တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ်တန့်ရေး သမ္မတ ဖြေရှင်းပေးဖို့ တောင်းဆို

သူတို့သဘောထား

၂၈၊ ဇွန်၊ ၂၀၁၉ RFA

ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀ဝ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ညွှန်ကြားရင် တိုက်ပွဲတွေကို ရပ်တန့်ပေးမယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုထားတာရှိတဲ့အတွက် သမ္မတဆီ တောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ဦးမျိုးကျော်က ဒီနေ့ ပြောပါတယ်။

“အခု ကျတော်တို့ တိုက်တွန်းတာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားတာ ကျွန်တော်တို့ ကြားတယ်။ သမ္မတကသာ ရပ်စဲစေချင်တယ်ဆိုရင် သူတို့ ရပ်ပေးမယ်ဆိုတဲ့ဟာမျိုး ကြားတယ်။ အခုတိုက်နေတာ ခွင့်ပြုလို့ တိုက်ခိုင်းလို့ တိုက်တာဆိုတဲ့ သဘောသက်ရောက်တာပေါ့လေ။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ သမ္မတကြီးကိုယ်တိုင် ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ဆိုပြီး သမ္မတကြီးဆီ အိတ်ဖွင့်ပေးစာ ပေးထားတာ”

ဒီပေးစာမှာ AA နဲ့ တပ်မတော်တို့ နှစ်ဘက်လုံးကို အပစ်အခတ် ချက်ခြင်းရပ်ပြီး၊ စားပွဲဝိုင်းမှာ နိုင်ငံရေးအရ လွတ်လွတ်လပ်လပ် တန်းတူညီတူဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် AA ကို အကြမ်းဖက်သောင်းကျန်းသူ၊ မတရားအသင်း စတဲ့ ကန့်သတ်ထားတဲ့ အမိန့်တွေ ဥပဒေတွေကို ပယ်ဖျက်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။

ရခိုင်ပြည်နယ် လေ့လာရေးအဖွဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဦးငွေလင်း က —

“ဒီနိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာကလွဲရင် တခြားဖြေရှင်းနည်း မပြည့်စုံဘူးလို့ ယူဆတယ်။ ဒီ AA အပေါ်မှာ သမိုင်းကြောင်းကတော့ တစ်ခုပေါ့။ သူ့ကို သောင်းကျန်းသူလို့ အဖျက်သမားတို့ အကြမ်းဖက်သမားလို့ ခေါ်နေမယ့်အစား စွပ်စွဲနေမယ့်အစား တကယ်လုပ်သင့်တာကတော့ သူ့ကို နိုင်ငံရေးစကားပြောဖက်အဖြစ် တွေ့ဆုံဆွေးနွေးရေး စကားပြောဖက်အဖြစ် လက်ခံပြီးတော့မှ အပြန်အလှန် လေးစားမှုရှိရှိနဲ့ တွေ့ဆုံဆွေးနွေးပါ။ အဲဒီလို အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်ဆိုပြီး သမ္မတကြီးကို အကြံပြုတာပါ”

အတိုင်ပင်ခံပုဂ္ဂိုလ် က AA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်ချေမှုန်းဖို့ ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောထားပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခက တိုက်ပွဲတွေ ရပ်စဲသွားဖို့ဆိုရင် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကသာ ဒီလိုသတ်မှတ်ချက်တွေကို ပယ်ဖျက်ပြီး နိုင်ငံရေးစားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က AA ကို အမြစ်ဖြတ်တိုက်ခိုက်ပါဆိုပြီး အမိန့်ပေးတယ်လို့ စစ်တပ်က တရားဝင်ပြောထားပြီးပြီ။ အဲဒါကြောင့်မို့ စစ်တပ်ကို အမြစ်ဖြတ်တိုက်ပါလို့ အမိန့်ပေးနိုင်ရင် စစ်ပွဲကို ရပ်ပါဆိုတာလည်း အမိန့်ပေးနိုင်ရမယ်။ လက်ရှိ ထိုးစစ်တွေကိုလည်း အမှန်တကယ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ နှစ်ဖက်လက်ခံနိုင်တဲ့ အနေအထားကိုရအောင် ဆွေးနွေးကြဖို့ လိုတာပေါ့ဗျာ”

နိုင်ငံရေးအင်အားစုတွေ တောင်းဆိုထားသလို သတ်မှတ်ချက်တွေကို ပယ်ဖျက်ဖို့ ရုပ်သိမ်းဖို့ ဖြစ်နိုင်မလားဆိုတာနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်း ရာမှာတော့ —

“ပယ်ဖျက်နိုင်တဲ့အခြေအနေမျိုး ရှိလားဆိုတာက ဒါက ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းမှဖြစ်မယ်။ အခုက မလျှောက် လှမ်းတဲ့အပြင် ပိုတောင်ဆိုးလာသေးတယ်။ ကျတော်တို့ ရပ်တည်ချက်ကို ပြောပြီးပြီ။ အစိုးရ ရပ်တည်ချက်ကို ပြောပြီးပြီ။ ကျတော်တို့ ရပ်တည်ချက်က အဖြူရောင် နယ်မြေထဲမှာ လက်ခံထားမယ်ဆိုရင် မြန်မာပြည်ရဲ့ နောင်ဖြစ်ပေါ်လာမယ့် အခြေအနေက ကောင်းနိုင် ဖွယ်ရာ မရှိဘူး။ သောင်းကျန်းသူအဖွဲ့သစ်တွေ ထပ်ပြီးပေါ်လာမယ့် သဘောရှိတယ်။ သောင်းကျန်းသူအသစ်ဆိုတာ နောက်ထပ် လက်နက်ကိုင်အဖွဲ့သစ်တွေ ထပ်ပေါ်လာမယ့် သဘောမျိုးဖြစ်တယ်။ ဒါကို ရေရှည်မျှော်တွက်ပြီး အစိုးရနဲ့ တပ်မတော်က ဆောင်ရွက်ခြင်းဖြစ်ပါတယ်”

ရခိုင်ပြည်နယ်ကို Confederate ကိုယ်ပိုင်အချုပ်အခြာအာဏာရှိတဲ့အဆင့်ထိ ရလိုတယ်ဆိုပြီး AA စစ်ဦးစီးချုပ်က ပြောဆိုထားပေမယ့် တပ်မတော်ဘက်ကတော့ ဒီအချက်ကို လက်မခံသလို ရခိုင်ပြည်နယ်ထဲမှာ AA အဖွဲ့ အခြေချဖို့တောင် လက်မခံနိုင်ဘူးလို့ ငြင်းဆိုထားတာပါ။

AA အတွက်ကတော့ ရခိုင်ပြည်နယ်ထဲမှာ AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်လို့ ပြောထားပါတယ်။

ဒီလိုသတ်မှတ်ချက်တွေကို နှစ်ဖက်စလုံးအနေနဲ့ ကိုင်စွဲမထားပဲ မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့ နိုင်ငံရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

ရခိုင်အရေးကို နိုင်ငံရေးပြဿနာအဖြစ် ရှုမြင်ပြီး နိုင်ငံရေးအရ စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာနိုင်အောင် သမ္မတ ကိုယ်တိုင် အားသွန်ခွန်စိုက် ကြိုးစားပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီ ၁၂၃ ဖွဲ့ရဲ့ တောင်းဆိုချက်တွေဟာ လက်တွေ့မကျသလို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေ ရှိပါတယ်။

“မရပါဘူးဗျ။ ရမယ်လို့ မထင်ပါဘူး။ နိုင်ငံတော်သမ္မတ ပြောလည်း ရချင်မှ ရမှာပါ။ AA ကလည်း ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးတွေ လုပ်နေတာကို။ အဲ့တော့ တပ်မတော်နဲ့ ထိတွေ့မှုတွေဖြစ်နေတယ်။ အဲဒီကိစ္စက သမ္မတက ဖြေရှင်းနိုင်တဲ့ကိစ္စလို့ ကျတော်က မမြင်ပါဘူး”

ဒါကတော့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် ပြောသွားတာပါ။

ဒီနိုင်ငံရေးအင်အားစုတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က —

“တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင် တိုက်ပွဲအစား စားပွဲဝိုင်းမှာ ဆွေးနွေးငြင်းခုံတာကို ပိုပြီးလိုလားပါတယ်။ သို့သော်လည်း လက်တွေ့ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက အုပ်ချုပ်ရေး အကြီးအကဲတွေ ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဒီအတွက် မှတ်ချက်မပေးလိုပါဘူး”

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း ၆၃ ခုမှာ အခြေအနေဆိုးရွားနေတာတွေ တွေ့ရှိခဲ့ရတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးဖို့ ပေးစာထဲမှာ ထည့်သွင်းထားတာလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ စတင်ခဲ့တဲ့ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ဒုက္ခသည် ငါးသောင်းနီးပါး ရှိနေပြီဖြစ်ပါတယ်။

ဒီဒုက္ခသည်တွေကို ပစ်မထားဖို့၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ ဒေသခံတွေဟာ နေ့စဉ်ဆိုသလို စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း အိတ်ဖွင့်ပေးစာထဲမှာ ထည့်သွင်းဖော်ပြထားတာပါ။

ဒီအိတ်ဖွင့်ပေးစာဟာ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေတင် မဟုတ်ဘဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ဒေသခံတွေရဲ့ ဆန္ဒသဘောထားတွေပါ ပါဝင်တာကြောင့် သမ္မတအနေနဲ့ အလေးအနက်ထား ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုသူတွေက ပြောကြပါတယ်။

(RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားပါသည်)