VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး

အင်တာဗျူး

ရခိုင်အရေး နိုင်ငံတကာဖိအား မြန်မာပြုပြင်ပြောင်းလဲရေး ထိခိုက်နိုင်

၁၉၊ အောက်တိုဘာ၊ ၂၀၁၇  ( VOA နှင့် DPNS ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် အင်တာဗျူး )

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပြီး မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန်လွှတ်တော်အမတ် ၄၀ ကျော်က တိုက်တွန်းလိုက်သလို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရခိုင်အရေးနဲ့ ပတ် သက်လို့ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုနေကြပါတယ်။ ဒီအခြေအနေက လက်ရှိ သွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်လာနိ်ုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ဒုက္ခသည် သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ အစိုးရတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာအစိုးရနဲ့ အထူးသဖြင့် မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုနေတာပါ။ မနေ့က ဗုဒ္ဓဟူးနေ့ကပဲ အမေရိကန် လွှတ်တော်အမတ်တွေက မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်သွားဖို့ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့်တားမြစ်တာလို ဒဏ်ခတ်မှုမျိုးတွေ ပြန်လည်ကျင့်သုံးဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို အောက်လွှတ်တော်အမတ် ၄၀ ကျော်က လက်မှတ်ရေးထိုး တိုက်တွန်းလိုက်တာပါ။ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း ရိုဟင်ဂျာဒုက္ခသည် ငါးသိန်းကျော် ထွက်ပြေးနေရတဲ့ အခြေအနေကို ကမ္ဘာက ဒီအတိုင်း လက်ပိုက် ကြည့်မနေသင့်ဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ထိပ်တန်းတာဝန်ရှိသူတွေကလည်း ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးရတဲ့ အခြေအနေဟာ လူမျိုးတုံး သုတ်သင်ရှင်းလင်းရာရောက်တဲ့အထိ ဖြစ်လာနေ တယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုနေတာပါ။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရှေ့ သီတင်းပတ်ထဲ မြန်မာ့အရေး ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ တိုက်တွန်း ပြောဆိုတာတွေလည်း ရှိလာပါတယ်။ ဒီလို နိုင်ငံတကာဖိအားတွေ တိုးမြင့်လာတာဟာ တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင်တာကြောင့် မြန်မာအစိုးရအနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်ပြောဆိုပါတယ်။

ဦးအောင်မိုးဇော်  – “၁ တချက်ကတော့ ဝမ်းနည်းစရာအခြေအနေတွေက ရခိုင်ပြည်နယ်မြောက်ဘက်ဒေသ ပါ။ တကယ့်ကိုဖြစ်သွားတဲ့ အနေအထားလေးဖြစ်တယ်ဆိုတာကို အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့ လိုလိမ့် မယ်၊ လက်ခံဖို့လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ကတော့ ထင်တယ်။ ၂ အချက်က ဘယ်လိုအမှားအယွင်း တွေ ဖြစ်ခဲ့သလဲ။ နောက်တခုက ကောင်းမွန်တဲ့ Reason တွေ ဖြစ်တယ်ဆိုတာကို အစိုးရအနေနဲ့ အသိ မှတ်ပြုဖို့ လိုလိမ့်မယ် လက်ခံဖို့လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ကတော့ ထင်တယ်။ ၂ အချက်က ဘယ်လို အမှားအယွင်းတွေ ဖြစ်ခဲ့သလဲ။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲဖြစ်ဖြစ် အမှားအယွင်းဆိုတာက ကိစ္စတိုင်းမှာ ရှိနိုင်တယ်။ ဘယ်လိုအမှားအယွင်းတွေ ဖြစ်ခဲ့သလဲဆိုတဲ့ ကိစ္စကိုတော့ သေသေချာချာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အထူးသဖြင့်တော့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ သေသေချာချာ ပူးပေါင်းဆောင်ရွက် ပြီးတော့ စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ထင်တယ်။ ဒါက ၂ အချက်။ ၃ အချက်ကတော့ အကယ်၍ အမှား အယွင်းတွေ ရှိခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့လို့ရှိရင် အမှားအယွင်းနဲ့ပတ်သက်တဲ့ တာဝန်ရှိတဲ့လူတွေကို ကျောသားရင်သား မခွဲခြားဘဲနဲ့ သေသေချာချာ အရေးယူဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ တော့ အဲလိုထင်တယ်။ အဲဒါမှ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ကျနော်တို့ ပြန်ရလိမ့်မယ်။ အဲလိုအခြေအနေ မလုပ်ဘူးလို့ “ဘူး” ခံနေမယ်ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှုကို ရဖို့အတွက်က တော်တော်ခက်လိမ့်မယ်။ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ်၊ အဲဒီဒေသ ရေရှည်ဖွံ့ဖြိုးရေးအတွက်ပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု ကျနော်တို့မှာ အများကြီးလိုတယ်။ အဲဒီကိစ္စတွေ ကျနော်တို့ လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေရှိနေတယ် လို့ ကျနော်မြင်ပါတယ်။”

[ngg_images source=”galleries” container_ids=”277″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]