လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး

အင်တာဗျူး

၂၊ ဖေဖော်ဝါရီ၊ ၂၀၁၈ နေ့ထုတ် First Weekly ဂျာနယ် အတွဲ(၇)၊ အမှတ် ၃၂၀ တွင် ဖော်ပြပါရှိသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် အင်တာဗျူး

လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ဒီမိုကရေစီဘောင်ကို ချဲ့ဖို့ လိုပါတယ်။ ဒီမိုကရေစီဘောင်ကို ချဲ့နိုင်မှသာ ငြိမ်းချမ်းရေးအတွက် လက်တွေ့ဆွဲဆောင်မှုဖြစ်သလို စီးပွါးရေးအပြောင်းအလဲအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မည်ဟု ဦးအောင်မိုးဇော် ပြောကြား။

လူထုအစိုးရ၏ ၂၀၁၇ ခုနှစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ နိုင်ငံရေး၊ စီးပွါးရေးနှင့် အခြားအခက်အခဲ အကျပ်အတည်းများ၊ ယခု ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ပြောင်းလဲလာနိုင်သည့် နိုင်ငံရေး၊ စီးပွါးရေး နောက်ခံအခင်းအကျင်းများနှင့် စပ်လျဉ်း၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ သုံးသပ်ပြောကြားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး – ၂၀၁၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားအမြင် သုံးသပ်ချက်များကို ဖြေကြားပေးစေလိုပါတယ်။

ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး။ တိုးတက် မလာဘူး။ တန့်နေတယ်။ တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလားလို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီဘောင်က ကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုပဲ။ 
မနေ့တစ်နေ့က  မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ ကိစ္စဆိုရင် မီဒီယာသမားတွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ (ကျ ၄၆ – AAPP စာရင်းအရ) ရှိနေသေးတဲ့ကိစ္စဆိုရင် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆိုခြင်းခံနေရတဲ့ ကိစ္စတွေ (အမှုရင်ဆိုင်ဆဲ ၁၉၀ – AAPP စာရင်းအရ) ဆိုရင်၊ အစိုးရက ဖိနှိပ်ရေး ဥပဒေတွေ၊ ဖိနှိပ်ရေးယန္တယားတွေကို ဆက်ပြီး သုံးစွဲနေတယ်ဆိုတာ ထင်ရှားတယ်။
ဒါတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် လားရာကို ဦးတည်နေတာဖြစ်တယ်။ နောက်၂၀၁၇-၂၀၁၆ (၂)နှစ်တာ လုံးကို ပြန်ကြည့်ပါ။ ကတိပေးခဲ့တဲ့ အဓိကကျတဲ့ အပြောင်းအလဲကြီးတွေ ဘာတွေလုပ်နိုင်ခဲ့သလဲ။ လုပ်နိုင်ဖို့ရော အားထုတ်ခဲ့သလား။ ဥပမာ – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဆိုရင် ကြိုးစားအားထုတ်မှု မတွေ့ရတဲ့အပြင် ခုံအောက်ကိုထိုးထားတာ တွေ့ရတယ်။ လွှတ်တော်ထဲမှာ အာဏာရပါတီမှာ ပြောသံ ဆိုသံတွေ တိတ်သွားတယ်။

နောက်ငြိမ်းချမ်းရေးကိစ္စ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုရင်လည်း မြောက်ပိုင်းမှာ ထိုးစစ်တွေ၊ တိုက်ပွဲတွေပြင်းထန်နေတာ တကမ္ဘာလုံးအသိပဲ။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေနဲ့ နားလည်မှု ရ မရ၊ ပြေလည် မပြေလည် တော့မသိဘူး။ အစိုးရနဲ့တပ်မတော်ကြားမှာတောင် တူညီတဲ့သဘောထား ရှိပုံမရဘူး။
ပြောချင်တဲ့ ကိစ္စကလည်း ရှေ့မရောက်ဘူ။ တဝဲလည်လည် ဖြစ်နေတယ်။
စီးပွားရေးကဏ္ဍကို ကြည့်ရအောင်။ အစိုးရရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေရောရဲ့ အစီရင်ခံစာကို ကြည့်။ ကိန်းဂဏန်းတွေအရ မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းတွေက မြန်မာပြည်သူ အများစုကြီးကို သက်ရောက်မှု မရှိသေးတဲ့အပြင် ငွေကြေးဖောင်းပွမှုဒဏ်၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ အလုပ်အကိုင် ရှားပါးမှုဒဏ်တွေကိုပါ အလူးအလဲခံနေရဆဲဖြစ်တယ်။
မြန်မာ့စီးပွားရေးကို ၆ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားတယ်။ လက်တွေ့မှာ IMF ရဲ့အစီရင်ခံစာအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၅ ဒဿမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်ဆိုတယ်။ ၂၀၁၇ အရှေ့တောင်အာရှ တစ်ခွင်လုံးအတွက် ဖွံ့ဖြိုးမှုခန့်မှန်းချက်ထက် အများကြီးသာနေတယ်။
ဒီကိန်းဂဏန်းတွေက ရေရှည်အတွက်တော့ ကျနော်မပြောတတ်ဘူး။ လက်တွေ့ လူတွေ အများစုကြီးက သိလည်းမသိ။ ပိုပြီးပိုပြီး ကျပ်တည်းလာတာကို တွေ့ရတယ်။ အခြေခံစားကုန် ဆီ၊ ဆန်၊ ဆားဈေးတွေက ကြောက်ခမန်းလိလိပဲ။ ဒီအခြေအနေဟာ လူမှုရေး မတည်ငြိမ်မူတွေကို ဦးတည်နေတယ်။ မတည်မငြိမ် ဖြစ်မယ့် လက္ခဏာတွေလည်း တွေ့နေရတယ်။
ကိန်းဂဏန်းတွေရဲ့ သက်ရောက်မူက တိုးတက်မူတွေက လူတစ်စုဆီကိုသွားပြီး ငွေကြေးဖောင်းပွမူလို ကိစ္စကျတော့ အတန်းအစားမခွဲတော့ဘူး။ ADB  ခန့်မှန်းချက်အရ ၂၀၁၆ ခုနှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နှုန်း ၊ ၂၀၁၇ မှာ ၇ ဒဿမ ၁ ရာခိုင်နှုန်း နဲ့ ၂၀၁၈ မှာ ၇ ဒဿမ ၅ ရာခိုင်နှုန်း ဖောင်းပွမှုနှုန်း တက်လိမ့်မယ်လို့ ခန့်မှန်းတယ်။ အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်း ၃ ဒဿမ ၁ (၂၀၁၇-၂၀၁၈) ထက် အများကြီး မြင့်လာတာကို တွေ့ရတယ်။ ဒီဒဏ်ကျတော့ ကျနော်တို့လူထု အကြီးအကျယ်ခံရတယ်။ ဥပမာ- အလုပ်သမားတစ်ယောက်ရဲ့ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို ကြည့်ပါ။ တစ်ရက် ၃၆၀ဝ ကျပ်သတ်မှတ်တဲ့ အချိန်တုန်းက ဒေါ်လာတန်ဖိုးအရ တွက်ရင်၊ 3USD နီးနီးရှိတယ်။ အခု ၄၈၀ဝ ကျပ်ဆိုတော့လည်း 3USD နီးနီးပဲ။ တန်ဖိုးအရ တက်မလာဘူး။
နောက် တိုင်းရင်းသားလုပ်ငန်းရှင်ပိုင် အသေးစားလုပ်ငန်း၊ အလတ်စားလုပ်ငန်း၊ စီးပွားရေးတွေ တန့်နေတယ်လို့ ပြောကြတယ်။ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေ မရှင်းမလင်းဖြစ်လို့၊ ပြုပြင်ပြောင်းလဲမှုနှုန်း နှေးကွေးလို့ လို့ သုံးသပ်ကြတယ်။ အသေးစားလုပ်ငန်း၊ အလတ်စားလုပ်ငန်းတွေ အသက်ရှူမချောင် ဖြစ်ရတာက ကျနော်တို့ရဲ့ မျက်မြင်ပဲလေ။
လူထုဆီသက်ရောက်မှုမရှိတဲ့ အစီရင်ခံစာတွေက မြန်မာ့စီးပွားရေးတိုးတက်မှု ကိန်းဂဏန်းတွေသည်ပင်လျှင် ၂၀၁၇ အကုန်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာပြည်ရဲ့ နိုင်ငံတကာပုံရိပ်အရ အများကြီး ထိခိုက်နိုင်တယ်ဆိုတယ်။ အားလုံးကစိုးရိမ်နေကြတယ်။ အားလုံးက စိုးရိမ်နေကြတယ်။ ဒီပုံရိပ်ကို အစိုးရအနေနဲ့ ပြန်မြှင့်နိုင်ရင်မြှင့်၊ မမြှင့်နိုင်ရင် တိုင်းပြည်ဖွံ့ဖြိုးရေးကို ထိမယ်။ တိုးတက်ဖို့ လက္ခဏာအချို့ရှိတဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို ထိမယ်။
ပထမမေးခွန်းရဲ့ အဖြေတွေကို ချုပ်ပြီး ပြောပါ့မယ်။
ကျနော့်မိတ်ဆွေ ပညာရှင်တစ်ယောက် သုံးသပ်တာကို ကျနော်သဘောကျတယ်။ ၂၀၁၇ တင်မဟုတ်ဘူး။ ၂၀၁၆ ထည့်တွက်ရင် ဒီ (၂)နှစ်အတွင်း ကျနော်တို့ဘာမှမရဘူး၊ ပျောက်ဆုံးသွားတဲ့ ၂၀၁၆ ဖြစ်တယ်။၂၀၁၇ ဖြစ်တယ်။ အဲဒီလိုဆို ကျနော်တို့ရမယ့် ၅ နှစ်ကလည်း ပျောက်ဆုံးရမယ့်နှစ်တွေ ဖြစ်နေမလားဘဲ။

မေး – လာမယ့်၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ ဘယ်လိုထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်မယ်ဆိုတာနဲ့ လက်ရှိအစိုးရနဲ့ လွှတ်တော်အပေါ် အကြံပြုဆွေးနွေးပြောကြားလိုတဲ့ အချက်များကို ပြောကြားပေးစေလိုပါတယ်။

ဖြေ – ကျနော်အကြံပြုလိုတာကတော့ – 
(က) ဒီမိုကရေစီဘောင်ကိုချဲ့ပါ။
(ခ) ဒီမိုကရေစီဘောင်ကိုချဲ့တာက ငြိမ်းချမ်းရေးအတွက်၊ လက်တွေ့ဆွဲဆောင်မှုဖြစ်တယ်။ စီးပွားရေး အပြောင်းအလဲအတွက် အထောက်အကူဖြစ်တယ်။
(ဂ) လွှတ်တော်က လွှတ်တော်အလုပ်၊ အစိုးရက အစိုးရအလုပ်၊ တရားစီရင်ရေးက တရားစီရင်ရေးအလုပ် သီးသီးသန့်သန့်လုပ်ကြပါ။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ထိန်းညှိနိုင်အောင် ကြိုးစားပါ။
အဲလိုပဲ။ မီဒီယာတွေက၊ အရပ်ဖက်လူမူအဖွဲ့အစည်းတွေ အားကောင်းကောင်းနဲ့ ကနေ့နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နိုင်အောင် အားပေးပါ။
(ဃ) အခြေခံလူထု အများစုကြီးရဲ့ စားဝတ်နေရေး၊ လုံခြုံရေးကို အထူးဂရုစိုက်ပါ။
(င) ၂၀၁၇ မှာ ကျဆင်းခဲ့ရတဲ့၊ အကြီးအကျယ် ထိခိုက်ခဲ့ရတဲ့၊ နိုင်ငံတကာပုံရိပ်ကို ပြန်ပြီး ဆယ်တင်ပါ။ နိုင်ငံတကာဆက်ဆံရေးကို Normalize ပြန်လုပ်ပါ။ ပုံမှန်အနေအထားရောက်အောင် ပြန်ကြိုးစားပါ။
(စ) ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ပြန်ပြီးစတင်ပါ။ ကျနော်အကြံပြုချင်တာကတော့ လောလောဆယ် ဒီယေဘုယျသဘောတွေပါပဲ။ ရိုးရိုးလေးတွေပါ။ နောက် ၂၀၁၈ မှာ ထူးထူးခြားခြား ကျနော်ဘာမှမမျှော်လင့်ဘူး၊

[ngg_images source=”galleries” container_ids=”348″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]