ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် Hot News Journal အင်တာဗျူး

အင်တာဗျူး

၂၀၁၇၊ နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် Hot News Journal (Vol.8 , No.371) တွင် ဖော်ပြပါရှိသည့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူး (ယခင်အပတ်မှ အဆက်)

 အခွန်တွေကောက်ခံမူကို နိုင်ငံတကာမှာ ပွင့်လင်းမြင်သာစွာချပြပေမယ့် ခေတ်အဆက်ဆက်အစိုးရတွေက ပွင့်လင်းမြင်သာစွာ ချပြခဲ့တယ်လို့ မြင်ပါသလား။ သုံးသပ်ပြောကြားပေးပါ။

အမှန်တကယ်တော့ တစ်နှစ်တစ်ခါ ထုတ်ပြန်ပေးရတယ်။ ဝင်ငွေခွန်၊ သုံးစွဲခွန်တွေကို ထုတ်ပြန်ရတယ်။ အဲဒါတွေကို စစ်အစိုးရလက်ထက်မှာ နှစ်တော်တော်ကြာ အဲဒါတွေကို မလုပ်တဲ့အနေအထား ဖြစ်နေတယ်။ အဲဒါ ဆိုရင်တော့ မကောင်းဘူး။ အမှန်တကယ်က နှစ်စဉ်နှစ်တိုင်း လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်။

 ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို အားရကျေနပ်မူရှိပါသလားခင်ဗျာ။

ကျွန်တော်ထင်တာက လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက ဥပမာ ကျွန်တော်တို့ရန်ကင်းကိုယ်စားလှယ်ဖြစ်တယ်။ ခင်ဗျားက ခရမ်းကိုယ်စားလှယ်ဖြစ်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ လိုအပ်ချက်တွေမှာ ဘာလိုတယ်ဆိုပြီး၊ ဒီလိုအပ်ချက်တွေအပေါ်မှာ အလုပ်ရှုပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ အဓိကက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ကြည့်ရမှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့အတွက်ပေါ် အဓိက အာရုံစိုက်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ပုဒ်မ ၁၈ တို့ ၁၉ တို့ ပြင်တယ်လို့ ပြောတယ်။ တကယ်ပြင်တာ ဟုတ်၊ မဟုတ်တော့ မသိဘူး။ ပြင်တော့ပြင်တယ်။ ဧည့်စာရင်းလိုဟာမျိုးတွေတော့ မရှိတော့ဘူး။ ဒါပေမယ့် ၆၆(ဃ)လိုဟာမျိုးတွေ ရှိသေးတယ်။ ပုဒ်မ ၁၈ တို့ ၁၉ တို့ဆိုတာက လက်တွေ့မှာ ခက်ခဲနေသေးတယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်။ ဒီခေတ် ဒီအခြေအနေမှာ ဒီမိုကရေစီကို သွားဖို့ဆိုရင် ဒီစနစ်ကို အထောက်အကူပြုမယ့် အင်စတီကျူးရှင်းတွေ ခိုင်မာဖို့လိုတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ကျန်းမာဖို့လိုတယ်။ အားကောင်းဖို့ လိုတယ်။ ဒီလိုအားကောင်းဖို့အတွက် ဥပဒေတွေကို ပြုပြင်ပြီးပြီလား။ CSO တွေ အားကောင်းဖို့လိုတယ်။ သေသေချာချာ ဆောင်ရွက်ပြီးပြီလား။ နောက်တစ်ခုက မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ မီဒီယာတွေ လွတ်လပ်ဖို့လိုတယ်။ မီဒီယာသမားတွေ အချုပ်အချယ်ကင်းဖို့ လိုတယ်။ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ အကာအကွယ်ပေးမှုတွေ၊ လုံလောက်တဲ့ ပြင်ဆင်မှုတွေ ရှိနေပြီလား။ စီးပွားရေးဆိုရင်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ လာအောင်လို့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင်လို့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဒါတွေကို အကုန်လုံးလုပ်ပြီးပြီလား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အဲဒါကို အာရုံစိုက်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။

 အစ်ကိုအားနည်းတယ်ဆိုတာ ပြောသွားတော့ ဘယ်လိုအားနည်းတာလဲခင်ဗျာ။

အခုနကပြောသွားသလို အားနည်းနေတဲ့အတွက် အခုအချိန်ထိ ကျွန်တော်တို့ခြိမ်းခြောက်ခံနေရတာပေါ့။ ဟုတ်တယ်မလား။

 ၂၀၂၀ ရွေးကောက်ပွဲကျရင် အစ်ကိုတို့ ဘယ်လိုယှဉ်ပြိုင်ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ထားပါသလဲခင်ဗျာ။

ကျွန်တော်တို့ပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ တတ်နိုင်သလောက် ပါဝင်နိုင်အောင် ကြိုးစားမယ်။ ဒါပေမယ့် ကျွန်တော်တို့က အများကြီးပါဝင်မှာ မဟုတ်ဘူး။ တစ်စုံတစ်ရာ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပြည်သူလူထုအသံကို ကိုယ်စားပြုပြီးတော့၊ ပြောနိုင်ဆိုနိုင်ပြီးတော့၊ ကျွန်တော်တို့ယုံကြည်ရာ၊ ယုံကြည်မူတွေကို ကိုယ်စားပြုပြီးတော့၊ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေကို ကိုယ်စားပြုပြီးတော့ ဝင်ပြိုင်မှာဖြစ်ပါတယ်။

 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတာက ကျောင်းသားတွေကို အခြေခံပြီး ဖြစ်ပေါ်လာသလို အခုဆိုရင် ၈၈မျိုးဆက်တွေက ပါတီတစ်ရပ်ပေါ်ထွန်းဖို့အတွက် ကြိုးပမ်းနေပါတယ်။ အဲဒီအပေါ်ကို ဘယ်လိုမြင်ပါသလဲ။

နှိုင်းယှဉ်မူအရ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးပါတီတွေများတယ်လို့ ပြောလို့ရတယ်။ သို့သော်လည်းပဲ နိုင်ငံရေးပါတီတွေက အခြေအနေတွေကြောင့်ဖြစ်တာ။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေလူမျိုးတွေ အများကြီးပဲ။ လူမျိုးတိုင်း၊လူမျိုးတိုင်း သူ့လူမျိုးကိုကိုယ်စားပြုမယ့် နိုင်ငံရေးပါတီတော့ တည်ထောင်ချင်တာပဲ။ အဲဒါတွေကို ကန့်သတ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ်။ အကုန်လုံးလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ကုန်လိမ့်မယ်။ နိုင်ငံရေးပါတီတွေ လုပ်ကြတော့မယ် ဆိုတော့လည်းပဲ ကျွန်တော်တို့က ပါတီစုံဆီကိုသွားနေတာ မင်းတို့တစ်ပါတီတည်းလုပ်ရမယ်လို့ ပြောလို့မရဘူး။ တစ်ပါတီ ဖြစ်ချင်ဖြစ်မယ်။ နှစ်ပါတီ ဖြစ်ချင်ဖြစ်မယ်။ သုံးပါတီ ဖြစ်ချင်ဖြစ်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ တစ်စုံတစ်ရာ နိုင်ငံရေးပါတီတွေ များတယ်လို့ပဲ ပြောလို့ရချင်ရမယ်။ ကျွန်တော်တို့က အစပဲရှိသေးတယ်။ ကြာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ လူထုစစ်ဆေးပြီးတော့ တကယ် လူထုကိုအလုပ်အကျွေးပြုမယ့် နိုင်ငံရေးပါတီတွေပဲ ကျန်ခဲ့မယ်လို့ ကျွန်တော်ထင်တယ်။ ပြည်သူလူထုကို အလုပ်အကျွေးပြုမယ့် နိုင်ငံရေးပါတီတွေက ကျွန်တော်တို့နိုင်ငံမှာ လိုလာတယ်။ ဦးကိုကိုကြီးတို့ဆိုရင်ပဲ ကြည့်ကြည့်၊ ပါဝင်လာမယ့်သူတွေပဲ ကြည့်ကြည့်၊ အကုန်လုံးက တက်ကြွလှုပ်ရှားသူအဟောင်းတွေပဲ။ တစ်စုံတစ်ရာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့သူတွေ။ သူတို့သမိုင်းနဲ့ သူတို့ ရှိကြတဲ့သူတွေချည်းပဲ။ သူတို့ပါတီထောင်မယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုရမယ်။ တစ်ပြိုင်နက်တည်းမှာ သူတို့က ဘာယုံကြည်သလဲ။ ဘယ်လိုလုပ်ငန်းမျိုးတွေ လုပ်မယ်။ တကယ်ပဲ ပြည်သူကို အလုပ်အကျွေးပြုမှာလား ဆိုတာကို ကျွန်တော်တို့စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့စောင့်ကြည့်သလို လူထုကလည်း စောင့်ကြည့်နေမှာဖြစ်တယ်။ လူထုက ဆုံးဖြတ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

 ဦးကိုကိုကြီးတို့ပါတီတစ်ရပ် ပေါ်ထွန်းလာရင် အစ်ကိုတို့ပါတီအနေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဘယ်လို ဆက်ဆံသွားဖို့ ရှိပါသလဲခင်ဗျာ။

သူတို့ရဲ့မူဝါဒတွေ လုပ်ငန်းစဉ်တွေက အဓိကကျမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ပူးပေါင်းဆောင်ရွက် လို့ရမယ့် ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

 ကျွန်တော်မေးခဲ့တဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ထပ်မံဖြည့်စွက် ပြောစရာရှိရင် ပြောကြားပေးပါ ခင်ဗျာ။

ကျွန်တော်ခုနကပြောခဲ့တဲ့ ကိစ္စတွေတော်တော်များများက အားမလိုအားမရတာတွေ ကျွန်တော်မြင်တာတွေကို မချိတင်ကဲကရုဏာဒေါသနဲ့ ပြောတယ်၊ ဝေဖန်တယ်လို့ မြင်စေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံ မဟုတ်သေးဘူးဆိုတာ ကျွန်တော်ကောင်းကောင်းသိတယ်။ ဒီလိုသိတဲ့အတွက် ဒီကိစ္စတွေကို ပြောတာပါ။ ဆိုလိုတာက ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီမဟုတ်သေးဘူး။ ဒီမိုကရေစီနိုင်ငံဖြစ်အောင် သွားရဦးမယ်။ သွားမယ့်နေရာမှာ အကုန်လုံးနဲ့ လက်တွဲဆောင်ရွက်ချင်တဲ့သဘောထား ကျွန်တော့်မှာရှိတယ်။ ဒီအခြေခံပေါ် ကနေ ဝေဖန်တာတွေ၊ ကျွန်တော်မြင်တာတွေကို တည့်တည့်ပြောတာလို့ ပြောချင်ပါတယ်။

 ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

[ngg_images source=”galleries” container_ids=”293″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]