စစ်ပွဲချက်ချင်းရပ်ရန် တောင်းဆို

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဖဒူ ထွန်းအောင်/DMG
ဇွန်လ ၂၊ စစ်တွေ

တပ်မတော်က ဦးစွာအစပြုပြီး ရခိုင်ပြည်နယ်အပါအဝင် တစ်ပြည်လုံးတွင် ထိုးစစ်ရပ်စဲကြောင်း ကြေငြာပေးရန် ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” နိုင်ငံရေးစကားဝိုင်းတွင် ပါတီနှင့် နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်ခန့်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်သူများ နေ့စဉ်ခံစားနေကြရသည့် ဒုက္ခများအပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် မြောက်ဦးဒေသအား စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံး သတ်မှတ်ကြေငြာပေးရန်လည်း အစိုးရနှင့်တပ်မတော်ကို တောင်းဆိုထားသည်။

တပ်မတော်ဘက်က စစ်ရပ်စဲရန်လိုအပ်သကဲ့သို့ ရက္ခိုင့်တပ်တော်(AA)အနေဖြင့်လည်း စစ်ရပ်စဲကြောင်း ကြေငြာပေးရန် ၎င်းတို့ကတောင်းဆိုသည်။ ရခိုင်အပါအဝင် တိုင်းရင်းသားအားလုံးက စစ်ရေးအရ တိုက်ခိုက်နေခြင်းမှာ ဒီမိုကရေစီအရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြရသော နိုင်ငံရေးပြဿနာကြောင့် ဖြစ်သည်ဟု ၎င်းတို့က ရှုမြင်ကြသည်။

ထို့ကြောင့် အင်အားသုံး ဖိအားပေးပြီး လက်နက်ချခိုင်းခြင်း၊ ကြည်း-ရေ-လေ စစ်အင်အားသုံးပြီး အမြစ်ပြတ်ချေမှုန်းနေခြင်းများကိုလည်းကောင်း၊ ရခိုင်ပြည်သူများကို တရားမဲ့ပြုကျင့်နေခြင်းများကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တပ်မတော်က တိုင်းစစ်ဌာနချုပ် (၅)ခုအား အပစ်အခတ်ရပ်စဲရန် ကြေငြာရာတွင်လည်းကောင်း၊ အပစ်ရပ်ကာလ သက်တမ်းတိုးမြှင့်ရာတွင်လည်းကောင်း ရခိုင်ဒေသအား ချန်လှပ်ထားခြင်းမှာ တရားမျှတမှုမရှိဟု ယူဆကြောင်း ၎င်းတို့က ဆိုကြသည်။

“အခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နိုင်ငံရေးပြဿနာအဖြစ် လက်ခံပြီး လွပ်လပ်၊ တန်းတူ၊ အပြန်အလှန်လေးစား၊ တရားမျှတမှု အခြေခံနဲ့ စားပွဲဝိုင်းတွင် အမြန်ဆုံးအဖြေရှာရန် လိုအပ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ပွဲများရပ်စဲရေးအပါအဝင် NCA ၊၂၁ ရာစု ပင်လုံသာမက နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သည့် အခြားဖြစ်နိုင်ခြေ နည်းလမ်းပေါင်းစုံလက်ခံပြီး ဆွေးနွေးအဖြေရှာကြရန်၊ သတင်းမီဒီယာများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပြုရန်၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြရန်လည်း ၎င်းတို့က တိုက်တွန်းသည်။

ထုတ်ပြန်ချက် ပူးတွဲထုတ်ပြန်သည့် အဖွဲ့အစည်းများတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည့်အဖွဲ့များ ပါဝင်သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းက စတင်တိုက်ပွဲပြင်းထန်လာပြီး တိုက်ပွဲကြောင့် အရပ်သားများ ကျည်ထိမှန်မှု၊ ဖမ်းဆီးခံရမှုများအပြင် လက်နက်ကြီးကျည်ဆန်ထိမှန်မှုကြောင့် လူပေါင်းများစွာ သေဆုံးမှုများရှိလာသည်။

(ပုံစာ- ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ရပ်တန့်ပေးရန် ပြီးခဲ့သည့် မေလအတွင်းတွင် စစ်တွေမြို့တွင် ဆန္ဒ ဖော်ထုတ်ကြစဉ်။ ဓာတ်ပုံ – သက်နိုင်)