ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး Hot News Journal (Vol- 8,No- 370, Nov 17-23, 2017)

အင်တာဗျူး

NLD အစိုးရလက်ထက် ဆောင်ရွက်နေမှုများနှင့် လွှတ်တော်ဆောင်ရွက်နေမှုများအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

(ယခင်အပတ်မှ အဆက်)

ပါတီတစ်ရပ်ရဲ့ထုတ်ပြန်ကြေငြာချက်တွေဟာ ဥပဒေနဲ့မကိုက်ညီရင် အရေးယူမယ်ဆိုပြီးတော့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့ အချိန်မှာ ဒီထုတ်ပြန်ကြေငြာချက်ကို ဘယ်လိုမြင်ပါသလဲ။

နိုင်ငံရေးပါတီတစ်ခုရဲ့လုပ်ဆောင်ချက်တွေက ဥပဒေနဲ့မညီညွတ်ဘူးဆိုရင် တရားစွဲပါ။ ကျွန်တော်ပြောချင်တာက နိုင်ငံရေးပါတီတွေကို  ဟိုဟာမလုပ်နဲ့၊ ဒီဟာမပြောနဲ့ဆိုရင် ဘယ်ဥပဒေနဲ့ပြောတာလဲ။ကျွန်တော်တို့က ဒီအခြေခံဥပဒေ ဘောင်ထဲမှာ ဒီအခွင့်အရေးတွေ၊ မူဘောင်တွေကို အသုံးချပြီး ပြောဆိုနေတာပဲဖြစ်တယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့ ပြောပိုင် ခွင့်၊ ဆိုပိုင်ခွင့်၊ ထုတ်ပြန်ပိုင်ခွင့်တွေကို ကန့်သတ်သလို ဖြစ်နေတယ်။ အဲဒါကတော့ မကောင်းဘူး။ ဒီကိစ္စတွေကို ပြန် စဉ်းစားဖို့လိုတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်တို့ရဲ့ရဲဘော်တွေ၊ မိတ်ဆွေတွေပါပဲ။ သူတို့ အဲဒီဘဝ တွေကို ဖြတ်သန်းခဲ့ရတာပဲ။ သူတို့ဖြတ်သန်းတဲ့ကာလမှာ ဟိုဟာမပြောနဲ့၊ ဒီဟာမပြောနဲ့ဆိုတဲ့ ခေတ်ကို ဖြတ်သန်း ခဲ့ရတာပဲ။ သူတို့လက်ထဲ လုပ်ပိုင်ခွင့်ရတဲ့အချိန် အဲဒီအချိန်မှာ ကျွန်တော်တို့ကို ဟိုဟာမပြောနဲ့၊ ဒီဟာမပြောနဲ့ဆိုပြီး ပြန်ကျင့်သုံးလာတယ်။ အဲဒါတော့ရှိတယ်။ မူမဲ့၊စည်းမဲ့၊ဘောင်မဲ့ ပြောနေရင်တော့ တရားစွဲပေါ့ဗျာ။ ရှင်းရှင်းလေးပေါ့ဗျာ။ အခုလို ထုတ်ပြန်လိုက်တာကို ပြန်ပြီး သုံးသပ်ကြပါလို့ ပြောချင်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူတွေရဲ့ လက်မှတ်တွေကိုကောက်ခဲ့သလို ပါတီအောင်နိုင်ရေးအတွက် ကတိကဝတ်တွေ ပေးတဲ့အထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ပါပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးက ဘယ်အခြေအနေ ရောက်နေပြီလို့ ထင်ပါသလဲခင်ဗျာ။

ကျွန်တော်ထင်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူက အဓိကကျတယ်လို့ ထင်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးမူလို့ ပြောတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ ပထမဦးဆုံးဦးစားပေးအလုပ်က တပ်နဲ့ ပြေလည် ရေးဆိုတဲ့ သဘောထားဖြစ်တယ်လို့ ကျွန်တော်နားလည်ပါတယ်။ အဲဒီကိစ္စကို အဓိကထားဆောင်ရွက်နေတဲ့အခါမှာ ကျန်တဲ့ကိစ္စတွေကို တို့တာ ထိတာ သိပ်မလုပ်ဘူး ။ အဲလိုယူဆလို့ ရတယ်။ အခု နှစ်နှစ်ရှိသွားပြီ။ တပ်နဲ့ဘယ်လောက် ပြေလည်လဲ။ မပြေလည်ဘူးလဲ။ တပ်မတော်ကိုယ်၌က အာဏာရအစိုးရအပေါ် ဘယ်လာက်ထိ နာခံသလဲ။ မနာခံဘူးလဲ ဆိုတာ ပြောဖို့ တော်တော်ခက်တယ်။ အဲဒီကိစ္စတွေက အဓိကဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးမူဆိုတာက စစ်တပ်နဲ့ပြေလည်ရေး၊ ပြန်ပြီးစုစည်းနိုင်ရေး၊ အဲဒီလိုဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအချက်ပေါ် မူတည်ပြီးတော့ ကျန်တဲ့ကိစ္စတွေကို ထိမယ်၊ ခိုက်မယ်ဆိုရင်၊ ကိုင်တွယ်မယ်ဆိုရင် ဒါကိုများ ထိသွားမလား၊ စိုးရိ်မ်စိတ် သိပ်ကြီးနေပုံရတယ်လို့ ပြောချင်ပါတယ်။

အစိုးရတစ်ရပ်ပြောင်းသွားပြီဆိုတော့ ပြည်သူတွေက စီးပွားရေး၊လူမူရေး၊ ကျန်းမာရေး၊ မျှော်လင့်ချက်တွေ ပြည့်ဝပြီလို့ မျှော်လင့်ခဲ့ကြတယ်။ ပြည်သူတွေ မျှော်လင့်သလို  ဖြစ်မလာဘဲ အခုအကြပ်အတည်းတွေ ဖြစ်နေတဲ့အပေါ် ဘယ်လို သုံးသပ်မိပါသလဲခင်ဗျာ။

ကျွန်တော်ပြောချင်တာက စီးပွားရေးနဲ့ နိုင်ငံရေးက ဆက်စပ်နေတယ်။ နိုင်ငံရေးအကြပ်အတည်းဖြစ်ရင် စီးပွားရေးမှာ ထိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးမှာ အချို့အတားအဆီးတွေကို မကျော်နိုင်တဲ့ အခါကျတော့  စီးပွားရေးပါ လာ ထိတယ်။ နောက်တစ်ခုက အစိုးရရဲ့ ဦးစားပေးမူပေါ့။ ငြိမ်းချမ်းရေးကိုဦးစားပေးမယ်ဆိုရင် ငြိမ်းချမ်းရေးကိုပဲ အလုံးစုံ ဦးစားပေးတယ်။ ကျန်တဲ့ဟာတွေကို မေ့နေသလို ဖြစ်နေတယ်။ စီးပွားရေးကို ဦးစားပေးတော့မယ်လို့ ပြောတဲ့အခါကျတော့ မထင်မှတ်တဲ့ ရခိုင်ပြဿနာက ဝုန်းဆိုပြီး ဆောင့်တက်လာတယ်။ အဲဒီအခါမှာ နိုင်ငံတကာနဲ့ပါ ဆက်ဆံရေးပျက်ကုန် တယ်။ နိုင်ငံတကာအကူအညီတွေ၊ ခြိမ်းခြောက်ခံလာရတယ်။ အဲဒီတော့ စီးပွားရေးကို ပြန်ပြီး ရိုက်ခတ်ပြန်တယ်။ အခြေခံလူထုရဲ့ဘဝကတော့ တက်မလာပါဘူး။ ဘယ်တုန်းကမှ တက်မလာဘူး။ နည်းနည်း ချောင်ချောင်လည်လည် လုပ်သာကိုင်သာမရှိတဲ့ အနေအထားမှာ ရောက်နေတယ်။

ပြည်သူတွေရဲ့ ဘဝဘယ်လိုဖြစ်နေတယ်ဆိုတာကို နည်းနည်း ထပ်မံရှင်းပြပေးပါခင်ဗျာ။

အခုပြည်သူတွေမှာ အလုပ်အကိုင်အခွင့်အလမ်း မရှိဘူး။ ကုန်ဈေးနှုန်းတွေကြီးတယ်။ နေစရာထိုင်စရာဆိုရင် ရန်ကုန်မြို့မှာ ပိုဆိုးတယ်။ သာမန်ဝန်ထမ်းတစ်ယောက် ရန်ကုန်မြို့မှာ တာဝန်ကျရင် ဘယ်နေရာမှာ သွားနေမလဲ။ ရတဲ့လခက အိမ်ငှားလို့တောင် မရဘူး။ အဲဒီလိုအခြေအနေမျိုးတွေက တကယ်ဖြစ်နေတယ်။ နယ်တွေမှာတော့ နည်းနည်း ခုသာခံသာ ရှိမယ်လို့ ထင်တယ်။ နယ်တွေမှာတော့ သူတို့စိုက်တာပျိုးတာ သူတို့ရတာနဲ့ နည်းနည်းလည်ပတ်နိုင်တယ်။ ဒါတောင်မှ စပါးဈေးကျရင်၊ နှမ်းဈေးကျရင် ပြဿနာတွေရှိတယ်။ စပါးဈေးတို့၊ နှမ်းဈေးတို့ဆိုတာက တရုတ်အပေါ်မှာ မူတည်နေ တယ်။ အိန္ဒိယပေါ်မှာ မူတည်နေတယ်။ အဲဒီဘက်ကကုန်သည်တွေက ချရင် တောင်သူတွေ ဒုက္ခရောက်တယ်။ အဲဒီလိုကိစ္စမျိုးတွေမှာလည်းပဲ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့တော့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။

အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် နောက်ဆက်တွဲ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲခင်ဗျာ။

ပြောရရင်တော့ သူတို့အပေါ် ယုံကြည်မူကျမယ်။ ယုံကြည်မူကျရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲလို ကိစ္စမျိုးဆိုရင် အခက်အခဲရှိနိုုင်တယ်။ သူတို့တတွေတင် အခက်အခဲရှိနိုင်တာ မဟုတ်ဘူး။ အခက်အခဲရှိနိုင်တာက တစ်တိုင်းတစ်ပြည်လုံး အခက်အခဲရှိနိုင်တယ်။ ပြောမယ့်သာပြောရတယ်။ ပြည်သူတွေမှာ ရွေးချယ်စရာ သိပ်မရှိဘူး။ အဲဒီလိုအခြေအနေမျိုးက အမှန်တကယ် ဖြစ်နေတယ်။ ကျွန်တော်နားလည်သလောက် ပြောရရင်တော့ ပြည်သူအများစုက  အားကိုးတုန်းပဲ။ အဲဒါက ကျွန်တော်တို့ရဲ့ အခွင့်ကောင်းပဲ။ အဲဒါကို နည်းမှန်လမ်းမှန် ဖမ်းဆုပ်နိုင်ဖို့တော့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေရာမှာ ပြောသင့်တယ်လို့ ထင်တဲ့ကိစ္စပေါ့။ အန္တရာယ်တော့ရှိတယ်။ ပြောသင့်တာကိုတော့ ပြောချင်တယ်။ ကျွန်တော် တို့တိုင်းပြည်ကို ဟိုတုန်းက ပဒေသရာဇ်ခေတ်တုန်းကလို တစ်ယောက်တည်းအုပ်ချုပ်လို့ မရနိုင်ဘူး။ ကျွန်တော်တို့တိုင်းပြည်ကို တစ်ယောက်တည်းက အုပ်ချုပ်နေသလို ဖြစ်နေတယ်။ အစုအဖွဲ့ရှိဖို့ လိုတယ်။ ဒီအစုအဖွဲ့ ကလည်း တစ်စုံတစ်ရာ အရည်အသွေးရှိဖို့လိုတယ်။ အဲဒီလိုပဲ မဟာမိတ်အဝန်းအဝိုင်းတွေ ရှိဖို့လိုတယ်။ အဲဒီလို အခြေအနေတွေ တည်ဆောက်နိုင်မှ တိုင်းပြည်တစ်ခုကို ကောင်းကောင်းလည်ပတ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ပဒေသရာဇ်ခေတ်ကလို ဘုရင်ကြီးတစ်ပါးကနေ အကုန်လုံးကို အမိန့်ပေးပြီး လုပ်လို့မရဘူးလို့ ထင်တယ်။ ဒါကတော့ ကျွန်တော့်နားလည်မူပေါ့။ ဟိုအရင် ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်တုန်းက လုပ်တာပေါ့။ တစ်ယောက်တည်းနဲ့ ကော်မတီ အားလုံးမှာ ဥက္ကဋ္ဌလုပ်ပြီး တစ်တိုင်းတစ်ပြည်လုံးကို လည်ပတ်နေတယ်။ ဒါပေမယ့် သူကဒီလိုလည်ပတ်နေပေမယ့် သူ့ အောက်မှာ တပ်ရှိတယ်။ သူကပါးစပ်နဲ့ပြောရင် သူ့နောက်ကလူတွေက လိုက်လုပ်တယ်။ စစ်အာဏာရှင်စနစ်ဆိုတော့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။ အဲဒီလိုပုံစံမျိုးနဲ့ အခုခေတ်မှာ လည်ပတ်လို့မရဘူးလို့ ထင်တယ်။ ဒါကို တော်တော်လေး စဉ်းစားပြီးတော့ ပြောသင့်ပြောထိုက်တယ်ထင်လို့ ပြောတာ။ ဒီလိုပြောတဲ့အတွက် လူမုန်းများနိုင်တယ်။ အန္တရာယ်ရှိတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့်တိုင်းပြည်အတွက် လိုအပ်သလို သူတို့အတွက် လိုအပ်မယ် ထင်လို့ ကျွန်တော်ကချစ်လို့ပြောတာ ထောက်ခံလို့ပြောတာ။ မုန်းလို့ပြောတာ မဟုတ်ဘူး။ အဲဒီလိုအခြေအနေမျိုးတော့ တကယ်ရှိနေတယ်။ ကျွန်တော်တစ်ယောက်တည်း မြင်နေတာမဟုတ်ဘူးလို့ ပြောချင်တယ်။

အစိုးရတစ်ရပ်အနေနဲ့ လက်ကျန်သက်တမ်းကာလမှာ ဘယ်လိုဆောင်ရွက်သင့်တယ်လို့ မြင်ပါသလဲခင်ဗျာ။

ကျွန်တော်ပြောချင်တာက ပထမဦးဆုံးအနေနဲ့ ပြည်သူလူထုရဲ့ နေ့စဉ်စားဝတ်နေရေးကို အာရုံစိုက်သင့်တယ်။ လူ တစ်ယောက်တည်းနဲ့ ကိစ္စအားလုံးကို  ဖြေရှင်းဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ လောလောဆယ်မှာ ပြည်သူလူထုရဲ့ ဘဝ၊ ပြည်သူလူထုရဲ့ လုံခြုံရေးကို အာရုံစိုက်စေချင်တယ်။ အဲဒါတွေလုပ်မယ်ဆိုရင် လောလောဆယ်ကျသွားတဲ့ နိုင်ငံ တကာပုံရိပ်၊ နိုင်ငံတကာရဲ့ ယုံကြည်မူကို ပြန်ပြီး တည်ဆောက်ရလိမ့်မယ်။ ဘယ်သူမှ ဂရုမစိုက်ဘူး။ ငါတို့ဘာသာငါတို့ ရပ်တည်လို့ရတယ်ဆိုတဲ့  အခြေအနေမရှိဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ၊ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး။ နိုင်ငံကြီးတွေက လွဲလို့ပေါ့။ အဲဒီယုံကြည်မူရမှ ကျွန်တော်တို့လုပ်ချင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကို  တော်တော်လုပ်နိုင်လိမ့်မယ်။ ကိုယ့် ပိ်ုက်ဆံနဲ့ကိုယ် ဖွံ့ဖြိုးရေးလုပ်နိုင်တဲ့အခြေအနေ ကျွန်တော်တို့မှာ မရှိဘူး။ ဒါက ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေအထားပါ။ ကျွန်တော်ပြောချင်တာက ပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေးဘဝ၊ သူတို့ရဲ့လုံခြုံမူ အဲဒါကို ပထမဦးစားပေးအနေနဲ့  အာရုံစိုက်စေချင်ပါတယ်။ အဲဒါတွေလုပ်ဖို့ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မူ၊ ပူးပေါင်းဆောင်ရွက်မူက အရမ်းအရေးကြီး တယ်။ အဲဒါကို ပြန်ပြီးတော့ တည်ဆောက်ဖို့ လိုလိမ့်မယ်။  ငြိမ်းချမ်းရေးကိစ္စက အချိန်တော်တော်ကြာကြာ ဆက်ပြီး လုပ်ရ မယ့်ကိစ္စလို့ ကျွန်တော်မြင်တယ်။

တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေတဲ့အချိန်မှာ အခွန်တွေ တိုးကောက်နေတာကို ပြည်သူတွေ ညည်းတွားမူတွေရှိနေပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

အမှန်တကယ်ကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေကို လုပ်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမူ လုပ်တာနဲ့အမျှ စီးပွားရေး လုပ်ခွင့်တွေ ပိုသာလာမယ်။ အဲဒီအခြေအနေမျိုးမှာ အခွန်တွေကို တဖြည်းဖြည်းချင်း ကောက်သင့်တာတွေကို တစ်စတစ်စ တိုးကောက်သွားတယ်ဆိုရင် မဆိုးဘူးပေါ့။ အခုအခြေအနေက နိုင်ငံရေးအခြေအနေကလည်း ရှေ့မတက်၊ အခွန်တွေက တဖြည်းဖြည်းရှေ့တက်နေသလို ဖြစ်နေတယ်။ ဒီမိုကရေစီစနစ်မှာ အခွန်တွေကို အားကိုးရမယ်ဆိုပေမယ့် ကျွန်တော်တို့ ပြည်သူတွေက  အခွန်ကို ပေးဆောင်နိုင်ဖို့ဆိုတာ လူတိုင်းမှာ ရှိနေတာမဟုတ်ဘူး။ ပြည်သူတွေရဲ့ စီးပွားရေးအခြေအနေ က တော်တော်ကျပ်နေတယ်။ အခုဟာက ဆေးလိပ်ဝယ်ရင်လည်း အခွန်ပေးရတယ်။ စားသောက်ဆိုင်မှာ သွားစားရင် လည်း အခွန်ပေးရတယ်။ အမှိုက်ခွန်တွေပေးရသလို ခရီးသွားရင်လည်း အခွန်တွေပေးရတယ်။ အခွန်တွေကိုတရားဝင်ရော တရားမဝင်ရော နည်းပေါင်းစုံ ပေးနေရတဲ့အနေအထားက ကျွန်တော်တို့ဆီမှာ ဖြစ်နေတယ်။ ဒီအခြေခံ အချက် အလက်တွေက အစိုးရဆီမှာ ရှိရဲ့လားလို့ သံသယတောင် ဖြစ်စရာရှိတယ်။

                (ဆက်လက်ဖော်ပြပါမည်)

Hot News ( Vol- 8,No- 370, Nov 17-23, 2017 )

[ngg_images source=”galleries” container_ids=”285″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]