန်၊
  • NCA၊ ၂၁ ရာစုပင်လုံသာမက နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သည့် အခြားဖြစ်နိုင်ခြေနည်းလမ်းပေါင်းစုံ လက်ခံပြီး ဆွေးနွေးအဖြေရှာကြရန်၊
  • သတင်းမီဒီယာများအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပြုရန်၊
  • အကြမ်းဖက်သောင်းကျန်းသူ၊ မတရားအသင်း စသည့် ပုဒ်မများဖြင့် ကန့်သတ်၊ ပစ်ပယ်၊ ပထုတ်၊ ချန်လှပ်ထားမှု အမိန့်ဥပဒေများ ပယ်ဖျက်ပေးရန်၊
  • မြောက်ဦးဒေသအား စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံး သတ်မှတ်ကြေညာပေးရန်၊
  • အစိုးရ၊ တပ်၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့နှင့် သာသာရေးခေါင်းဆောင်များ၊ တတ်သိပညာရှင်များ စသည့် ကိုယ်စားလှယ်များဖြင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်တို့ကို တောင်းဆိုထားပါသည်။
[ngg src=”galleries” ids=”597″ display=”basic_thumbnail”]