အကြမ်းဖက်ဖြေရှင်းခြင်းဖြင့် အဖြေရရှိမည်မဟုတ်

အမြင်သဘောထား
  • မေလ ၁၅ ရက်နေ့ နံနက် ၅းဝ၀ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသားများ၏ ဆန္ဒပြမှုအပေါ် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သတင်းရယူနေသော သတင်းထောက်တဦးအပါအဝင် လူငါးဦးဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကြားသိရပါသည်။
  • မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော အလုပ်သမားအခွင့်အရေးပြဿနာ၊ တောင်သူလယ်သမားများ ဒေသခံလူထုများ ဆုံးရှုံးနစ်နာနေရသည့် ပြဿနာ၊ ကျောင်းသားများ၏ ပညာရေးဆုံးရှုံးနေရမှုပြဿနာ၊ ပြည်တွင်းစစ်ဖြစ်နေသော ဒေသများရှိ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံးထိခိုက်နေရမှုပြဿနာ၊ ပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး မလုံလောက်မှုစသည့် ပြဿနာပေါင်းစုံ တိုး၍တိုး၍ လာနေပါသည်။ အဆိုပါ ပြဿနာများကို အစိုးရတရပ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်မှန်ကန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဖြေရှင်းခြင်း မရှိဘဲ ပြဿနာများ ပိုမိုကြီးထွားလာမှုဆီသို့သာ တွန်းပို့သကဲ့သို့ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ပြည်သူများ၏ တခဲနက်ဆန္ဒမဲဖြင့် ပေါ်ပေါက်လာသော အစိုးရတရပ်ဖြစ်သည်နှင့်အညီ ပြဿနာများအား ဖြေရှင်းသည့် နည်းနာများမှာလည်း ဒီမိုကရစီနည်းကျကျ လူထုကိုအခြေခံခြင်း၊ ငြိမ်းချမ်းစွာ အဖြေရှာခြင်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း စသည့် အကြမ်းမဖက်ဖြေရှင်းသည့် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ပေသည်။
  • ပြည်သူကို ကိုယ်စားပြုသည့် ဒီမိုကရေစီအစိုးရတရပ်၏ လုပ်ပိုင်ခွင့်အာဏာသည် ပြည်သူကို အကာအကွယ်ပေးရမည်၊ ကိုယ်စားပြုရမည်၊ ပြည်သူ့ဆန္ဒနှင့်အညီလည်း ဖြစ်ရပါမည်။ သို့သော်လည်း လက်တွေ့ဘဝတွင် ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ မတရားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်ခံရမှု၊ ညှင်းပမ်းသတ်ဖြတ်ခံရမှုများအပါအဝင် မွေးရာပါလူ့အခွင့်အရေးများ တနေ့တခြား ဆုံးရှုံးလျော့နည်းလာနေသည်ကို တွေ့မြင်နေရပါသည်။
  • အနီးဆုံးဖြစ်သည့် အောင်သပြေကျေးရွာ အပြစ်မဲ့ပြည်သူများ၏ ဆန္ဒပြတောင်းဆိုမှုကို ရဲနှင့် တာဝန်ရှိသူများက ဖြေရှင်းမှု၊ အကျဉ်းထောင်များအတွင်း အကျဉ်းသားများ၏ တင်ပြတောင်းဆိုမှုများကို အကျဉ်းဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေရှင်းမှု၊ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များတွင် ပါဝင်သည့် ရပိုင်ခွင့်များကို ကျော်လွန်၍ ခေါ်ယူစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ ညှင်းပမ်းနှိပ်စက်မှုကြောင့် အသက်သေဆုံးရခြင်း၊ တနိ်ုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်နေမှုများကို ဖြေရှင်းရာတွင် တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့သကဲ့သို့ ဖြစ်နေခြင်းတို့ကို တွေ့မြင်နေရပါသည်။
  • အစိုးရအနေဖြင့် စီမံခန့်ခွဲမှု၊ မူဝါဒချမှတ်မှုနှင့် လက်တွေ့အကောင်အထည်ဖေါ်မှုများသည် ပြည်သူလူထုအတွင်း အမှန်တကယ် ဖြစ်ပျက်ခံစားနေရသည့် အခြေအနေများနှင့် ကင်းလွတ်နေသောကြောင့် ပြဿနာများ၏အဖြေနှင့် ဝေးကွာလာနေသည်ကို တွေ့မြင်နေရပါသည်။
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရတရပ်ဖြစ်သည့် အားလျော်စွာ ပြည်သူလူထုဘက်က ရပ်တည်လျက် ရဲရဲရင့်ရင့်၊ သတိရှိရှိဖြင့် ပြည်သူလူထုအား ကာကွယ်လျက် တာဝန်ရှိသူများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်သလို၊ မတရားမှုများကိုလည်း အပြစ်ပေးအရေးယူသင့်ပါသည်။
  • သို့ဖြစ်ပါ၍ ဖြစ်ပေါ်လာသည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင် အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းသည်သာ အကောင်းမွန်ဆုံးနှင့် အသင့်တော်ဆုံး နည်းလမ်းဖြစ်ကြောင်း မိမိတို့ပါတီ၏ အမြင်ကို ဖေါ်ပြအပ်ပါသည်။
[ngg src=”galleries” ids=”641″ display=”basic_thumbnail”] 1-2019DPNS-Commentary-1-1