ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး” တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။

သုံးသပ်ချက် အမြင်သဘောထား

ပါတီ တည်ထောင်ခြင်း (၂၉)နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး” တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်။

၂၀၁၇ ခု၊ အောက်တိုဘာ ၁၄ ရက် ပါတီ တည်ထောင်ခြင်း (၂၉) နှစ်မြောက် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ “နိုင်ငံတကာနှင့် မြန်မာ့အရေး” တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပါဝင်ဆွေးနွေးခဲ့သည့်

“ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် မြန်မာအစိုးရ ဆက်ဆံရေး ” ဆွေးနွေးချက်ကို တင်ပြပေးလိုက်ပါသည်။

ကျနော်အဓိက ဆွေးနွေးချင်တာက ယနေ့အခြေအနေရဲ့ ကုလသမဂ္ဂနဲ့မြန်မာကြားမှာ ဖြစ်နေတဲ့ တင်းမာမှုနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ပတ်သက်တဲ့ မူဝါဒက ဘာလဲ၊ ဘယ်လိုမူဝါဒ ဘယ်လိုသဘောထား အခြေခံနဲ့ နိုင်ငံတကာအင်အားစုတွေနဲ့ ဆက်ဆံနေသလဲ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ဆံနေသလဲ ဆိုတဲ့ကိစ္စက ကျနော် တစ်ဦးချင်းအမြင်နဲ့ ရှင်းရှင်းလင်းလင်း သိပ်မရှိဘူးလို့ ပြောချင်ပါတယ်။ မနေ့ကမနက် လုံခြုံရေးကောင်စီ Informal အစည်းအဝေးလုပ်ပြီး ဒီမနက်ပဲ ကိုဖီအာနန်က မီဒီယာတချို့ကို စကားပြောတယ်။ လုံခြုံရေးကောင်စီမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချဖို့ ညှိနှိုင်းနေတယ်ဆိုတဲ့ အနေအထားရှိတယ်လို့ ကျနော့်မိတ်ဆွေတစ်ယောက်က ပြောတယ်။ လုံခြုံရေးကောင်စီမှာ သဘောထားတစ်ခုခု ချလောက်အောင် ဆွေးနွေးနေပြီ ညှိနှိုင်းနေပြီဆိုရင်တော့ ကျနော်တို့အခြေအနေက တော်တော်ကို အရေးကြီးပါတယ်။ နောက်တစ်ခု ပြီးခဲ့တဲ့ ၁၁ ရက်နေ့တုန်းက လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ဌာန တာဝန်ခံပုဂ္ဂိုလ် မြန်မာပြည်ရောက်နေတယ်။ သူ ဒီကိုရောက်ရတဲ့ အဓိကရည်ရွယ်ချက်က ကမ္ဘာ့ကုလသမဂ္ဂနဲ့ မြန်မာကြားမှာ အပြုသဘောဆောင်တဲ့ လက်တွဲဖော်မိတ်ဖက်အနေနဲ့ ဆက်ဆံရေးကို ထူထောင်ဖို့အတွက်လို့ ဆိုတယ်။ ကမ္ကာ့ကုလသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးချုပ် နေရာတောင်ရခဲ့တဲ့ ကျနော်တို့ တိုင်းပြည်နဲ့ ကမ္ကာ့ကုလသမဂ္ဂကြားမှာ အခုအချိန်ထိ မိတ်ဖက်ဆက်ဆံရေး ခိုင်ခိုင်မာမာ မရှိသေးတဲ့သဘော ဖြစ်နေတယ်။ ဒီကိုလာတဲ့ သူ့ရည်ရွယ်ချက်က မြန်မာပြည်နဲ့ အပြုသဘောဆက်ဆံရေး၊ မိတ်ဖက်ဆက်ဆံရေး ထူထောင်ဖို့အတွက် လာဆွေးနွေးတာလို့ ပြောတဲ့အခါကျတော့ ကျနော်တို့အတွက်က  တော်တော်လေးကို လုပ်စရာတွေရှိတယ်။ ကျနော်တို့တိုင်းပြည် လက်ရှိအစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်ဆံနေတယ် ဘယ်လိုဆက်သွယ်နေတယ် ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာသိဖို့ ကျနော်တို့မှာ အကန့်အသတ်တွေ အများကြီးရှိနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပထမအကြိမ် စကားပြောတုန်းကဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အဓိကအားဖြင့် ကမ္ကာ့ကုလသမဂ္ဂနဲ့ ဆက်ဆံရေးဟာ တော်တော်အဓိကကျတယ်လို့ သူပြောသွားတာလည်း ရှိတယ်။ ဒါဆိုရင် ဒီလက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်က ဒီကိုလာပြီးတော့ ဒီကိစ္စ ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ အခု မေးခွန်းထုတ်စရာ ဖြစ်တာပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့မြင်ချင်တဲ့ ကျနော်တို့ဖြစ်စေချင်တဲ့ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒကို နည်းနည်းလေး ထည့်ပြီးပြောချင်တယ်။

ခုနကလည်း ကိုရန်မျိုးသိမ်း ပြောသွားတာရှိတယ်။ နိုင်ငံငယ် တော်တော်များများက နိုင်ငံခြားရေးဆက်ဆံရေး မူဝါဒက အရင်နဲ့ အခုနဲ့ အတူတူပဲလို ဖြစ်တယ်တဲ့။ တကယ်က တစ်စုံတရာ ဆန်းသစ်တဲ့  Innovative ဖြစ်တဲ့ မူဝါဒမျိုး ကျင့်သုံးပုံ ကျင့်သုံးနည်းမျိုး ဖြစ်သင့်တယ်လို့  ထောက်ပြသွားတာတစ်ခု ရှိတယ်။ အခု နိုင်ငံတကာမှာ နိုင်ငံတော်တော် များများမှာ ကျင့်သုံးနေကြတဲ့ လူ့အခွင့်အရေးကို ကိုယ့်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ လူ့အခွင့်အရေး Aspect ပါဖို့ လိုတယ်၊ လူ့အခွင့်အရေးက Foreign Policy ရဲ့အခြေခံ ဖြစ်သင့်တယ်လို့ ကျနော်ကတော့ မြင်တယ်။ နိုင်ငံခြားရေးပေါ်လစီဆိုတာလည်း တကယ်တန်းကျတော့  ကျနော်တို့ လူ့အဖွဲ့အစည်းကို ထင်ဟပ်တယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းကထားတဲ့ စံချိန် စံညွှန်းတွေ တန်ဖိုးတွေ အဲဒါတွေကို ထင်ဟပ်တဲ့အခါကျတော့ လူ့အခွင့်အရေးကိုအခြေခံတဲ့ ဒါမှမဟုတ် လူ့အခွင့်အရေးကို နိုင်ငံခြားရေးပေါ်လစီရဲ့  Tool အဖြစ်သုံးတဲ့ သဘောထားမျိုး မူဝါဒမျိုး ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ကျနော်တော့ အဲလိုမြင်ချင်တယ်၊ အဲဒါ ကျနော်တို့ရဲ့ တစ်စုံတစ်ရာ စိတ်ကူးပေါ့။ ကိုယ့်နိုင်ငံက လူ့အခွင့်အရေးကို တန်ဖိုးထားတယ်ဆိုတဲ့ ပုံရိပ် ရစေချင်တာပေါ့။ နိုင်ငံတော်တော်များများလည်း လူ့အခွင့်အရေးကို  Foreign Policy ရဲ့  Tool အဖြစ် အသုံးပြုပြီးတော့ အထူးသဖြင့်တော့ သူတို့နိုင်ငံရဲ့ ပုံရိပ်၊ သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊  နိုင်ငံတကာမှာ အဆင့်နေရာရရှိမူကို ဖန်တီးကြတယ်။ နောက် လူ့အခွင့်အရေးကို Soft Power အဖြစ် ကိုင်စွဲအသုံးပြုပြီးတော့ ကိုယ့်နိုင်ငံရဲ့ Image၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံတကာမှာ အဆင့်နေရာရမူကို ယူတဲ့သဘောထားပေါ့။ ကျနော်တို့တိုင်းပြည်မှာ အဲဒါမျိုး ရှိသင့်တယ်လို့ ယူဆပါတယ်။ အင်ဒိုနီးရှားဆိုလည်း ဒီလိုပဲ။ နိုင်ငံတော်တော်များများမှာ ဒီသဘောထားမျိုးကို လက်ခံကျင့်သုံးနေကြတာ တော်တော်ကြာပြီ။ ကျနော်တို့လို နိုင်ငံကလေးမျိုးတွေက ပိုပြီးတော့ ဒီကိစ္စမျိုး အာရုံစိုက်သင့်တယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အာဏာရပြီးနောက်ပိုင်းမှာ စင်ကာပူဝန်ကြီးချုပ် လာတယ်။ သူက ကြိုက်လုံးထွင် ပြောသွားတာလားတော့ မသိဘူးပေါ့။  ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံမှာ ခေါင်းဆောင်ကြီးဖြစ်သင့်တယ်လို့  ဖိတ်ခေါ် သွား ပြောသွားတာရှိတယ်။ အခြေခံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျနော်တို့ခေါင်းဆောင်ရဲ့ တန်ဖိုးက ဒီမိုကရေစီရေး တိုက်ပွဲရဲ့တန်ဖိုး၊ လူ့အခွင့်အရေးတိုက်ပွဲရဲ့ တန်ဖိုး။ အဲဒါကြောင့် အခြားနိုင်ငံရဲ့ ခေါင်ဆောင်တစ်ယောက်က ဒီမှာလာပြီးတော့ ဒီဒေသကို ခေါင်းဆောင်ပါလို့ ပြောရတဲ့အဆင့်အထိ ရောက်သွားတာ ဖြစ်တယ်။ အဲ့ဒီတန်ဖိုးကို ဆက်ထိန်းဖို့ ဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဒီမိုကရေစီနဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဲ့ဒီ Aspect အခိုင်အမာပါဖို့ လိုလိမ့်မယ်။ အဲဒါကို Tool အဖြစ် သုံးဖို့လိုတယ်လို့ ပြောချင်တယ်။ သို့သော်လည်း အခု ရခိုင်မှာဖြစ်သွားတဲ့ကိစ္စအတွက် အဲ့ဒီတန်ဖိုးက တစ်လ၊ နှစ်လအတွင်းမှာ ရုတ်ချည်းပြုတ်ကျသွားတာ ကျနော်တို့တိုင်းပြည်အတွက် အရမ်းနာတယ်၊ လုံးဝ ပြုတ်ကျသွားတယ်။ ကုလသမဂ္ဂမှာ အရေးယူဆောင်ရွက်ဖို့ကိစ္စ ဆွေးနွေးညှိနှိုင်းနေကြတယ်ဆိုကတည်းက ခုနပြောခဲ့တဲ့တန်ဖိုး မရှိတော့သလိုဖြစ်ပြီ။ အရမ်းနစ်နာတယ်။ ကျနော်တို့မှာ တိုင်းပြည်က ဓနအင်အားလည်း မရှိဘူး၊ စစ်အင်အားလည်း လက်တွေ့မှာ မရှိဘူး၊ တိုင်းပြည်အတွင်း စည်းလုံးညီညွတ်မူလည်း မရှိဘူး ဆိုသလို အခြေအနေမျိုးမှာ နှစ်ပေါင်း ၄၀ လူထုရဲ့ ရုန်းကန်မူတွေကြောင့် ရလာတဲ့ ဒီ Image ၊ ရလာတဲ့ ဒီဂုဏ်သိက္ခာ၊ ဒီနှစ်ပတ်သုံးပတ်အတွင်းမှာ ချက်ချင်း ပြုတ်ကျသွားတယ်ဆိုတာက တိုင်းပြည်အတွက် တော်ရုံတန်ရုံ ဆုံးရှုံးမှုမဟုတ်ဘူးလို့ ပြောချင်တယ်။ ဟုတ်ပြီ.. Foreign Policy မှာ လူ့အခွင့်အရေး Aspect ပါဖို့ လိုတယ်၊ အခြေခံဖြစ်ဖို့လိုတယ်လို့ ဆိုတော့ ကျနော်တို့အမျိုးသားတွေရဲ့ လုံခြုံရေး ၊ ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးဟာ အဓိကလို့ ငြင်းတာတွေ ရှိတယ်။ နိုင်ငံတော်တော်များများက နိုင်ငံခြားရေးပေါ်လစီမှာ  လူ့အခွင့်အရေးကို အခြေခံထည့်တာက အကြောင်းနှစ်ခုရှိတယ်လို့ လေ့လာခဲ့ဖူးပါတယ်။ တစ်ခုကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးကိုချည်းပဲ အခြေခံတာလည်းမဟုတ်ဘူး၊ အခြားတစ်ပိုင်းက လုံခြုံရေးအခြေခံ စဉ်းစားတယ်၊ လူအခွင့်အရေး စံချိန်စံညွှန်းတွေကို  အခြေခံအဖြစ် ထားမယ်ဆိုရင် သူ့ပြည်သူ ပြည်သားတွေအတွက် လုံခြုံရေး၊ သူ့တိုင်းပြည်အတွက် လုံခြုံရေးကို ပိုပြီးတော့ အာမခံချက်ရှိမယ်ဆိုတဲ့ စဉ်းစားမှုအခြေခံပေါ်မှာ လူ့အခွင့်အရေးကို  Foreign Policy ရဲ့ တစ်ခုအဖြစ် နိုင်ငံတော်တော်များများက အသုံးပြုကြတာဖြစ်တယ်လို့ပဲ ကျနော်နားလည်မိတယ်။ နောက်တစ်ခု ကျနော်တို့နိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့အတွက်  ကြိုးစားနေတဲ့ နိုင်ငံ ဖြစ်တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားမယ်ဆိုရင် လူ့အခွင့်အရေးရယ်၊ ဒီမိုကရေစီရယ်၊ ငြိမ်းချမ်းရေးရယ်၊ လုံခြုံရေးရယ်က တဆက်တစပ်တည်းရှိတယ်။ ဒါ့ကြောင့် အ‌ခြေံခံအားဖြင့်တော့ ဒီစဉ်းစားမှုက ကျနော်တို့နဲ့ သိပ်မကွာဘူးလို့ ထင်တယ်။ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီမရှိဘဲနဲ့ ကျနော်တို့  ပြည်သူပြည်သားတွေအတွင်းမှာ စည်းလုံးညီညွတ်မူကို တည်ဆောက်ဖို့မလွယ်ဘူး။ ကျနော်တို့ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို ကျနော်တို့ အာမခံနိုင်ဖို့ မလွယ်ဘူး။ ငြိမ်းချမ်းရေးလည်း ဒီလိုပဲ။ ဒီ ၂၀ဝ၈ ဖွဲ့စည်းပုံမပြင်နိုင်ရန် ဒီမိုကရေစီမရဘူး။ ဒီမိုကရေစီမရရင် ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်ဘူး။ အခြေခံကတော့ ဒါပဲ။  လူ့အခွင့်အရေးရယ်၊ ဒီမိုကရေစီရယ်၊ ငြိမ်းချမ်းရေးရယ်၊ နောက် လုံခြုံရေးရယ်က တဆက်တစပ် တည်းရှိတယ်လို့ အဓိကပြောချင်တာ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံတော်တော်များများဟာ လူ့အခွင့်အရေးကို သူတို့ Foreign Policy ရဲ့ Tool အဖြစ် အသုံးပြုကြတယ်။ နောက် ငြင်းဆန်ချက်တစ်ခုက ကျနော်တို့ လူ့အခွင့်အရေးကို ပြောလာလို့ရှိရင် Imported Idea နိုင်ငံခြားက တင်သွင်းတဲ့အယူအဆလို့ ပြောကြတယ်။ ကျနော်ကတော့ ဒီလူ့အခွင့်အရေးဟာ အသစ်မဟုတ်ဘူးလို့ ပြောချင်တယ်။

ကျနော်တို့ရဲ့ ၁၉၄၈ လွတ်လပ်ရေး ကြေငြာစာတမ်းကို ကျောက်တိုင်မှာ ပြန်ဖတ်ကြည့်စေချင်တယ်။ ဝဘ်ဆိုဒ်တွေ မှာလည်း ရှာလို့ရတယ်။ အဲ့ဒီ လွတ်လပ်ရေးကြေငြာစာတမ်းမှာ လူသားဆိုတာ ပါတယ်၊ ကျား မ မခွဲခြားတဲ့ကိစ္စ၊ လူသား ဆိုတဲ့ကိစ္စ၊ လူအများဆိုတဲ့ကိစ္စ အဲ့ဒီ အနှစ်သာရ ပါတယ်။ ဗမာဆိုတာ မပါဘူး။ ကရင်ဆိုတာ မပါဘူး။ မွန်ဆိုတာ မပါဘူး။ လူသားလို့ ပါတယ်။ ဒါက တစ်ခု။ နောက်တစ်ခုက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ်ဦးဘချို အငြင်းအခုန်ဖြစ်တဲ့ကိစ္စ။ ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာလုပ်ဖို့ဆိုတဲ့ ကိစ္စ။ အဲ့ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားရပ်တည်ချက်။ ဗိုလ်ချုပ် အောင်ဆန်းဟာ Secularism လက်ခံတဲ့ ကိစ္စ၊ အဲ့ဒါအတွက် အခိုင်အမာကို လုပ်ခဲ့တယ်ဆိုတဲ့ကိစ္စ။ ဒါ့ကြောင့် လူ့အခွင့် အရေးဆိုတဲ့ကိစ္စက ကျနော်တို့အတွက် အသစ်မဟုတ်ဘူး။ တကယ်တမ်း ကျနော်တို့ လွတ်လပ်ရေးခေါင်းဆောင်တွေ ထားခဲ့တဲ့ သဘောထားတွေ ဖြစ်တယ်။ ဒါကြောင့် Foreign Policy မှာပဲဖြစ်ဖြစ်၊ နောက်တစ်ခုက Foreign Policy က ထင် ဟပ်ရမယ့် ပြည်တွင်းမှာရှိတဲ့ ဘယ်မူဝါဒ၊ စီးပွားရေးပဲဖြစ်ဖြစ်၊ နိ်ုင်ငံရေးပဲဖြစ်ဖြစ်၊ လူမူရေးပဲဖြစ်ဖြစ်၊ ဥပဒေတွေမှာပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေး  Aspect၊ လူ့အခွင့်အရေး အခြေခံအမြင်သဘောထားတွေ မပါဘူးဆိုရင်၊ ကျနော်တို့ လွတ်လပ်ရေးရယူစဉ် ကလောက်တောင် ခေတ်မမီဘဲဖြစ်မယ်။

ကျနော်တို့ရဲ့နိုင်ငံခြားရေးပေါ်လစီမှာ လူ့အခွင့်အရေးအခြေခံတွေ ခိုင်ခိုင်မာမာပါသင့်တယ်လို့ ကျနော်တော့ ယူဆတယ်။ ကျနော်တို့ရဲ့ Foreign Policy မှာ လူ့အခွင့်အရေးကိစ္စက ခိုင်ခိုင်မာမာပါဖို့ဆိုရင်တော့၊ ကျနော်တို့ လူ့အဖွဲ့ အစည်းဟာ လူ့အခွင့်အရေးကိုလေးစားတဲ့ လူ့အဖွဲ့အစည်း၊ ဒီမိုကရေစီပြည့်ဝတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့လိုတယ်။ အခုကာလ မှာ မလုပ်နိုင်သေးဘူးဆိုရင်တောင်မှ ကျနော်တို့နိုင်ငံရေးအင်အားစုတွေ၊ ကျနော်တို့အဖွဲ့အစည်းတွေမှာ ဒီသဘောထား ခိုင်ခိုင်မာမာရှိသင့်တယ်လို့ ကျနော်တော့ အဲလိုထင်ပါတယ်။

တော်တော်များများဆွေးနွေးတဲ့ တိုင်းပြည်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး ဆိုတာက Conventional လို့ ကျနော် သုံးချင်တယ်။ သမရိုးကျလုံခြုံရေးကို ပြောတာများတယ်လို့ ထင်တယ်။ ဒီတစ်ချက်ကလည်း ထည့်စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါ တယ်။ တိုင်းသူပြည်သားတွေ၊ လူသားတွေနဲ့ပတ်သက်တဲ့ လုံခြုံမူ၊ ကျနော်တို့လူသားတွေရဲ့ဘဝလုံခြုံမူ၊ ဒီကိစ္စကိုလည်း ထည့်စဉ်းစားသင့်တယ်လို့ ကျနော်ထင်တယ်။ နောက်တစ်ခု အထူးသဖြင့် ကျနော်တို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမြဲတမ်းပြောပါတယ်။ သူတက်ခါစက၊ အရင်ကပေါ့ ပြည်သူအချင်းချင်းဆက်ဆံရေး People to People relation ဆိုတာ

ပြောတယ်။ ဆိုတော့ အခု ဒီရခိုင်ကိစ္စ ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ ကျနော်အစိုးရကို မပြောဘူး၊ အစိုးရက ဘာပဲပြောပြော လုံခြုံရေးကောင်စီအထိ တက်နေပြီ။ သာမန်ပြည်သူတွေကြားမှာ၊ ဂျပန်မှာရှိတဲ့ ဂျပန်ပြည်သူတွေရဲ့ ကျနော်တို့နိုုင်ငံပေါ် အမြင်၊ အမေရိကားမှာရှိတဲ့ အမေရိကန်ပြည်သူတွေရဲ့ ကျနော်တို့နိုင်ငံပေါ် မြင်တဲ့အမြင်၊ အဲ့ဒီအမြင်တွေက တော်တော် ဆိုးသွားတယ်။ အဲဒီလိုအမြင်မျိုးက ကျနော်တို့ တော်တော်များများဖြစ်သွားတယ်။ အဲ့ဒီ  Perception ကို ပြန်ပြောင်းဖို့ဆို တာ တော်တော်ခက်တယ်။ နောက် ကျနော်တို့စီးပွားရေးကိုပါ ထိတယ်၊ ကုန်သွယ်ရေးကိုပါ ထိတယ်။ ကျနော်တို့ ခရီး သွားလာတဲ့ ကိစ္စတွေ၊ အခြားဆက်ဆံရေးကိစ္စတွေ အကုန်လုံးကို ထိမယ့်သဘောဖြစ်တယ်။ တစ်ဖက်ကလည်းပဲ ကျနော် တို့နိုင်ငံ ဖွံ့ဖြိုးဖို့ဆိုရင် ကျနော်တို့ခြေထောက်ပေါ် ကျနော်တို့ မရပ်နိုင်သေးတော့ သူများကိုမှီရတယ်။ တရုတ်လည်း မှီရ တာပဲ၊ အိန္ဒိယလည်း မှီရတာပဲ၊ ဂျပန်လည်း မှီရတာပဲ၊ အဲလိုအခြေအနေမျိုး။ သူတို့နိုင်ငံအစိုးရတွေပြဿနာက သူတို့ လူထုက ဝုန်းဒိုင်းကျဲရင် သူတို့မခံနိုင်ဘုူး၊ သူတို့မလုပ်ရဲဘူးဆိုတော့ ကျနော်တို့အပေါ် ဆက်ဆံရေးအမြင်တွေ ပြောင်းဖို့က အချိန်ယူရမယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့လူ့အဖွဲ့အစည်းကလည်း ပြောင်းဖို့လိုတယ်။ ပြောင်းဖို့လိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ အားကိုးတယ်။ သူထောင်ကလွတ်လာပြီးတဲ့အခါမှာ သူဘာပြောလဲဆိုတဲ့အခါ ကျတော့  Social Revolution လို့ သုံးတယ်။ ကျနော်တို့လူထုမှာက ကိုရန်မျိုးသိမ်း ပြောသွားသလို ပြဿနာတွေရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ ရပ်တည်မူဆိုင်ရာ အမြင်တွေ၊ အဲဒီ Opinion တွေကို Shake လုပ်မယ့် Leader လိုတယ်။ အဲဒီသူဟာ လူတိုင်းက လေးစားတဲ့သူ ဖြစ်ဖို့လိုတယ်။ ဘာပဲပြောပြော ပုဂ္ဂိုလ်ရေးကိုးကွယ်တာမဟုတ်ဘူး၊ သူ့ကို မျှော်လင့်တယ်။ တစ်စုံတစ်ရာ Shake လုပ်ပေးနိုင်မလားလို့ပေါ့။ အခု ကျနော်တို့တွေ့ရတာက အဲလိုမဟုတ်ဘဲ ဖြစ်နေ တယ်လို့ ထင်တယ်။ သို့ပေမယ့် ကျနော်တို့လူ့အဖွဲ့အစည်းမှာ အခြားနိုင်ငံရေးခေါင်ဆောင်တွေ၊ အခြားဘာသာရေး ခေါင်ဆောင်တွေ ရှိတယ်။ အဲဒီခေါင်းဆောင်တွေထဲက ကျနော်တို့လူ့အဖွဲ့အစည်းက သွားမယ့်လမ်းကြောင်းကို သေသေ ချာချာ Shake လုပ်ပေးမယ့်လူတွေ လိုအပ်မယ်လို့ ထင်တယ်။ အခုအခြေအနေမှာ ဒီလိုမရှိသေးတဲ့အတွက် ကျနော်တို့ တိုင်းပြည်၊ ကျနော်တို့လူမျိုးပေါ့ဗျာ၊ ကျနော်တို့  Identity က ဘာလဲမေးရင် တော်တော်ခက်တယ်။ ကျနော်တို့မှာ ညှိနှိုင်း ထားတာလည်း မရှိဘူး။ အမျိုးသားညီလာခံ၊ ပင်လုံညီလာခံကြီးကလည်း ဘယ်တော့ပြီးမှန်း မသိဘူးဆိုတော့ ကျနော်တို့ လွတ်လပ်ရေးကြေငြာစာတမ်းကို ကျနော်တို့ ပြန်ကိုးကားရတော့မယ်။ လွတ်လပ်ရေးကြေငြာစာတမ်းမှာကြည့်ရင် “ပြည် ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကြီး ငယ်၊ ဝေး နီး၊ ကျား မ မခြား” ဆိုတဲ့ အသုံးအနှုန်းမျိုး ၊ နောက် “လူ့ဘာသာ၊ လူ့တရားနှင့်အညီ” ဆိုတာမျိုး၊  နောက် “လူအပေါင်းရဲ့သဘောဆန္ဒ၊ မူလလူ့ဘာဝနဲ့ လျှော်ညီစွာ၊ စည်းကမ်းဥပဒေကို ထင်ထင်ရှားရှား ပိုင်းခြားသတ်မှတ်မယ်” ဆိုတဲ့ ကိစ္စ။ “ တူညီတဲ့တရား၊ တူညီတဲ့အခွင့်အရေး၊ တူညီတဲ့အဆင့်အတန်း။ လူအပေါင်းရဲ့ဆန္ဒ သဘောထားအရ” ။ နောက်တစ်ခုက “ငြိမ်းချမ်းရေးနှင့်ပတ်သက်လို့လည်း ကမ္ဘာနှင့်အတူ”။ ကမ္ဘာ့ ငြိမ်းချမ်းရေးတောင် လုပ်မယ့်ကိစ္စတွေရှိရင်၊ ကျနော်တို့လွတ်လပ်ရေးခေါင်ဆောင်တွေ မျှော်မှန်းချင်တဲ့ လူ့အဖွဲ့အစည်းက အခြေခံအားဖြင့် ခုနပြောတဲ့ တန်းတူရေးပဲ၊ ညီညွတ်ရေးပဲ၊ မခွဲခြားရေးပဲ၊ အခြေခံအားဖြင့် လူသားဝါဒပဲလို့ အဲ့ဒီ လွတ်လပ်ရေးကြေငြာစာတမ်းမှာ ထင်ထင်ရှားရှား ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် လူ့အခွင့်အရေးဆိုတာ Inported မဟုတ်ဘူးလို့ ကျနော်ပြောချင်တာဖြစ်တယ်။

လူ့အခွင့်အရေးကနိုင်ငံခြားကတင်သွင်းတာဟုတ်ဘူး။ Neo Imperialism ခေတ်သစ်နယ်ချဲ့ဝါဒကြောင့်၊ အနောက်နိုင်ငံကြီးတွေကြောင့်၊ ဒါမှမဟုတ် ငွေရေးကြေးရေးကြောင့်၊ ပိုက်ဆံတွေအကူအညီကြောင့် လူ့အခွင့်အရေး ပြောတယ်ဆိုတဲ့ လူတွေရှိတယ်။ ကျနော်တို့တိုင်းပြည်ကို ဘယ်လိုတိုင်းပြည် ဖြစ်စေချင်တာလဲဆိုတာ လွတ်လပ်ရေးကို ကြိုးစားခဲ့တဲ့ ခေါင်းဆောင်တွေက သေသေချာချာ ပြောသွားကြတယ်။ အဲဒါတွေဟာ ကျနော်တို့လူ့အဖွဲ့အစည်းရဲ့ တန်ဖိုး တွေပေါ့။ ကျနော်တို့ လူ့အဖွဲ့အစည်းက စံထားတဲ့ တန်ဖိုးတွေပေါ့။ ကျနော်တို့ရဲ့ Foreign Policy က အဲဒါကို။   အဲဒါမှ ကျနော်တို့ Image က လှမယ်။ ကျနော်အဓိကပြောချင်တာက ကျနော်တို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှာ၊ အင်အားစု အသီးသီးမှာ၊ ဘာသာရေးခေါင်းဆောင်အသီးသီးမှာ၊ Community Leader တွေမှာ အဲ့လိုအမြင်မျိုးရှိဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။

                                        ×××××          ×××××          ×××××

[ngg_images source=”galleries” container_ids=”276″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]