ကျေးလက်လူထုလှုပ်ရှားမှုများကို ဝန်းရံမည့် ကော်မတီတစ်ရပ်ကို DPNS နှင့် နိုင်ငံရေးအင်အားစုများ စုပေါင်းဖွဲ့စည်း

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

( ၁၊ သြဂုတ်၊ ၂၀၁၉ နေ့ထုတ် Daily ELEVEN သတင်းစာ )

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာကိစ္စ အပါအဝင် ကျေးလက်ဒေသ လူထုလှုပ်ရှားမှုများကို ကူညီဝန်းရံရေး ရည်ရွယ်သည့် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ” ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ စုပေါင်းပြီး ဇူလိုင် ၂၈ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကော်မတီတွင် တောင်သူလယ်သမားအရေး တက်ကြွသူများ၊ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ရှစ်ဖွဲ့နှင့် နိုင်ငံရေးပါတီတစ်ခုတို့ ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွင့်ဝင် ဦးငွေလင်းက ပြောကြားသည်။

“စီမံကိန်းများကြောင့်ဖြစ်စေ၊ စီမံကိန်းခန့်ခွဲမှု လွဲမှားခြင်းကြောင့်ဖြစ်စေ ဆုံးရှုံးနစ်နာနေတဲ့ ပြည်သူလူထုကို ကူညီဝန်းရံသွားဖို့ အဓိက ရည်ရွယ်ပါတယ်” ဟု ဦးငွေလင်းက ပြောကြားကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြု သူများအဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ကရင်အမျိုးသမီးများ အစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးများအဖွဲ့၊ ပြည်ထောင်စု တောင်သူလယ်သမားများ သမဂ္ဂတို့ စုပေါင်းပြီး အဆိုပါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။

ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံများက ကန့်ကွက်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ အောင်သပြေကျေးရွာမှ ဒေသခံကိုးဦးနှင့် သတင်းထောက်တစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၇၊ ၃၃၂၊ ၃၃၃၊ ၃၅၃၊ ၁၁၄၊ ၄၃၆၊ ၄၄၀ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲထားသည်။