လူထုအားကိုးမှုရှိခဲ့တဲ့ ပါတီကြီးတစ်ခုက ကတိကဝတ်တွေကို နယ်ကုန်ဆောင်ရွက်သင့်တယ်… (Eleven)

အမြင်သဘောထား

ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

၄၊ နိုဝင်ဘာ၊ ၂၀၁၉။  Eleven ရုပ်သံ

တကယ်ကတော့ သူတို့ ကတိကဝတ်ကတော့ သုံးခုပေါ့ဗျာ။ ကျနော်သိသလောက်ကတော့ . . . ငြိမ်းချမ်းရေးလုပ်မယ်၊ ဖွဲ့စည်းပုံပြင်မယ်၊ တရားဥပဒေစိုးမိုးရေးလုပ်မယ်ပေါ့ဗျာ။ အခု ကျနော်တို့ကြည့်ရင် အားလုံးမြင်တာပဲလေ။ Eleven အပါအဝင် မီဒီယာအားလုံးလည်း မြင်ပါတယ်။ လူထုတွေလည်း မြင်ပါတယ်။ သုံးခုလုံး မရေမရာ ဖြစ်နေတယ်။ ကြိုးစားအားထုတ်တာ၊ ဆောင်ရွက်တာ စသည်ဖြင့်၊ ဒေါ်စုအင်တာဗျူးထဲမှာလည်း ပါတယ်။ အားလုံးလည်း မြင်တယ်။ အားရစရာ မရှိဘူးလေ။ အဲဒီတော့ ဒါတွေက ဒီထက် အားရစရာရှိအောင် ဆောင်ရွက်သင့်တာတော့ အမှန်ပဲ။ မဆောင်ရွက်နိုင်ဘူးဆိုရင်တော့၊ လမ်းဆုံးရောက်အောင် မသွားနိုင်ဘူးဆိုရင်တော့ လူထုရဲ့ အကဲဖြတ်ချက်မှာ အမှတ်လျော့မှာတော့ အမှန်ပဲ။  

အချက်အလက်တချို့ကတော့ ဦးသိန်းစိန်အစိုးရဆီက အာဏာလွှဲပြောင်းရယူတဲ့ ကာလတွေမှာ တစုံတရာ ညှိနှိုင်းကြတယ်လို့ ဆိုတယ်။ နှစ်နှစ်အတွင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးကို မစသေးဘူးဆိုတဲ့ ကတိကဝတ် ရှိတယ်လို့ ဆိုတယ်။ ဒါက ဘယ်လောက်သေချာမလဲတော့ မသိဘူး။ အဲဒီကတိကဝတ်တွေကြောင့် အစနောက်ကျတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ အစနောက်ကျသည့်တိုင်အောင် ကိုယ်စလိုက်တဲ့အချိန်မှာ လူထုတွေ ပါဝင်တဲ့နည်း၊ ဖြစ်နိုင်ချေကို ချည်းကပ်တဲ့နည်းတွေကို ရှာဖွေသင့်တယ်လို့ မြင်တယ်။ တပြိုင်နက်တည်းမှာ တပ်ရဲ့ အခန်းကဏ္ဍက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးမှာပဲဖြစ်ဖြစ် တပ်ရဲ့အခန်းကဏ္ဍအင်မတန်ကြီးပါတယ်။ ကနေ့ ဗမာပြည်ပြဿနာရဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ရာ၊ ကျော်လွှားဖို့ရာအတွက်ဆိုရင် တကယ့်အရေးကြီးတဲ့ ဆွေးနွေးဘက် အမှန်ဖြစ်ပါတယ်။ ဒီဆွေးနွေးဘက်ကိုလည်း အလေးထားရမယ်။ ဒီဆွေးနွေဘက်နဲ့လည်း formal ရော၊ informal ပါ တွေ့နေဖို့ လိုပါတယ်။

လူထုရဲ့အမြင်မှာ သူတို့အားကိုးလောက်တယ်လို့ သူတို့မြင်နေတဲ့ ပါတီတခုဟာ နယ်ကုန်တော့ ဆောင်ရွက်သင့်တယ်။ နယ်ကုန်ဆောင်ရွက်ရင် သူက တယောက်တည်းရဲ့အားထုတ်မှု၊ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းရဲ့ အားထုတ်မှု၊ NLD တခုတည်းရဲ့ အားထုတ်မှုနဲ့သွားမယ်ဆိုတဲ့ စဉ်းစားချက်က အဆိုးဆုံးစဉ်းစားချက်လို့ ကျနော် ထင်တယ်။ အဲဒါ မသင့်တော်ဘူး။ အားလုံးနဲ့ သွားရမယ်။ လူထုနဲ့ သွားရမယ်။ မိတ်ဆွေတွေနဲ့ သွားရမယ်။ မီဒီယာတွေနဲ့ သွားရမယ်။ တိုင်းရင်းသားတွေနဲ့ သွားရမယ်။ အားလုံးလက်တွဲညီညီ သွားရမယ်။ သွားတဲ့အချိန်မှာ လုပ်တဲ့နည်း အကောင်းဆုံးနည်းကတော့ ညှိနှိုင်းဖြေရှင်းအဖြေရှာတဲ့နည်းကို သုံးရမယ်။