အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပြောနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဘာလဲ ဘယ်လဲ

အမြင်သဘောထား

အရင်းစစ်လိုက်ရင် “တရားဥပဒေစိုးမိုးရေး” ဆိုတာဟာ “၂၀ဝ၈ အခြေခံဥပဒေပြဿနာ” လိုပါပဲ။ ဥပဒေဆိုင်ရာ ပြဿနာသက်သက် မဟုတ်ဘဲ နိုင်ငံရေးပြဿနာစစ်စစ်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေအပေါ် အာဏာအရ၊ တည်ဆဲဥပဒေများအရ၊ ဓနဥစ္စာအရ၊ ဗြူရိုကရေစီအသိုင်းအဝိုင်းအရအစဉ်အဆက် ချုပ်ကိုင်ထားသူများက ပြည်သူလူထုအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်ကျူးလွန်နေတဲ့ မတရားမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တချိန်တခါက ကိုင်စွဲခဲ့ပြီးယခုအခါ စွန့်လွှတ်ပစ်ပယ်ထားခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးပြဿနာရဲ့ အဆက်လည်း ဖြစ်ပါတယ်။ “တရားဥပဒေစိုးမိုးရေး” ဆိုတာကို ဟိုလိုဒီလိုအဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်နေကြပေမယ့် အနှစ်သာရကတော့ အောက်ပါအချက်နှစ်ချက် အပြည့်အဝပါဝင်ဖို့ပဲ ဖြစ်ပါတယ်။

၁။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အကျိုးစီးပွားတွေနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ပြောဆိုခွင့်တွေကို တကယ်တမ်းထိထိရောက်ရောက် အကာအကွယ်ပေးရေး၊

၂။ ပြည်သူတွေအပေါ် မတရားဖိနှိပ် အကြမ်းဖက်ရန်ပြုလာမှု မှန်သမျှကို ပြတ်ပြတ်သားသားထိထိမိမိကိုင် တွယ်အပြစ်ပေးအရေးယူနိုင်တဲ့ဥပဒေတွေစိုးမိုးရေး ဖြစ်ရပါ့မယ်။

ဘယ်သူကပဲဖြစ်ဖြစ် “တရားဥပဒေစိုးမိုးရေး”လို့ ပြောလာပါစေ။ ဒီအချက်နှစ်ချက်နဲ့ စိစစ်တိုင်းတာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအချက်နှစ်ချက် ပါဝင်ဖို့ ပျက်ကွက်နေတဲ့ တရားဥပဒေစိုးမိုးရေးဟာ အတုအယောင် တရားဥပဒေစိုးမိုးရေး (သို့မဟုတ်) အမည်ခံတရားဥပဒေစိုးမိုးရေးပဲ ဖြစ်ပါလိမ့်မယ်။ ပြည်သူတွေဟာ ရခိုင်ပြည်နယ်မှာစစ်တပ်ရဲ့ ရက်စက်တဲ့ ညှင်းပမ်းစစ်ဆေးမှုတွေကြောင့် သေဆုံးနေရပါတယ်။ လယ်ယာမြေတွေ အသိမ်းခံနေရတယ်။ ကျောင်းသားလူငယ်တွေက မဆီလျော်မှုတွေကို လှောင်ပြောင်သံချပ်ထိုးလို့ တရားစွဲခံရနေတယ်။ ဘာသာ၊ သာသနာနဲ့ ဝါရွှေသောသင်္ကန်းကို ခုတုံးလုပ်ပြီး ရိုင်းပြနေသူတွေကို လက်ပိုက်ကြည့်နေရပါတယ်။ လူငယ်မျိုးဆက်သစ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုကြီးဖြစ်တဲ့ မူးယစ်ဆေးဝါးလက်ကြီးသမားတွေကို လက်ရဖမ်းဆီးပြီး ကြီးလေးပြင်းထန်တဲ့ ပြစ်ဒဏ်ခတ်မှုတွေ မလုပ်နိုင်ပါဘူး။ ဒီဖြစ်ရပ်တွေ၊ ဒီမှုခင်းတွေဟာ “တရားဥပဒေစိုးမိုးရေး” ကို လှောင်ပြောင်ပျက်ရယ်ပြုနေတဲ့ အမှုအခင်းတွေဖြစ်သလို တပြိုင်နက်တည်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာဟာ ဒီလိုအမှုအခင်းတွေကို မြန်ဆန်ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုတဲ့ နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးအရပျက်ကွက်မှုကြီး၊ လစ်ဟာမှုကြီး ဖြစ်နေတာကိုအတိအလင်းဖွင့်ချပြနေပါတယ်။ ပြည်သူတွေအပေါ် မတရားဖိနှိပ် အနိုင်ကျင့်နေတာတွေကို မြန်ဆန်ထိရောက်စွာ အကာအကွယ်မပေးနိုင်တဲ့ အစိုးရကို “ပြည်သူ့အစိုးရ” လို့ ဘယ်လိုခေါ်လို့ ဖြစ်နိုင်ဦးမှာလဲ။

ယခုလတ်တလော ဟိုးလေးတကျော်ဖြစ်နေတဲ့ လူမဆန်ဆုံးမဖွယ်မရာအမှုကြီးဖြစ်တဲ့ (Wisdom Hill) မူကြိုကျောင်းအမှုကြီးကလည်းယနေ့တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လှောင်ပြောင်ပျက်ရယ်ပြုနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ နှုတ်က တဖွဖွပြောနေတဲ့ တရားဥပဒေစိုးမိုးရေးဘာလဲ၊ ဘယ်လဲဆိုတာကိုထပ်ဆင့်ပြီး ကျယ်လောင်စွာ မေးခွန်းထုတ်နေပါတယ်။ “နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ယင်းကိစ္စနဲ့ပတ်သက်ပြီး မျက်ကွယ်ပြုမထားပါကြောင်း၊ လျစ်လျူရှုမထားပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများကို ယင်းကိစ္စနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် အားလုံးညွန်ကြားထားပြီ ဖြစ်ပါကြောင်း— ”တဲ့။ ဒါတွေဟာ ပျားရည်နဲ့ ဝမ်းချနေတာလား။ တစ်သက်လုံးစားလာသမျှ သံပရာတခြမ်းနဲ့ ချေခိုင်းကြေခိုင်းနေတာလား။ ဒါတွေဟာ ယနေ့ တစာစာတောင်းဆိုနေကြတဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် အဖြေမဟုတ်ပါဘူး။ နှစ်သိမ့်မှုလည်းမဟုတ်ပါဘူး။ ယနေ့ လိုချင်နေတာက ကျေအေးနှစ်သိမ့်မှု သက်သက်မျှ မဟုတ်ပါဘူး။ ပြစ်မှုတစ်ခုပေါ်ပေါက်လာတဲ့အခါ မြန်ဆန်မှန်ကန်စွာနဲ့ အမှုမှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူနဲ့ ပူးပေါင်းကြံစည်သူတိုင်းကို ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူရေး ဖြစ်ပါတယ်။ ဒါကြောင့် အရင်းစစ်လိုက်ရင် တရားဥပဒေစိုးမိုးရေးဆိုတဲ့ ပြဿနာဟာတိုင်းပြည်ကို အစဉ်အဆက် အုပ်စိုးခဲ့ကြသူများက သူတို့ ရယူပိုင်ဆိုင် လက်ဝါးကြီးအုပ်ထားတဲ့ အာဏာ၊ ဓနဥစ္စာနဲ့ အကျိုးစီးပွားတွေကို အတိတ်- ပစ္စုပ္ပန်- အနာဂတ် ထာဝစဉ် ထိန်းသိမ်းကာကွယ်တည်မြဲရေး၊ တိုးပွါးရေးအတွက် အပေါ်စီးယူထားတဲ့ နိုင်ငံရေးအလိုရမ္မက်ကြီးမှု ပြဿနာကို အကုန်အစင်ဖြေရှင်းနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါကို မှန်ကန်ပြတ်သားပီပြင်စွာ ဖြေရှင်းနိုင်မှသာ ပြည်သူတွေအတွက် တကယ့်တရားဥပဒေစိုးမိုးရေးဟာ တသွင်ဆန်းသစ်ပြီး အမြန်ပေါ်ပေါက်လာနိုင်လိမ့်မယ် ဖြစ်ပါကြောင်း။

 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

     ၂၀၁၉၊ ဇူလိုင်၊ ၆ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)

၂၀၁၉၊ ဇူလိုင်၊ ၆ ရက်။

[ngg src=”galleries” ids=”644″ display=”basic_thumbnail”] 4-2019DPNS-Commentary