“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ

အမြင်သဘောထား

(၆၊ ၆၊ ၂၀၁၉)

Alpha ဘိလပ်မြေစက်ရုံအရေး ဆန့်ကျင်ဆန္ဒပြကြတဲ့ ဒေသခံအောင်သပြေရွာသားတွေကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်မှာ လူ့အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရပါပြီ။ အောင်သပြေရွာသား၊ လက်သမားဆရာကိုထွန်းမြင့်ဝင်းဟာ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅းဝ၀ နာရီမှာ သေဆုံးခဲ့ပါတယ်။ အရက်ကြောင်ရောဂါကြောင့်လို့ တာဝန်ရှိအာဏာပိုင်တွေကပြောဆိုပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ညှဉ်းပမ်းနှိပ်စက် ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အာဏာပိုင်တွေ ပြောကြားတဲ့ရောဂါအမျိုးအစားဟာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ ဆေးသိပ္ပံပညာက တိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေ ၁၅ ရက်နေ့က အောင်သပြေရွာသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်အပြီးမှာဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။

ရဲအင်အားအများအပြားသုံးပြီး အောင်သပြေရွာ အဝင်အထွက်ကို ပိတ်ဆို့ထားပါတယ်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင်၊ မီးရှို့မှု၊ အကျိုးဖျက်ဆီးမှု စတဲ့ ပုဒ်မများစွာနဲ့ အောင်သပြေရွာသားများစွာ ဖမ်းဆီးချုပ်နှောင်ခံကြရပါတယ်။ ဝရမ်းပြေးဖြစ်ကြရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလင်းပုသိမ်ကြီးမြို့နယ် ထွေ/အုပ်ရုံးကအစည်းအဝေးဖိတ်လို့ အသွားမှာဖမ်းဆီးခံရပါတယ်။ ယခုသေဆုံးရသူကိုထွန်းမြင့်ဝင်းမှာလည်း သူ့လက်သမားလုပ်ငန်းခွင်ကို အသွားမှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ အောင်သပြေကျေးရွာသား၊ ၉ တန်းကျောင်းသား မောင်ထူးဝေယံဆိုရင်လည်း ကျောင်းဖွင့်ချိန် ကျောင်းသုံးပစ္စည်းတွေ မန္တလေးမြို့ပေါ် တက်ဝယ်ပြီးသူငယ်ချင်းတွေနဲ့အတူတူ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ပါတယ်။ ဖခင် ဦးရွှေအုန်းက ကျောက်မီးသွေးစွမ်းအင်သုံး Alpha ဘိလပ်မြေစက်ရုံအရေးကို ကန့်ကွက်လှုပ်ရှားသူဖြစ်လို့ ဖခင်ကိုယ်စားအဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ ရွေးကောက်ပွဲကြွေးကြော်သံဖြစ်တဲ့ “တရားဥပဒေစိုးမိုးရေး” ဆိုတဲ့ အရေးကို သတိချပ်ဖို့ လိုကြောင်းထောက်ပြလိုပါတယ်။ “ကြီးတဲ့အမှု ငယ်စေ ”ဆိုတဲ့ လေးနက်ထိရောက်တဲ့ မြန်မာ့ရှေးစကားကိုလည်း တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ လေးနက်စွာ သတိမူသင့်ပါတယ်။ အာဏာပိုင်သူ၊ ဆုံးဖြတ်ခွင့် လက်ဝယ်ရှိသူတို့အတွက် ရှေးလူတွေရဲ့ အတွေ့အကြုံအရ ထိရောက်လှတဲ့လမ်းညွှန်သတိပေးချက်လို့ ဆိုချင်ပါတယ်။

ပြဿနာအရပ်ရပ်အား ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းကသာ အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံးနည်းလမ်းဖြစ်ကြောင်းကို မိမိတို့ ထောက်ပြခဲ့ဖူးပြီဖြစ်ပါတယ်။ ယခုထပ်မံတင်ပြလိုတာကတော့ ဥဒါန်းဘယ်မကြေစရာ အဖြစ်အပျက်တွေ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိစေရေးအတွက် အလေးဂရုပြုဖို့ အရေးကြီးတဲ့အချိန် ရောက်ပြီဖြစ်ကြောင်း အလေးအနက် သတိပေးလိုပါတယ်။ လွန်ခဲ့တဲ့ (၄၅) နှစ်ကာလ ဇွန် ၆ အလုပ်သမားလှုပ်ရှားမှုအပေါ် မဆလစစ်အာဏာရှင်တို့က ဥဒါန်းဘယ်မကြေစရာ မှောက်မှားလွန်ကျူးခဲ့ပုံကိုလည်း ကောင်းစွာသင်ခန်းစာယူသင့်ကြောင်း တင်ပြလိုပါတယ်။ ပြည်ထဲရေးဌာနကို ရွေးကောက်ခံအစိုးရအနေနဲ့ တိုက်ရိုက်ကိုင်တွယ်လို့မရဆိုတဲ့ ဆင်ခြေလောက်နဲ့ ကာကွယ်၍ မဖြစ်နိုင်ဟု မိမိတို့ အလေးအနက် ယုံကြည်ပါ တယ်။

နောက်ဆုံး ထပ်မံတိုက်တွန်းချင်တာကတော့ မိမိတို့ ယခင် တင်ပြဖူးခဲ့တဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် ဖြစ်တဲ့အားလျော်စွာ ပြည်သူ့ဘက်ကရပ်တည်ပြီး ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ပြည်သူလူထုကို ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ပြည်သူ့ဘဝ၊ အသက် လုံခြုံမှုတွေကို တိုက်ရိုက်ထိခိုက်နစ်နာအသက်ဆုံးစေခဲ့တဲ့ တာဝန်ရှိသူအဆင့်ဆင့်အား ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခြင်း၊ အရေးယူအပြစ်ပေးခြင်းများ ပြုသင့်ကြောင်းကို လေးလေးနက်နက် တိုက်တွန်းတောင်းဆိုအပ်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

          ၂၀၁၉၊ ဇွန်လ၊ ၆ ရက်။

[ngg src=”galleries” ids=”643″ display=”basic_thumbnail”] 3-2019DPNS-Commentary

ဓာတ္ပံု – MPA