လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)

အင်တာဗျူး

မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။ မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။