လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့ ဆွေးနွေးချက်

သုံးသပ်ချက် အမြင်သဘောထား

၂၀၁၈ ခုနှစ်ထဲတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီလဲဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ MCN TV News ၏  “မျက်မှောက်ရေးရာ သုံးသပ်စရာအစီအစဉ်” တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ  ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်များအား ကောက်နုတ်တင်ပြပေးလိုက်ပါသည်။

 

MCN TV News  ။  ဆရာဦးအောင်မိုးဇော်အနေနဲ့ ဆိုရင်ရောဗျ၊ ဆရာတို့ပါတီအနေနဲ့ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုမျိုး ပါဝင်ဖြတ်သန်းမလဲဆိုတာ။

 

ဦးအောင်မိုးဇော်   ။ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့တော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကျွန်တော်တို့ဝင်ခဲ့တဲ့အတွက် လာမယ့်ကြားဖြတ်မှာ ကျွန်တော်တို့မဝင်လို့ရှိရင်လည်း ရပါတယ်။ ကျွန်တော်တို့မှာ လောလောဆယ် ဝင်ဖို့တော့ အစီအစဉ်မရှိပါဘူး။

 

MCN TV News    ။  ဟုတ်ကဲ့ခင်ဗျ။ လောလောဆယ်တော့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေအနေနဲ့  ရွေးကောက်ပွဲပြုလုပ်ကျင်းပမယ့်ရက်ကို တရားဝင်ထုတ်ပြန်ကြေငြာတာတော့ မရှိသေးဘူး၊ ဒါပေမယ့်လည်း အရပ်ဖက်အဖွဲ့အစည်းတွေကတော့ ရွေးကောက်ပွဲပြုလုပ်ဖို့ ၆ လလောက် အလိုကတည်းက ထုတ်ပြန်ကြေငြာပေးဖို့ တောင်းဆိုမှုတွေလည်း ရှိတယ်။ ဆိုတော့ ဆရာတို့အနေနဲ့ရော ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အချိန်ယူပြီးတော့ ကြေငြာဖို့အတွက်ကိုရော ဆရာတို့အနေနဲ့ ဘာကြောင့်လိုအပ်တယ်လို့ ကော်မရှင်ကို တိုက်တွန်းချင်တာများ ရှိမလားဆရာ။

 

ဦးအောင်မိုးဇော်   ။ တကယ်တမ်းပြောရင်တော့ ရွေးကောက်ပွဲတစ်ရပ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်အတွက်သော်လည်းကောင်း၊ ရွေးကောက်ပွဲကိုစောင့်ကြည့်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအတွက်သော်လည်းကောင်း၊ ဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအတွက်သော်လည်းကောင်း၊ ပြည်သူလူထုပါ အပါအဝင်ပေါ့ လုံလောက်တဲ့ အချိန်ပေးမှုတော့ လိုအပ်တယ်လို့ ကျွန်တော်အနေနဲ့ ယူဆတယ်။ အဲ့တော့ အနိမ့်ဆုံး ၆ လလောက်ကတော့ ကြိုပြီးတော့ အသိပေးသင့်တယ်လို့ ထင်တယ်။ ဒါမှလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်ပြင်ဆင်သင့်တာ ပြင်ဆင်လို့ရမယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် အဖွဲ့အစည်းတွေအနေနဲ့လည်း ပြင်ဆင်နိုင်မယ်။ အားလုံးပေါ့ အသီးသီးပေါ့။ ပြည်သူလူထုကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရင် ကောင်းမလဲဆိုတာကို စဉ်းစားချိန်ရမှာဖြစ်တဲ့အတွက်၊ ကျနော်ကတော့ အနိမ့်ဆုံး ၆လလောက်က အသိပေးသင့်တယ်လို့ ယူဆတယ်။

 

MCN TV News   ။ ဟုတ်ကဲ့ခင်ဗျ။ ဆရာဦးအောင်မိုးဇော်တို့ ဆိုရင်လည်း အရင်တုန်းက ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါမျိုးတွေမှာ၊ ကော်မရှင်ရဲ့ ရွေးကောက်ပွဲရက် သတ်မှတ် ကြေငြာမူတွေပေါ့နော်။ အဲဒီအတွေ့အကြူံတွေပေါ်မှာရော ဆရာတို့နိုင်ငံရေးပါတီအတွက် သူရဲ့ ရွေးကောက်ပွဲ ရက် ကြေငြာမူနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ကြားထဲကကာလတွေမှာ ဆိုရင်ရော ပါတီတွေအတွက် အလုပ် လုပ်ဖို့၊ ကိုယ်စားလှယ်လောင်းတွေ ပါတီတွေအတွက် အလုပ်လုပ်ဖို့ အချိန်တွေ မျှတမူရှိခဲ့ရဲ့လား။ အဲ့အပေါ်မှာရော အစ်ကိုတို့ ဘယ်လိုတွေ့ကြုံခဲံပါသလဲ။

 

ဦးအောင်မိုးဇော်  ။   ယေဘုယျကြည့်မယ်ဆိုရင်တော့ မျှတမူရှိတယ်လို့ ပြောလို့ရမယ်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ ပါတီငယ်တွေ၊ နောက် ပါတီစပြီးဖွဲ့စည်းတဲ့ အသစ်တွေပေါ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းက ကျွန်တော်တို့က ဟိုတုန်းကတည်းက ရှိခဲ့တဲ့ပါတီဖြစ်ပေမယ့် ဒီမှာပါတီ မှတ်ပုံပြန်တင်ရတဲ့ အခါကျတော့ အသစ်လိုဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ပြင်ရဆင်ရတာက ကျွန်တော်တို့အတွက် ခက်ခဲမူ နည်းနည်းရှိတယ်။ ကောင်းတာကတော့ လုံလုံလောက်လောက်ပေါ့။ ခုနကပြောသလိုပဲ လုံလုံလောက်လောက် အချိန်ကို ကြေငြာမယ်ဆိုလို့ရှိရင် ပါတီငယ်တွေ၊ နောက်ပြီးတော့ အခုမှ စပြီးတော့ တည်ထောင်တဲ့ပါတီတွေ အတွက်တော့ ပိုပြီးတော့သင့်တော်မယ်လို့ ကျွန်တော်တော့ အဲ့လိုယူဆပါတယ်။

 

MCN TV News ။ ဟုတ်ကဲ့ခင်ဗျ။ ဆိုတော့ခင်ဗျာ မဲဆန္ဒရှင်စာရင်းအပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲက အရေးတကြီးပြင်ဆင်ဖို့ရာ လိုအပ်တဲ့ အချက်အလက်မျိုးတွေ ဆိုလို့ရှိရင်ကော။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို အခြေခံပြီးတော့ ဆရာတို့အနေနဲ့ဆိုရင်ရော ဘာတွေအကြံပေးချင်လဲ။

 

ဦးအောင်မိုးဇော်  ။  အရင်ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ ကြုံခဲ့ရတာလေးတချို့တော့ ရှိတယ်။ ဥပမာ အထူးသဖြင့် သဘောထားကြေငြာချက်ပေါ့။ မြန်မာ့အသံကနေပြီးတော့ ကျွန်တော်တို့ပါတီရဲ့ သဘောထား ကြေငြာချက်ကို သွားပြီးပြောတဲ့အခါမှာ တချို့စကားလုံးတွေ၊ တချို့အသုံးအနှုန်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ပြင်တာရှိတယ်။ မပြင်လို့မရဘူးဆိုပြီး ပြင်တာရှိတယ်။ အဲလိုကိစ္စမျိုးမှာ နောက်ဆုံးအခြေအနေမှာ ကျွန်တော်တို့ အလျှော့ပေးရတာရှိတယ်။ ဥပမာ ကျွန်တော်တို့ ရှစ်လေးလုံး လူထုအရေးတော်ပုံလို့ ကျွန်တော်တို့သုံးတယ်၊ဒါပေမယ့် အရေးတော်ပုံဆိုတဲ့ စကားကို သူတို့ကလက်မခံဘူး။ ပြင်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုသာ အဲလိုပြင်ဖို့ပြောတာ။ တချို့ပါတီတွေ ဟောပြောတဲ့အခါတွေမှာ အဲ့ထက်ပြင်းတဲ့ စကားလုံးတွေသုံးတာ ရှိတယ်။ အဲ့လိုကိစ္စမျိုးတွေက အထွေထွေရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ်လား ပေါ့နော်၊ အဲဒါက မေးခွန်းထုတ်စရာဖြစ်တယ်။ အဲ့လိုကိစ္စမျိုးတွေကတော့ မလုပ်တာကောင်းတယ်။ ပြင်တာဆင်တာကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ရှိရင် အထွေထွေ ရွေးကောက်ပွဲကော်မရှင်က ကြီးကြပ်လို့ရတယ်။ သူတို့အဆုံးအဖြတ်ကို နိုင်ငံရေးပါတီတွေက လက်ခံရမယ် ဆိုတဲ့ ကိစ္စတွေကတော့ သူတို့ပြန်ပြီးတော့ စဉ်းစားဖိုလိုတယ်လို့ ကျွန်တော်ထင်တယ်။ လက်ရှိ အာဏာရနေတဲ့ ပါတီကလည်းပဲ အဲ့ကာလတုန်းက အတိုက်အခံသဘောမျိုးဖြစ်တယ်။ သူတို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံး၊လုပ်နည်းတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာရှိတယ်။ အခု သူတို့အာဏာရပြီ။ နှစ်နှစ်ရှိသွားပြီ။ ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ခုနကလို ကိစ္စမျိုးတွေနဲ့ ပတ်သက်လို့  ပြင်ဖို့ဆင်ဖို့ ကိစ္စတွေကို သူတို့ဆောင်ရွက်သင့်ပြီလို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။ ဒါတစ်ခုပါ။ နောက်တစ်ခု ကျွန်တော်တို့ ကြုံရာတာ၊ ဘာကြုံရသလဲဆိုတဲ့အခါကျတော့ ကော့ကရိတ်ဘက်မှာပေါ့နော်။ ကော့ကရိတ်ဘက်မှာ ကျွန်တော် တို့ စည်းရုံးရေးလုပ်တဲ့အခါကျတော့ အာဏာပိုင်တွေက တားတာ၊ဆီးတာမျိုးတွေရှိတယ်။ နောက် တံတားဦးမှာ ကျွန်တော်တို့ပါတီက ရပ်ကျေးဆိုင်းဘုတ်ကို ရွေးကောက်ပွဲကာလမှာ ရဲတော့မဟုတ်ဘူးပေါ့၊ ခေါ်ပြီးတော့ ဗော်လံတီယာသဘောမျိုး၊ သူတို့ကိုသင်တန်းပေးပြီးတော့ ရွေးကောက်ပွဲမှာ ပဋိပက္ခတွေဖြစ်လို့ရှိရင်  ထိန်းဖို့၊ သိမ်းဖို့၊ ရဲသဘောမျိုးပေါ့။ ကျေးရွာထဲကပဲ၊ သူတို့က ကျွန်တော်တို့ ဆိုင်းဘုတ်ကို လာပြီးတော့ဖြုတ်တာ၊ အဲဒါမျိုးတွေ ကျွန်တော်တို့ကြုံခဲ့ရတာ ရှိတယ်။ အဲ့ကိစ္စကတော့ ဒေသဆိုင်ရာနိုင်ငံရေးနဲ့လည်း ဆိုင်ပါတယ်။ ဒေသမှာရှိတဲ့ နိုင်ငံရေးသမားတွေ မြှောက်ပင့်ပြီးတော့ လုပ်ခိုင်းတာ ဖြစ်နိုင်ပါတယ်။ အဲလိုကိစ္စမျိုးတွေ မဖြစ်အောင် ထိန်းဖို့၊သိမ်းဖို့ လိုတယ်လို့ ကျွန်တော် အဲလိုထင်ပါတယ်။

 

MCN TV News ။  ဟုတ်ကဲ့။ ဆရာတို့ဆိုရင်ကော ကော်မရှင်ရဲ့ လွှမ်းမိုးမှုလို ဟာမျိုးကို ပြီးခဲ့တဲ့ သက်တမ်း ကာလတွေတုန်းက ဘယ်လိုတွေများကြူံတွေ့ခဲ့တာမျိုးရှိသလဲ။

 

ဦးအောင်မိုးဇော် ။  အရင်သက်တမ်းတုန်းကပေါ့။ ကျွန်တော်တို့ပါတီ မှတ်ပုံတင်တယ်။ ကျွန်တော်တို့ပါတီ မှတ်ပုံတင်ကျတယ်။ မှတ်ပုံတင်ကျပြီးတော့ ကျွန်တော်တို့ ဒီလိုပဲ ကိုယ့်ရဲ့ပုံမှန်အလုပ်တွေ လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ပါတီရဲ့ ဆိုင်းဘုတ်၊ ကျွန်တော်တို့ပါတီရဲ့ အလံ၊ အဲဒါကို ပြောင်းခိုင်းတာရှိတယ်။ အဲလို ပြောင်းခဲ့တဲ့ကိစ္စဟာ ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲမှာရှိတဲ့ ဥပဒေတွေအရကို လုံးဝ မညီညွတ်ဘူးလို့ထင်တယ်။ သို့သော်လည်းပဲ မပြောင်းလို့ရှိရင် ဖျက်ပစ်မယ်။ မပြောင်းလို့ရှိရင် ပါတီကို ဖျက်ပစ်မယ်ဆိုတဲ့အထိ ဖိအားပေးလာတဲ့အတွက် ကျွန်တော်တို့ပါတီရဲ့အလံကို ပြောင်းပေးလိုက်ရတာ ရှိတယ်။ ကျွန်တော်တို့ဆိုရင် အင်မတန်ရှင်းတယ်၊ မြန်မာပြည်ထဲကို ပြန်ဝင်လာကတည်းက အဲ့ကာလမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဆက်စပ်ပြီးတော့ ဆွေးနွေးမူတွေ လုပ်တယ်။ ကော်မရှင်နဲ့ရော ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမူတွေ လုပ်တယ်။ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးမူတွေလည်း လုပ်တယ်။ ကျွန်တော်တို့ လေ့လာရေးခရီးတွေ လာတဲ့အခါမှာလည်း တစ်နိုင်ငံလုံးအနှံ့ ကျွန်တော်တို့သွားတယ်၊ အဲ့ကာလတွေကတည်းက ကျွန်တော်တို့အလံကို သုံးလာတာ ဖြစ်တယ်။ နောက်တစ်ခုက ပါတီမှတ်ပုံတင် တော့လည်း ဒီအလံနဲ့ပဲ တင်တာဖြစ်တယ်။ သို့သော်လည်းပဲ နောက်မှ၊ ကျွန်တော်တို့ရဲ့နောက်မှ ဖြစ်လာတဲ့ ပါတီက သူတို့အလံနဲ့ သူတို့ဆိုင်းဘုတ်နဲ့ တူပါတယ်လို့ လုပ်တဲ့အခါကျတော့၊ ကျွန်တော်တို့ဆိုင်းဘုတ်ကို ပြောင်းပေးရတဲ့ အခြေအနေရှိတယ်။ အဲ့ဒါကတော့ ကျွန်တော်ထင်တယ်။ အဲ့လိုအနိုင်ကျင့်တဲ့ ကိစ္စမျိုးပေါ့နော်။ အဲလို အနိုင်ကျင့်ခွင့်မျိုးကို ကော်မရှင်ကို ပေးထားတယ်။ ကော်မရှင်မှာ အဲဒါရှိတယ်။ နောက်တစ်ခုက ကော်မရှင်ရဲ့ အဆုံးအဖြတ်ပေါ့။ ကော်မရှင်ရဲ့စကားက နောက်ဆုံးပဲ။ ကျွန်တော်တို့ ဒီထက်လည်း ကော်မရှင်ဆုံးဖြတ်တာကို မကျေနှပ်လို့ အယူခံပိုင်ခွင့်လည်း မရှိဘူး။ အခြား ကျွန်တော်တို့ လုပ်ခွင့်မရှိဘူး။ အဲ့ဒီ အခြေအနေမျိုးကိုတော့ လက်ရှိကော်မရှင်အနေနဲ့ပဲဖြစ်ဖြစ်၊ လက်ရှိအစိုးရအနေနဲ့ပဲဖြစ်ဖြစ် သေသေချာချာ စဉ်းစားသင့်တယ်။ သေသေချာချာ Review ပြန်လုပ်သင့်တယ်။ သူတို့လည်း ဒီလိုအခြေအနေမျိုးတွေ ကြုံခဲ့ရတာ။ အဲဒါမျိုးတွေ သေသေချာချာ Review ပြန်လုပ်သင့်လို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။ အဲဒါက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကိုပါ သက်ရောက်တယ်လို့ ကျွန်တော်ပြောချင်တယ်။ နိုင်ငံရေးပါတီတွေကို ချုပ်ကိုင်တယ်။ လှုပ်ရှားခွင့်တွေမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့်တွေ နည်းတယ်။ အဲ့တော့ ပါတီငယ်တွေ၊ နောက်ထပ် အသစ်အသစ်ဖြစ်လာတဲ့ ပါတီတွေအတွက်၊ ကိုယ့်ကိုကိုယ် ကြီးထွားအောင်လုပ်ရမယ့် အခြေအနေတွေမှာ အကန့်အသတ်ဖြစ်တယ်။ အဲဒါ ဘာပဲပြောပြော ရွေးကောက်ပွဲကို Indirectly သွားပြီးတော့ သက်ရောက်တာပဲလို့ ကျွန်တော်တော့ ယူဆတယ်။

 

MCN TV New ။  ဟုတ်ကဲ့ ခင်ဗျာ။ ဆရာတို့ဆိုရင်ကော ရွေးကောက်ပွဲကော်မရှင်ကဆရာတို့ နိုင်ငံရေး ပါတီတွေရဲ့ လှုပ်ရှားဆောင်ရွက်မူတွေအပေါ်ကို လာပြီးတော့ Impact ဖြစ်အောင်၊ ဆောင်ရွက်ချက် တွေကို ဆရာတို့ ကြုံတွေ့ရတာရှိလား။

 

ဦးအောင်မိုးဇော်  ။  များများစားစားတော့ မရှိပါဘူး။ ဟိုတလောကတော့ ရှိတာ ကျွန်တော်တို့ Stament တွေ ဘာတွေ ထုတ်မယ်၊ သဘောထားတွေ ဘာတွေထုတ်မယ် ဆိုလို့ရှိရင် ကော်မရှင်ကိုစာနဲ့ တရားဝင် အကြောင်းကြားရမယ် ဆိုတာမျိုးပေါ့။ ကျွန်တော်တို့ဆီလာတဲ့စာက အမိန့်စာ နည်းနည်းဆန်တယ်။ ရုံးစာ သဘောကို ကျွန်တော်သဘောပေါက်ပါတယ်။ ရုံးစာ ဘယ်လိုရေးရသလဲဆိုတာ။ ဒါပေမယ့် ကျွန်တော်တို့ဆီ လာတဲ့စာက အလာမိန့်သံနည်းနည်းပါတယ်။ အဲဒါမျိုးတွေကျတော့ နည်းနည်းမနှစ်မြို့ဘုူးပေါ့နော်။ ကျွန်တော် ထင်တယ်။ ပြည်ခိုင်ဖြိုးကလားမသိဘူး တချို့ပါတီတွေက ဒီကိစ္စကို Complain လုပ်တဲ့အခါကျတော့ သူတို့ ပြန်ပြီးရှင်းတဲ့စာကို ကျွန်တော်တို့ ဖတ်ရပါတယ်။ သူတို့လည်းသူတို့မှာ မှတ်တမ်းရှိဖို့ လိုအပ်တယ်။ ဒါကြောင့် တောင်းတာပါပေါ့နော်။ ဒါကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ရင် သူတို့က အထက်ကလို့ ယူဆထားပုံ ရတယ်။ သူတို့က ညွှန်ကြားခွင့်ရှိတယ်။ ကြီးကြပ်ခွင့်ရှိတယ်။ အဲ့ဒီအခွင့်အာဏာကို သူတို့ကိုပေးထားတယ်။ အဲဒါမျိုးတွေပေါ့နော်။ တကယ်တမ်းပြောရင် ဆွေးဆွေးနွေးနွေး လုပ်လို့ရတယ်၊ တိုင်တိုင်ပင်ပင် လုပ်လို့ ရတယ်။ ဖုန်းခေါ်ပြီး ပြောလို့ရတယ်။ တွေ့ချင်ပါတယ်၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့မယ်၊ စကားပြောကြမယ်။ ကျွန်တော်တို့ ဒါတွေ ဒါတွေလိုအပ်တယ်။ ဒီလိုလုပ်လို့ရတယ်။ စာတွေဘာတွေ လာတာ အမိန့်သဏ္ဍာန်ဆန်တော့ နည်းနည်းတော့ မခံချည့် မခံသာတော့ ဖြစ်တယ်ဗျ။

 

MCN TV News ။  ဟုတ်ကဲ့။ ဟုတ်ကဲ့ခင်ဗျ။ ဆိုတော့ကာ နောက်တစ်ခုက ကျွန်တော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲကျင်းပမူ အကြိမ်ရေကလည်း လက်ချိုးရေလို့ရှိရင်တောင် လက်ငါးချောင်းမပြည့်သေးတဲ့ အခြေ အနေမျိုးပေါ့နော်။ လေးကြိမ်ပဲ ကျင်းပနိုင်သေးတယ်ပေါ့နော်။ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်၊ ရွေးကောက်ပွဲကြီး နှစ်ကြိမ်ပေါ့နော်။ ဆိုတဲ့အခါမှာ ရွေးကောက်ပွဲတိုင်း ရွေးကောက်ပွဲတိုင်းမှာ ကျွန်တော်တို့ အတွက် သင်ခန်းစာတွေယူပြီးတော့၊ အတွေ့အကြုံတွေယူပြီးတော့၊ ပိုပြီးတော့ လွတ်လပ်သန့်ရှင်းပြီးတော့၊ တရားမျှတမူရှိတဲ့ ရွေးကောက်ပွဲတွေကို ဆက်ပြီးတော့ ကျင်းပနိုင်ဖို့ရာ ကျွန်တော်တို့ Carrier လုပ်ရမှာ ပေါ့နော်။ ဆိုတဲ့အခါမှာ ကော်မရှင်အနေနဲ့ အခုချိန်ထိဆိုလို့ရှိရင်လည်း မဲဆန္ဒပေးပိုင်ခွင့် ရှိသူတွေစာရင်း၊ မဲစာရင်းနဲ့ ပတ်သတ်ရင်လည်း ဝေဖန်မူတွေလည်း ရှိနေတုန်းပေါ့နော်။ ဒီဟာမျိုးတွေအတွက်ဆိုရင် ကော်မရှင် အနေနဲ့ သင်ခန်းစာယူပြီးတော့ ဘာတွေကို သယ်ဆောင်သွားဖို့ရာအတွက်ကို ဆရာတို့အနေနဲ့ တိုက်တွန်းချင်တာမျိုးရှိမလဲဗျ။

 

ဦးအောင်မိုးဇော်     ။  ကျွန်တော်ပြောရ နည်းနည်းခက်တယ်ဗျ။ မဲစာရင်းတွေပေါ့နော်။ ဘယ်လောက် တိတိကျကျ လုပ်ထားလဲ။ ဘယ်လောက ်မှန်မှန်ကန်ကန် ရှိသလဲဆိုတာကိုယ်၌က နိုင်ငံရေးပါတီတွေနဲ့ ဖြစ်ဖြစ်၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကျွန်တော်တော့ အဲလိုတင်တယ်။ အထူးသဖြင့် မဲဆန္ဒနယ်တစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေပေါ့။ သူတို့အတွက်ဆို သိပ်အရေးကြီးတယ်။ နယ်တစ်နယ်မှာ ပါတီနှစ်ခုက ပြိုင်မယ်၊ သုံးခုကပြိုင်မယ်ဆိုရင် ဒီမဲစာရင်းနဲ့ပတ်သက်လို့ သုံးဖွဲ့လုံးက ဥပမာပြောမယ်ဆိုရင် ကျေလည်နေဖို့လိုတယ်။ အဲဒါမျိုးတွေမှာ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေ ဝင်ပြိုင်မယ့် Candidate တွေနဲ့ ဒီကော်မရှင်ဟာ သေသေချာချာ ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်တော့ အဲ့လို ယူဆတယ်ဗျ။ လက်တွေ့ အခက် အခဲတွေ ဘာတွေရှိလဲ ကျွန်တော်တော့ မပြောတတ်ဘူးပေါ့ဗျာ။

 

MCN TV News    ။ ဟုတ်ကဲ့ခင်ဗျ။ ပြီးတော့ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကြည့်တဲ့ အခါမျိုးမှာဆိုရင်လည်း ကော်မရှင်ရဲ့အလုပ်သည် ရွေးကောက်ပွဲကျင်းပခါနားနီးမှ မဲစာရင်းပြုစုတာတို့ မဟုတ် ဘဲနဲ့၊ စဉ်ဆက်မပြတ် မဲဆန္ဒရှင်စာရင်းပြုစုတာတွေ၊ နောက်ပြီးတော့ ပါတီတွေနဲ့ဆက်ဆံရေးတွေ၊ ပြီးတဲ့အခါ ရွေးကောက်ပွဲစနစ်တွေက စပြီးတော့ လေ့လာသုတေသနပြုတာတွေ၊ ကော်မရှင်မှာလည်း လုပ်ငန်းပေါင်း များစွာ ရှိတယ်ပေါ့နော်။ သို့သော် ဒီဟာတွေကို စဉ်ဆက်မပြတ် ကော်မရှင်အနေနဲ့ ဆောင်ရွက်ဖို့ရာ အတွက်ဆိုရင် ကိုအောင်မိုးဇော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ဆိုရင် ဘာတွေတိုက်တွန်းချင်တာ ရှိသလဲခင်ဗျ။

 

ဦးအောင်မိုးဇော် ။ ကျွန်တော်ပြောတာက အခု ပြည်ထောင်စုလွှတ်တော်ပေါ့ ၊အမျိုးသားလွှတ်တော် ဒီကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်လို့ ကျွန်တော်တော့ထင်တယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ Environment က ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး၊ လွတ်လွတ်လပ်လပ် ရှင်သန်ဖွံ့ဖြိုးနိုင်တဲ့ Environment ဖြစ်ဖို့လိုတယ်။ အဲလို Environment ဖြစ်ဖို့ဆိုရင် ခုနက နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ စည်းမျည်း စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို သေသေချာချာ ပြန်ပြီး Review လုပ်ရမယ်။ ဒီကိစ္စက ကျွန်တော်ထင်တယ် ၇၅ ရာခိုင်နှုန်း သဘောတူစရာလည်း မလိုဘူး။ အခုက အချိန် နှစ်နှစ်ရှိပြီ။ ဒီကိစ္စမျိုးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သေသေချာချာ Review လုပ်တာ၊ ကိုယ့်နိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေကို ခိုင်မာတဲ့နိုင်ငံရေးပါတီတွေ ဖြစ်ဖို့အတွက်ကို Environment တစ်ခု ဖန်တီးတယ်ဆိုတဲ့ကိစ္စက လုပ်ကိုလုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ ကျွန်တော်တို့အတွက်တင်မဟုတ်ဘူး Civil Society တွေအတွက်လည်း အဲ့လိုပဲ။ အခြား Institution တွေအတွက်လည်း အဲ့လိုပဲ။ အခုကိစ္စက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောနေတာ၊ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ ပြောနေတာဆိုတော့၊ အဓိကတာဝန်ရှိတာကတော့ လွှတ်တော်မှာပဲ။ ဥပမာ ကျွန်တော်တို့ ဆိုလို့ရှိရင် ဒါ ကျွန်တော်ကြုံလို့ပြောတာပါ။ ၂၀၂၀ ရွေးကောက်ပွဲလည်း ဝင်လို့မရဘူး။ ပုဂ္ဂိုလ်ရေးအရ ၂၀၂၅ မှ ဝင်လို့ရမယ် ထင်တယ်။ ဘာကြောင့်လဲ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ရွေးကောက်ပွဲလုပ်တဲ့ အချိန်ကနေပြီးတော့ ဆယ်နှစ် တိုင်းပြည်ထဲမှာ နေရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့။ အဲဒါတွေက Intentionaly ဖန်တီးခဲ့တာလို့ ကျွန်တော်ယူဆတယ်။ ကျွန်တော်တို့မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့မိတ်ဆွေ လွှတ်တော်တွေက ပြန်ပြီး Review မလုပ်ဘူးဆိုရင် ကျွန်တော်တို့တွေအတွက် အခက်အခဲရှိတယ်။ ခုနက နိုင်ငံရေးပါတီတွေ အတွက်လည်း ဒီအတိုင်းပဲပေါ့နော်။ ကျွန်တော် DVB Debate မှာလည်း ဒီကိစ္စပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့မှာ တာဝန်ပိုရှိတယ်လို့ ကျွန်တော်ပြောချင်တာ။

 

MCN TV News   ။  ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့ ဆွေးနွေးခန်း ကျင်းပတဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နောက်ဆုံးအနေနဲ့က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့အတွက် မဲဆန္ဒနယ် ရှစ်နေရာလောက် လစ်ဟာနေတဲ့ အခြေအနေမျိုးပေါ့။ ဆိုတဲ့အခါမှာ နိ်ုင်ငံရေးအရ ရွေးကောက်ပွဲကျင်းပခြင်းရဲ့ သက်ရောက်မူတွေအနေနဲ့က နိုင်ငံရေးလောက ဘယ်လိုသက်ရောက်မူတွေ ဖြစ်ပေါ်လာနိုင်မလဲ။

 

ဦးအောင်မိုးဇော် ။ ကျွန်တော်အနေနဲ့က ဒီရလဒ်ကိုကြည့်ပြီး ရှေ့ရွေးကောက်ပွဲအတွက် နည်းနည်း ခန့်မှန်း တယ်ပေါ့နော်။ အရင်တစ်ခါ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တယ်။ လုပ်တဲ့အခါမှာကျတော့ ရှမ်းပြည် ဘက်မှာဆို SNLD  က နိုင်တာတွေ များလာတယ်။ ဆိုတဲ့အခါမှာ ကျိန်းသေတာကတော့ လက်ရှိ အာဏာရပါတီနဲ့ ပတ်သက်လို့ နည်းနည်းကျလာတယ်။ တိုင်းရင်းသားပါတီတွေ သူ့ဒေသတွေမှာ နည်းနည်း ပြန်တက် လာတယ်လို့ အဲလို ခန့်မှန်းလို့ရတယ်။ လူထုရဲ့ ထောက်ခံမူပေါ့နော်။ အခု ရွေးကောက်ပွဲလည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီအပေါ်မှာ ကြည့်ပြီးတော့ လက်ရှိအာဏာရပါတီအနေနဲ့ သင်ခန်းစာတွေ ယူနိုင်ကောင်းရှိရင်၊ ရှိနိုင်လိမ့်မယ်။ သို့မဟုတ် သူ့အနေနဲ့ အားတက်စရာတွေ ရှိကောင်း ရှိနိုင်လိမ့်မယ်။ အဲ့လိုအခြေအနေမျိုးကို လာမယ့်ရွေးကောက်ပွဲက အဲ့လောက်ပဲ သုံးသပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

 

MCN TV News   ။ ဟုတ်ကဲ့။ နောက်ဆုံးအနေနဲ့က ၂၀၁၈ ထဲမှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းပြီး တရားမျှတမူရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်အနေနဲ့ လက်ရှိအာဏာရထား တဲ့ အစိုးရအနေနဲ့ ဆောင်ရွက်ဖို့ရာတွေကို နောက်ဆုံးအနေနဲ့ အကြံပြု တိုက်တွန်းချင်တာရှိရင်လည်း ပြောပေးပါဦး။

 

ဦးအောင်မိုးဇော်    ။  ကျွန်တော်အနေနဲ့ တင်ပြချင်တာ၊ ပြောချင်တာကတော့ အချိန်လုံလုံလောက်လောက် ကြေငြာပေးပေါ့နော်။ ရုတ်တရက်ကြေငြာတာ၊ ကပ်ပြီးတော့ကြေငြာတာ အဲဒါကျတော့ ညစ်တဲ့သဘောမျိုး ဖြစ်နိုုင်တယ်။ အဲလိုယူဆလို့ ရတယ်။ ကောင်းတာကတော့ အချိန်လုံလုံလောက်လောက် ပေးပြီးတော့ ရွေးကောက်ပွဲရက်ကို ကြေငြာတာ အကောင်းဆုံးပဲလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

 

MCN TV News   30.1.2018 

(ဓာတ်ပုံ – MCN TV news)

[ngg_images source=”galleries” container_ids=”349″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]