ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရရှိထားပြီးသော သဘောတူညီချက်များ စုစည်းတင်ပြချက်

အမြင်သဘောထား

ယနေ့ကာလသည် အင်အားစုအားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်နေကြသည့် ကာလ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည်ပါ သည်။

ကျင်းပပြုလုပ်ကြမည့်ညီလာခံသည် ညီလာခံအဂါင်္ရပ်များနှင့် ပြည့်စုံမှုရှိ မရှိ၊ လွတ်လပ်မှုနှင့်တန်းတူရည်တူ ရှိ မရှိ၊ ပွင့်လင်း မြင်သာမှုနှင့်ရိုးဖြောင့်တည်ကြည်မှု ရှိ မရှိ ၊ ဆွေးနွေးဖက်အသီးသီးက အမြော်အမြင်ကြီးမှု ရှိ မရှိ စသည့်အချက်များအပေါ် မူတည်ပြီး ညီလာခံ၏ ရရှိချက်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု ပါတီက ယူဆပါသည်။

အကယ်၍ ညီလာခံရရှိချက်က ကောင်းခဲ့ပါက မိမိတို့ ပြည်သူတရပ်လုံးမျှော်လင့်နေကြသည့် အရှည်တည်တန့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ပြီး အမျိုးသားတန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း တည်ဆောက် သွားနိုင်လိမ့်မည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေး အနက်ယုံကြည်ပါသည်။

ထိုသို့သော အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရေးကို ရည်မှန်းပြီး အင်အားစုအသီးသီးက ရာစု တဝက်ကျော်ကျော် ကျရာနေရာများမှ သယ်ဆောင်ထမ်းရွက်ခဲ့မှုများကြောင့် သဘောတူညီချက်များ ရရှိခဲ့ကြပါသည်။ ယခုလိုအချိန်မျိုးတွင် ထိုရရှိထားသော သဘောတူညီချက်များသည် လေ့လာအပ်၊ မှီငြမ်းကိုးကားအပ်သော သမိုင်းမှတ်တမ်းများ ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ထို့အတွက် စိတ်ဝင်စားသူများ အလွယ်တကူ ပြန်လည်လေ့လာနိုင်စေရန်၊ တစုံတရာ မှီငြမ်းကိုးကားနိုင်စေရန် မိမိတို့ပါတီအနေဖြင့် ရရှိနိုင်သမျှ စုစည်းတင်ပြပေးသွားမည် ဖြစ်ပါသည်။

လေ့လာရေးနှင့် သုတေသနဋ္ဌာန

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)

စုစည်းတင်ပြချက် (၁)

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇)ချက်

(လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့်

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်)

တောင်တန်းဒေသများနှင့် ကရင်နီနယ်များအပါအဝင်ဖြစ်သော မြန်မာနိုင်ငံတော်သူ နိုင်ငံသားတို့၏ ကိုယ်စား လှယ်များသည် တိုင်းသူပြည်သားတို့၏ အာသီသဆန္ဒနှင့် လျော်ညီစွာ၊ နိ်ုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စီစဉ် ရေးဆွဲရန်အလို့ငှာ စုံညီစုဝေးကြလျက် အောက်ပါပြဋ္ဌာန်းချက်များကို ချမှတ်ကြကြောင်း။

(၁)        နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စုနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ် သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်စေရမည်။ ထို့အပြင်

(၂)        ပြည်ထောင်စုနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များ ပါဝင် စေလျက်၊ သို့ သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ် ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာရရှိစေရမည်။ ထို့ပြင်

(၃)        အချုပ်အခြာအာဏာပိုင်လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းအားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။ ထို့ပြင်

(၄)        ပြည်ထောင်စုနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေသက် ရောက်မှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်ပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူ တို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း မဆန့်ကျင်သမျှ လွတ်လပ်စွာကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရားကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသန ရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။ ထို့ပြင်

(၅)        ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်း ထားရှိစေရမည်။ ထို့ပြင်

(၆)        လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲ ရေးကိုလည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေတို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ တရား ဓမ္မနှင့်တကွ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့်ထားရှိစေရမည်။ ထို့ပြင်

(၇)        ရာဇဝင်တွင် ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ်ကျက်သရေနှင့်လျော်စွာ ရသင့် ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ   ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန်ဖြည့်စွမ်းထမ်းရွက်ကာ ပြည်ထောင်ချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေခံပြု၍ ကမ္ဘာ့ငြိမ်းချမ်းရေးရှေ့ရှုလျက် နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက် တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

စုစည်းတင်ပြချက် (၂)

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက် ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် –

ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါ အတိုင်း သဘောတူညီကြလေသည်။

၁။         တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ခန့်ထားရမည်။

၂။         ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှု ဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကို လည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။         အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအား လုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက် တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၄။         အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ ၏ တဦးတည်းသောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှု ဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။         အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်   သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ် ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ် ရေးရာခိုင်နှုန်းအပြည့်ရှိစေရမည်ဟူသော မူကို သဘောတူညီကြသည်။

၆။         ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့ သို့ သီးခြားပြည်နယ်တခုထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရအက် ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ ၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား   ဆွေးနွေးတိုင်ပင်ရမည်။

၇။         နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။         ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။

၉။         ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူ အညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီ အစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များ ကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ် ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရ မည်။

ရှမ်းကော်မတီ

(ပုံ)        ခွန်းပန်စိန်

တောင်ပိုင်းစပ်ဖလုံ။

(ပုံ)        စပ်ရွှေသိုက်

ညောင်ရွှေစပ်ဖလုံ။

(ပုံ)        စပ်ဟုံဖ

မြောက်ပိုင်းသိန္နီစပ်ဖလုံ။

(ပုံ)        စပ်နွံ

လဲချားစပ်ဖလုံ။

(ပုံ)        စပ်စံထွန်း

မိုင်းပွန်းစပ်ဖလုံ။

(ပုံ)        စပ်ထွန်းအေး

သာမိုင်းခမ်း စပ်ဖလုံ။

(ပုံ)        ဦးဖြူ

သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်။

(ပုံ)        ခွန်းဖုံး

မြောက်ပိုင်းသိန္နီ

(ပုံ)        ဦးတင်ဧ

(ပုံ)        ဦးထွန်းမြင့်

(ပုံ)        ဦးကြာပု

(ပုံ)        ဦးခွန်စော

(ပုံ)        စပ်ရစ်ဖ

(ပုံ)        ဦးခွန်ထီး

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ)        အောင်ဆန်း

၁၂- ၂- ၄၇

ကချင်ကော်မတီ

(ပုံ)        ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)

(ပုံ)        ဇော်ရစ် (မြစ်ကြီးနား)

(ပုံ)        ဒိန်ရတန် (မြစ်ကြီးနား)

(ပုံ)        ဇော်လ (ဗန်းမော်)

(ပုံ)        ဇော်လွန်း (ဗန်းမော်)

(ပုံ)        လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ

(ပုံ)        ဦးလွှာမှုန်း (အေတီအမ်၊ အိုင်တီအက်စ်အမ်၊ ဖလမ်း)

(ပုံ)        ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)

(ပုံ)        ဦးကွယ်မန်း (အေတီအမ်၊ ဟားခါး)

စုစည်းတင်ပြချက်(၃)

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများချမှတ်ရေးနှီးနှောဖလှယ်ပွဲ သဘောတူဆုံးဖြတ်ချက်များ

Resolution on Basic Principles Seminar

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများချမှတ်ရေး နှီးနှောဖလှယ်ပွဲတရပ်ကို သက္ကရာဇ် ၂၀ဝ၅ ခုနှစ်၊ ဖေဖော်ဝါရီ (၉) ရက်နေ့မှ (၁၂)ရက်နေ့အထိ နယ်စပ်တနေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ထိုအခြေခံမူများချမှတ်ရေး နှီးနှောဖလှယ်ပွဲကြီးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ အဖွဲ့ အစည်းအသီးသီးတို့မှ ခေါင်းဆောင်များနှင့်တကွ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ကြပါသည်။

ဤနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်အသီးသီးတို့မှ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများအဖြစ် အောက်ဖော်ပြပါအတိုင်း တညီတညွတ်တည်း အတည်ပြုခဲ့ပါသည်။

ယင်းအခြေခံမူများမှာ –

(၁)        အချုပ်အခြာအာဏာ (Sovereign Power)

နိုင်ငံ၏ အချုပ်အခြာအာဏာဟူသမျှတို့သည် ပြည်သူလူထုထံမှသာ ဆင်းသက်စေရမည်။

(၂)        တန်းတူရေး (Equality)

တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူရည်တူအခွင့်အရေး ရှိစေရမည်။

(၃)        ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)

တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီးတွင် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိစေရမည်။

(၄)        ဖက်ဒရယ်ပြည်ထောင်စုမူများ (Federal Principles)

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမည်။ ပြည်

ထောင်စုလွှတ်တော်တွင် လွှတ်တော်နှစ်ရပ် ထားရှိရမည်။

(၅)        လူနည်းစုများ၏ အခွင့်အရေးများ (Minority Rights)

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ကာကွယ်ပြဋ္ဌာန်းပေးရမည်။

(၆)        ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု

(Democracy, Human Rights and Gender Equality)

ဘာသာအယူဝါဒ၊ အသားအရောင်၊ လိင်ကွဲပြားမှုများကို အခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အခြေခံ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်ပြဋ္ဌာန်းပေးရမည်။

(၇)        ဘာသာရေးကို အခြေမခံသော နိုင်ငံ(Secular State)

ဘာသာရေးကို အခြေမခံသော နိုင်ငံတော် ဖြစ်စေရမည်။

(၈)        ပါတီစုံဒီမိုကရေစီစနစ် (Multi-party Democracy System)

ဖက်ဒရယ်ပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးစေရမည်။

အထက်ပါ အခြေခံမူများအပြင်။

၁။         Civilian Supremacy အရပ်ဘက်အုပ်ချုပ်မှုအောက်တွင် ပြည်ထောင်စုတပ်မတော်ထားရှိရေး

၂။         ပြည်နယ်သစ်များ ဖွဲ့စည်းရေး

၃။         (က)      သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

(ခ)        အမျိုးသမီးများနှင့် ကလေးများဆိုင်ရာ ကာကွယ်စောင့်ရှောက်နှင့် တိုးတက်မြင့်မားရေးအတွက် အထူးလုပ်ဆောင်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး စသည့် မူများကို ဖက်ဒရယ်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရာတွင် အလေးအနက် ထည့်သွင်းပြဋ္ဌာန်းသွားရန် သဘောတူ လက်ခံကြပါသည်။

နေ့စွဲ၊ ၂၀ဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်။

စုစည်းတင်ပြချက် (၄)

ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ငင်းနိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ သဘောထားကြေညာချက်
ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် အမှတ်(၁)
၁၃၅၂ ခုနှစ် တော်သလင်းလဆန်း (၁၀)ရက်
၁၉၉၀ ပြည့်နှစ် သြဂုတ်လ ၂၉ ရက်

(၁)    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများ၏  နိုင်ငံရေးပါတီ ၂၁ ပါတီ(နောက်ဆက်တွဲစာရင်းရှိ)ကို စုစည်းထူထောင်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ နိုင်ငံရေးပါတီများ၏ လူမျိုးစုရေးရာမူဝါဒကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော် လမ်းရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(ဌာနချုပ်)ရုံး၌ ပဏာမညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြ သည်။
(၂)    ယင်းပဏာမညှိနှိုင်းဆွေးနွေးပွဲမှ သဘောတူညီချက်အရ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးတွင် ကျင်းပပါသည်။
(၃)    ယင်းစုံညီဆွေးနွေးပွဲမှ သဘောတူညီချက်အရ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် ဆက် သွယ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ (အဖွဲ့ချုပ်၏ လူမျိုးစုဆိုင်ရာအဖွဲ့)သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လက်ငင်းနိုင်ငံရေးပြဿနာများနှင့်စပ်လျဉ်း၍ ပုံမှန်အစည်းအဝေးကို (၃)ကြိမ် ဆက်လက်ကျင်းပခဲ့သည်။
(၄)    ယင်းပုံမှန်ဆွေးနွေးပွဲများမှ ညှိနှိုင်းသဘောတူညီချက်များအနက် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လောလော ဆယ်နှင့် ရေရှည်အကျိုးစီးပွားတို့ကို ရှေ့ရှုလျက် နှစ်ဦးနှစ်ဖက် တူညီသောသဘောထားများကို အောက်ပါအတိုင်း ပူးတွဲ ကြေညာအပ်ပါသည်။
(က) ၁၉၉၀ ပြည့်နှစ် ဇွန်လ (၂၉)ရက်မှ ဇူလိုင်လ(၁)ရက်နေ့အထိ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ ဝိုင်အမ်စီအေ ခန်းမတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိစုံညီအစည်းအဝေးနှင့် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီပေါင်းစုံ ဒုတိယအကြိမ်အစည်းအဝေးမှ လက်ငင်းရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ(၂၈)ရက်နှင့် (၂၉)ရက်နေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း ဂန္ဓီခန်းမဆောင်တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့နှင့် အဖွဲ့ချုပ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမအကြိမ် ပဏာမညှိနှိုင်းအစည်းအဝေးမှ တညီတညွတ်တည်း အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်များသည် တသဘောတည်းရှိကြောင်း ထုတ်ဖော်ကြပါသည်။
၎င်းဆုံးဖြတ်ချက်များမှာ –
၁။ ကျင်းပပြီးစီးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၁)၊ ပုဒ်မ(၃)အရ ပြည်သူ့လွှတ်တော်ကို ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ခေါ်ယူဖွဲ့စည်းရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုကြောင်း၊
၂။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  လုံးလုံးလျားလျား အများစုအနိုင်ရရှိခဲ့သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့နှင့် နဝတအာဏာပိုင်ကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံးညှိ နှိုင်းရေးအတွက် တိုက်တွန်းကြောင်း၊
၃။ မြန်မာနိုင်ငံ၏ လောလောဆယ်အကျိုးစီးပွားနှင့် ရေရှည်အနာဂတ်အကျိုးစီးပွားကို ရှေ့ရှု၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်မြောက်ရေးကို ဆောလျင်စွာ ဆောင်္င်ရွက်ပေးရန်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့သို့ တိုက်တွန်းကြောင်း၊
၄။ ဒီမိုကရေစီအခွင့်အရေးများရရှိရေးနှင့် ပြည်သူ့လွတ်လပ်ခွင့်ကန့်သတ်ထားမှုများကို ရုပ်သိမ်းပေးရေးအတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုကြောင်း၊
အထက်ပါဆုံးဖြတ်ချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့သို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့က ထပ်လောင်းတိုက်တွန်းသည်။
(ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်လာပြီးှလျှင်၊ ပြည်သူ့လွှတ်တော်က တင်မြှောက်သောအစိုးရဖွဲ့စည်းပြီးလျှင် အ မြန်ဆုံးသော ကာလအတွင်း ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများနှင့် ပါဝင်သင့်ပါဝင် ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသားညှိနှိုင်းမှုညီလာခံကြီးတရပ်ကျင်းပ၍ ပြည်ထောင်စုထူထောင်ရေးအတွက် လမ်းညွှန်မှုများချမှတ်မည်။ ယင်းလမ်းညွှန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော် က ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ခံဥပဒေသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းအတည်ပြုရမည်ဟု ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွတ် တည်း သဘောတူညီကြသည်။
(ဂ) တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမှု၊ နိုင်ငံရေးတန်းတူညီမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့် အဝရရှိစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွတ်တည်း သဘောတူညီကြသည်။
(၅) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ငင်းနိုင်ငံရေးပြဿနာများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန်နှင့် ဒီမိုကရေစီဘက်တော်သား၊ အခြားနိုင်ငံရေးပါတီများနှင့်လည်း သွေးစည်းညီညွတ်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီကြသည်။
(၆) ဤပူးတွဲကြေညာချက်ကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း အမှတ်(၃၉၃)ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်(ဌာနချုပ်ရုံး)အစည်းအဝေးခန်းမတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး၍ ပူးတွဲထုတ်ပြန်ကြေညာလိုက်ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်
၁။    ဦးငွေသိမ်း                      အမြဲတမ်းသဘာပတိကောင်စီအဖွဲ့ဝင်
၂။    ဦးစီကေတိုက်ကွဲ                                     ။
၃။    ဦးအေးဖေ                                               ။
၄။    ဦးစောသန်းရှိန်                                        ။
၅။    ဦးဒယ်နီရယ်အောင်                                 ။
၆။    ဦးအေးသာအောင်                     အတွင်းရေးမှူးအဖွဲ့ဝင်
၇။    ခွန်တင်ရွှေ                                             ။
၈။    ဆလိုင်းလျန်မွန်း                                     ။
၉။    နိုင်အောင်မြင့်                                        ။
၁၀။    ဒေါက်တာအောင်တင်ဦး                      ။
၁၁။    ခွန်ထွန်းဦး                             တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီနှင့် လုပ်ငန်းကော်မတီဝင်
၁၂။    စိုင်းအိ်ုက်ပေါင်း                                    ။
၁၃။    နိုင်ခင်မောင်                                        ။
၁၄။    ဦးသာဘန်း                                          ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၁။    ဦးအောင်ရွှေ                           ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၂။    ဦးကြည်မောင်                                             ။
၃။    ဦးချစ်ခိုင်                                                     ။
၄။    ဦးလွင်                                                        ။
၅။    ဒေါ်မြင့်မြင့်ခင်                                            ။
၆။    ဦးရွှေ                                                          ။
၇။    ဦးခင်မောင်ဆွေ                                         ။
၈။    ဦးစိုးသိမ်း(မောင်ဝံသ)                                ။
၉။    ဦးကျော်မင်း                                                ။
၁၀။    ဦးချမ်းအေး                                              ။
၁၁။    ဦးကြီးသူရိန်(ကချင်)                  ဗဟိုဦးစီးအဖွဲ့ဝင်
၁၂။    ဦးတင်ဦး(ကယား)                                 ။
၁၃။    ဦးသန်းနိုင်(ကရင်)                                 ။
၁၄။    ဦးစီဗင်ကြူး (ချင်း)                                  ။
၁၅။    ဦးရဲထွဋ် (မွန်)                                       ။
၁၆။    ဦးထွန်းအောင်ကျော်(ရခိုင်)                   ။
၁၇။    ဦးအုန်းမောင် (ရှမ်း)                              ။

 

စုစည်းတင်ပြချက် (၅)

မာနယ်ပလောစာချုပ်
(ဖက်ဒရယ်)ပြည်ထောင်စု မြန်မာနိုင်ငံတော်တည်ဆောက်ရေးသဘောတူညီချက်)
မြန်မာပြည်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးအသီးသီးတို့ နယ်မြေချင်းဆက် စပ်လျက် အတူတကွအခြေချနေထိ်ုင်လာခဲ့သည့် တိုင်းပြည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံး ပိုင်ဆိုုင်သည့် တိုင်းပြည် လည်း ဖြစ်သည်။
မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒညီညွတ်မှုကို အခြေခံသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်မှသာ စည်းလုံးခိုင်မာစွာ ရပ်တည်သွားနိုင်မည် ဖြစ်သည်။ ဤသို့ဖြစ်မြောက်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ သို့ရာတွင် ဤစာချုပ်သည် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပေ။
ယခု မဆလ၊ နဝတစသော မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် ဖက်ဆစ်အာဏာရှင်တို့၏ ကြီးစိုးမှုကြောင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ ပြည်သူလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး များ ဆုံးရှုံးနေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားပြီး ပြည်တွင်းစစ်မီးတောက်လောင်လျက်ရှိသည်။
သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးအားလုံး ပြည်သူလူထုအားလုံးသည် စစ်အာဏာရှင်စနစ်အား အပြုတ် တိုက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိ်ုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်လိုကြသည်။
တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်လေးစားမှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ စစ်အာဏာရှင်ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ပင် ဖြစ်သည်။
ဤသို့သောအခြေအနေတွင်

(၁) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၊
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
(၃) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်
(၄) အမျိုးသားဒိီမိုကရေစီတပ်ပေါင်းစုအဖွဲ့အစည်း ၄ ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ အောက်ပါအတိုင်း အခိုင်အမာ သဘောတူညီကြသည်။
(၁)    မဟာလူမျိုးကြီးဝါဒကိုလည်းကောင်း၊ စစ်အာဏာရှင်စနစ်ကိုလည်းကောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ် စစ်အာဏာရှင်စနစ်ကိုကျင့်သုံးသည့် နဝတအားလည်းကောင်း အဆုံးတိုင်အတူတကွ ဆန့်ကျင်တိုက်ဖျက်သွားမည်။
(၂)    နဝတစစ်အာဏာရှင်ကြီးစိုးမှုချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည့်အခြေအနေတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံတက်ရောက်နိုင်သည့် စစ်မှန်သော အမျိုးသားညီလာခံကြီးကို ခေါ်ယူသွားမည်။
၃။    စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသားလူမျိုး အားလုံး ပြည်သူလူထုတရပ်လုံး၏ ဆန္ဒညီညွတ်မှုကို အခြေခံ၍ ရေးဆွဲပြဋ္ဌာန်းသွားမည်။
၄။    မည်သည့်လူမျိုးကိုမျှ အခွင့်ထူးမပေးရေးနှင့် လူမျိုးစု၊ မျိုးနွယ်စုအားလုံး၏ အခြေခံအမျိုးသားအခွင့်အရေးများကို ချုပ်ခြယ်ကန့်သတ်မှုမပြုရေးမူကို ကျင့်သုံးသွားမည်။
၅။    တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်။
ထိုသို့တည်ဆောက်ရာတွင် –
(က)    ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားပြည်နယ်ပေါင်းစုပြည်ထောင်စုဖြစ်ရေး
(ခ)    ပြည်နယ်များမှ ပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ ကျန်သောအာဏာများကို  ပြည်နယ်များတွင်ထားရှိ၍ ပြည်နယ်အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရား စီရင်မှုအာဏာ ကျင့်သုံးပိုင်ခွင့်ရှိရေး။
(ဂ)    ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော်(အထက်လွှတ်တော်)နှင့် ပြည်သူ့လွှတ်တော် (အောက် လွှတ်တော်)ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး၊
(ဃ)    ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံပြည်သူလူထု၏ ကွပ်ကဲမှုအာဏာ အောက်တွင် တည်ရှိရေး၊
(င)    ပြည်ထောင်စု၏အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာနှင့် အုပ်ချုပ်ရေး အာဏာ(၃)ရပ်ကို အပြန်အလှန် ထိန်းညှိစနစ်ဖြင့်ထားရှိပြီး လွတ်လပ်သည့် တရားစီရင်မှုစနစ်ကို ကျင့်သုံးရေး၊
(စ)    မဟာလူကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ် ပြန်လည်၍ ပေါ်ပေါက်မလာနိုင်ရေး စသည့် အချက် များကို ပြည်ထောင်စုဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။

(ပုံ)                                                                                  (ပုံ)
ဒေါက်တာစိန်ဝင်း                                                             ဦးတင်အောင်
ဝန်ကြီးချုပ်                                                                        အတွင်းရေးမှူး
အမျိုးသားညွန့်ပေါင်းအစိုးရ                                               အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

(ပုံ)                                                                                  (ပုံ)
စောဘိုမြ                                                                          နိုင်ရွှေကျင်
ဥက္ကဋ္ဌ                                                                               ဥက္ကဋ္ဌ
မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်                    အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု

၁၃၅၄ ခုနှစ် ဝါခေါင်လဆန်း (၂)ရက်
၁၉၉၂ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့

စုစည်းတင်ပြချက် (၆)

တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ(မယ်သရောထာ)
မယ်သရောထာ သဘောတူညီချက်
ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ကရင်နီတိုင်းရင်းသား၊ ကယန်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားနှင့် “ဝ”တိုင်းရင်းသားခေါင်းဆောင်များသည် အဖွဲ့အစည်းနှင့် လူမျိုးအသီးသီးကို ကိုယ်စားပြုလျက် ကော်သူးလေးပြည်နယ်၊ မယ်သရောထာ၌ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့မှ (၁၄)ရက်နေ့ထိ ကျင်းပသော နှီးနှောဖလှယ်ပွဲကြီးတွင် စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အထက်ဖော်ပြခဲ့သော ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးခေါင်းဆောင်ကိုယ်စားလှယ်များသည် နှီးနှောဖလှယ်ပွဲကြီး၌ ရင်းနှီးပွင့်လင်းစွာ အကြေအလည်ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြပြီးနောက် အောက်ပါအချက်များကို တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ကြသည်။

၁။ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာသဘောတူညီချက်
(က)     စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်
(ခ)     ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရန်
(ဂ)    လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်
(ဃ)    ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရန်တို့ ဖြစ်သည်။
၂။ နဝတအမျိုးသားညီလာခံနှင့်ပတ်သက်သော သဘောတူညီချက်
လက်ရှိ နဝတဦးစီးကျင်းပဆဲဖြစ်သော အတုအယောင်အမျိုးသားညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေး လုံးဝရနိ်ုင်မည် မဟုတ်သည့်အတွက်လည်းကောင်း၊ နဝတအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက “လုံးဝ” အသိအမှတ်မပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြရန် သဘောတူကြသည်။
၃။    သုံးပွင့်ဆိုင်ဆွေးနွေးပွဲနှင့်ပတ်သက်သော သဘောတူညီချက်
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည်သာမက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားသော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူလက်ခံသည်။ ထိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် မဒတ၏ (UNLD) (PDF)နှင့် အခြားတိုင်းရင်းသားလူမျိုးများပါဝင်သော အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအင်အားစုနှင့် နဝတစစ်အုပ်စုအင်အားစု သုံးစုတို့ ပါဝင်စေရမည်။
၄။    ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော သဘောတူညီချက်
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေး အပြည့်အဝရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြပါသည်။
၅။    စီးပွားရေးမူဝါဒနှင့်ပတ်သက်သော သဘောတူညီချက်
စီးပွားရေးမူဝါဒနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားရန် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
သို့သော် နဝတအုပ်ချုပ်နေစဉ်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းသည် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု၏ အကျိုးစီးပွားကိုသာဖြစ်စေပြီး တိုင်းရင်းသားလူမျိုးစုပြည်သူများအဖို့ အကျိုးလုံးဝမရှိသည့်အပြင် ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကို ပိုမိုခံစားလာရသည့်အတွက် နဝတစစ်အုပ်စုနှင့် ပူးတွဲလုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးလုပ်ငန်းအားလုံးကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲကြီးက အပြင်းအထန် ကန့်ကွက်သည်။
၆။    မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သဘောတူညီချက်
မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ရောင်းချမှုအပါအဝင် လုပ်ငန်းအားလုံးဆန့်ကျင်တိုက်ဖျက်ရန် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူသည်။
၇။    ဒီမိုကရေစီအင်အားစုများနှင့်ပတ်သက်သော သဘောတူညီချက်
နဝတစစ်အုပ်စုဖြုတ်ချရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိ်မ်းရေးအတွက် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲအပါအဝင် ဘက်ပေါင်းစုံမှ တိုးမြှင့်တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့ တိုင်းရင်းသားနှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
ထိုသို့တိုက်ပွဲဝင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့် တန်းတူရည်တူ လက်တွဲ၍ အမျိုးသားအခွင့်အရေးအတွက်လည်းကောင်း၊ ဒိီမိုကရေစီအခွင့်အရေးအတွက် လည်းကောင်း၊ တပြိုင်နက်တည်း စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသား လူမျိုးများနှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။
၈။    ASEAN နှင့်ပတ်သက်သော သဘောတူညီချက်
နဝတအုပ်ချုပ်နေသော ကာလအတွင်း၊ မြန်မာပြည်အား ASEAN အဖွဲ့ဝင်အဖြစ် လက်ခံခြင်းကို အတတ်နိုင်ဆုံးဆိုင်းငံ့ထားပေးပါရန် ASEAN သို့ ပန်ကြားလွှာပေးပို့သွားရန် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
၉။    တပ်ပေါင်းစုနှင့်ပတ်သက်သော သဘောတူညီချက်
တိုင်းရင်းသားလူမျိုးများ၏ ပြည်လုံးဆိုင်ရာတပ်ဦးအဖွဲ့အစည်းဖြစ်သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေးစသည်တို့ကို ပိုမိုခိုင်မာလာအောင် ဝိုင်းဝန်းပံ့ပိုးတည်ဆောက်ကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။

၁၀။    ပြန်လည်ဆုံစည်းကြရန် သဘောတူညီချက်
မယ်သရောထာ နှီးနှောဖလှယ်ပွဲကြီး၏ ရလဒ်များကို ဆက်လက်ထိန်းသိမ်းအကောင်အထည်ဖော်သွား ရန်နှင့် အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်၊ စုံစုံညီညီ ဆုံစည်းကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။
အတည်ပြုလက်မှတ်များ
၁။    ဗိုလ်ချုပ်အောင်သန်းလေး                                                       ၂။    ဗိုလ်မှူးကြီး ခွန်ဥက္ကာ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ                                               ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့
(KNPP)                                                                                      (PPLO)
၃။    ဗိုလ်မှူးကြီးမဟာဆန်း                                                             ၄။    ဗိုလ်မှူးကြီးစိုင်းပေါင်း
“ဝ”အမျိုးသားအဖွဲ့ချုပ်                                                                  “ဝ”ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ
(WNO)                                                                                       (UWSP)
၅။    မိုင်အိုက်ဖုန်း                                                                           ၆။    ဗိုလ်မှူးကြီး ဇော်ဆိုင်း
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး                                     ကချင်ပြည်လွတ်လပ်ရေးအဖွဲ့
(PSLF)                                                                                        (KIO)
၇။    ခိုင်မြတ်ကျော်                                                                         ၈။    ဘီကြာအူး
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်                                             လားဟူဒီမိုကရက်တစ်တပ်ဦး
လူငယ်များအစည်းအရုံး(AASYC)                                                   (LDF)
၉။    (နိုင်ဟံသာ)                                                                           ၁၀။    ခိုင်စိုးနိုင်အောင်
မွန်ပြည်သစ်ပါတီ                                                                             ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(NMSP)                                                                                         (ALP)
၁၁။    ခွန်းနားရု                                                                            ၁၂။    စဝ်အွတ်ကျေးသီ
ကယန်းပြည်သစ်ပါတီ                                                                   ညီညွတ်သော ရှမ်းပြည်တော်လှန်ရေးတပ်မတော်
(KNLP)                                                                                     (SURA)
၁၃။    ဆလိုင်းရွှေခါး                                                                     ၁၄။    ခွန်ဟုမ်
ချင်းအမျိုးသားတပ်ဦး                                                                    ရှမ်းအမျိုးသားဒီမိုကရက်တစ်အစည်းအရုံး
(CNF)                                                                                         (SDU)
၁၅။    ဗိုလ်ချုပ်ကြီးစောဘိုမြ
ကရင်အမျိုးသားအစည်းအရုံး
(KNU)
၁၆။    တဦးချင်းကိုယ်စားလှယ်များ
(၁) စဝ်စန်းရောင်ဝှေ              (၂) နော်လီဇာဘင်ဆင်              (၃) ခွန်မားကိုဘန်း

 

စုစည်းတင်ပြချက် (၇)

အမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲ

သူးမွဲကလိုး သဘောတူညီချက်

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ ခေတ်သစ်မြန်မာ့သမိုင်း တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ညှိနှိုင်း၍ တည်ဆောက်ထားသော အမျိုးသားသွေးစည်း ညီညွတ်မှုအင်အားဖြင့် မြန်မာပြည်လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးမှုနှင့်အတူ အမျိုးသားသွေးစည်း ညီညွတ်ရေးသည်လည်း လွင့်ပါးပျောက်ကွယ်ခဲ့ရသည်။

စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရခြင်း၏ အကျိုးဆက်အဖြစ် အမျိုးသားသွေးစည်း ညီညွတ်မှုပြိုကွဲလျက် တိုင်းပြည်ကြေပြုန်းပျက်သုဉ်းမည့် ဘေးအန္တရာယ်ကြီးကို ရင်ဆိုင်နေရသည့် အချိန်အခါဖြစ်ပေသည်။ တိုင်းရင်းသားပေါင်းစုံပြည်သူတို့၏ လက်ငင်းလိုအပ်ချက်ဖြစ်သော စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ခေတ်မီတိုးတက်၍ သာယာဝပြောသော ထာဝစဉ်ငြိမ်းချမ်းသာယာသည့် လူ့အဖွဲ့အစည်းတည်ဆောက်ရေးတို့ကို အမျိုးသားသွေးစည်းညီညွတ် မှုအင်အားဖြင့်သာ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ သို့ပါ၍ အမျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ရေး လုပ်ငန်းသည် ယနေ့ကာလ တိုင်းရင်းသားပေါင်းစုံပြည်သူတို့အတွက် အဓိကကျသော လုပ်ငန်းစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒိီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားကိုယ်စားပြုပါတီများနှင့် ပူးတွဲလျက် ယင်းတာဝန်ကို တက်ကြွစွာ ထမ်းဆောင်နေသည့်နည်းတူ အောက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၂၃ ဖွဲ့သည်လည်း ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သုံး ရက်တိုင်တိုင် ကော်သူးလေ ပြည်နယ် သူးမွဲကလိုးရွာတွင် အမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲကြီးကို အောင်မြင်စွာကျင်းပ၍ အောက် ဖော်ပြပါအချက်အလက်များကို တညီတညွတ်တည်း သဘောတူဆုံးဖြတ်ကြပါသည်။ ၎င်းသဘောတူညီ ဆုံးဖြတ်ချက်များမှာ –

၁။         ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုသည့် ပင်လုံစာချုပ်နှင့် ယင်းစာချုပ်ဆိုင်ရာ ကတိကဝတ်များ၊ ၁၉၉၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် ဗိုလ်အောင်ကျော်လမ်းထုတ်ပြန်ကြေညာချက်၊ ၁၉၉၂ ခုနှစ်တွင် ချုပ်ဆိုသည့် မာနယ်ပလောစာချုပ်၊ ၁၉၉၇ ခုနှစ်တွင် ပြုလုပ်သည့် မယ်သရောထာသဘောတူညီချက်များသည် တိုင်းရင်းသားလူမျိုးများ၊ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားကို ကိုယ်စားပြုသည့် သမိုင်းဝင်သဘောတူညီချက်များဖြစ်သည်ဟု မှတ်ယူသည်။

၂။         မြန်မာပြည်၏ လက်ရှိပဋိပက္ခသည် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာရှင်အုပ်စုက တဖက်၊ အဖိနှိပ်ခံတိုင်းရင်းသားလူ မျိုး ပေါင်းစုံ ပြည်သူလူထုကြီးကတဖက် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်ပြီး ယင်းပဋိပက္ခကြီးသည် တနေ့တခြား ပိုမိုပြင်းထ န်လာ နေသည့်အတွက် အဆုံးအဖြတ်ကာလတခုသို့ပင် ရောက်ရှိနေသည်ဟု တညီတညွတ်တည်း သုံးသပ်ကြသည်။

၃။         နဝတ/နအဖ စစ်အာဏာရှင်ကြီးစိုးမှုကြောင့် ယနေ့မြန်မာပြည်တွင် ဒီမိုကရေစီဆိတ်သုဉ်းခြင်းနှင့် အမျိုးသားအခွင့် အရေးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေရသည်။ ထို့ကြောင့် စစ်အာဏာရှင်ကြီးစိုးမှုကို ဖျက်သိမ်းပစ်ရန်မှာ တိုင်းပြည်၏ အဓိကဘုံလုပ်ငန်းတာဝန်ဖြစ်သည်ဟု တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။

၄။         နဝတ/နအဖ စစ်အာဏာရှင်ကြီးစိုးမှုတိုက်ဖျက်ရေးတွင် လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ လက်ဝဲလက်ယာ မခွဲခြားဘဲ ပါတီ၊ အဖွဲ့အစည်းများအားလုံး၊ လူပုဂ္ဂိုလ်များအားလုံး အနိမ့်ဆုံးဖြစ်နိုင်သည့်အဆင့်မှစတင်၍ လက်တွဲဆောင်ရွက်သွားကြ ရန် သဘောတူဆုံးဖြတ်သည်။

၅။         နဝတ/နအဖ သည် အမျိုးသားညီလာခံကို ဦးစီးကျင်းပခွင့် မရှိပေ။ လက်ရှိပြုလုပ်နေသည့် အမျိုးသားညီလာခံ သည် အတုအယောင်အမျိုးသားညီလာခံဖြစ်၍ လုံးဝတရားမဝင်ချေ။ ထို့ကြောင့် ၎င်းအမျိုးသားညီလာခံအား လုံးဝအသိအမှတ်မပြုကြောင်း တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။

၆။         တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒိီမိုကရေစီစနစ်ကို ကျင့်သုံးရန် တညီတညွတ် တည်း သဘောတူဆုံးဖြတ်သည်။

၇။         အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအပြည့်အဝရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူဆုံးဖြတ်သည်။

၈။         ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားကိုယ်စားပြုပါတီ လေးပါတီ၏   ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူရန် တောင်းဆိ်ုခြင်း၊ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းခြင်း၊ လွှတ်တော် ရေးရာကော်မတီများကို ဖွဲ့စည်းခြင်းများအား ထောက်ခံကြောင်း သဘောတူဆုံးဖြတ်သည်။

၉။         ဤနှီးနှောဖလှယ်ပွဲမှ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေးကို လတ်တလောလုပ်ငန်းစဉ်အဖြစ် ပူးပေါင်း ကြိုးပမ်းသွားကြရန် သဘောတူဆုံးဖြတ်သည်။

၁၀။       ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာပြည်ဒိီမိုကရေစီထွန်းကားရေးနှင့် ငြိမ်းချမ်းမှုဖြစ်ထွန်း   စေရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာမှုများအပေါ် ကြိုဆိုထောက်ခံသည်။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်များသည် တည့်မတ်မှန်ကန်သော ဆုံးဖြတ်ချက်များဖြစ်၍ တာဝန်ရှိသူများအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် တညီတညွတ်တည်း တောင်းဆိုသည်။

၁၁။       မြန်မာပြည်အတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ပြည်ပတင်ပို့မှုများတွင် နအဖစစ်အုပ်စု၏ အဓိကပါဝင်ပတ်သက်နေမှုကို ဆန့်ကျင်ရှုတ်ချကြောင်း သဘောတူဆုံးဖြတ်သည်။

၁၂။       နအဖ စစ်အာဏာရှင်ကြီးစိုးမှုရှိနေသည့်အတွက် မြန်မာပြည်အတွင်းသို့ မည်သည့်ရင်းနှီးမြှုပ်နှံမှုမှန်သမျှ ပြည်ပမှ ဝင်ရောက်မပြုလုပ်ရန် တောင်းဆိုကြောင်း သဘောတူဆုံးဖြတ်သည်။

၁၃။       ဤအမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ထားသည့် သဘောတူဆုံးဖြတ်ချက်များကို ဆက်လက်ထိန်းသိမ်းအကောင်အထည်ဖော်ရန်အတွက် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသည့် အဖွဲ့အားလုံး တာဝန်ယူ ရန်၊ စည်းလုံးညှိနှိုင်းရေးကော်မတီတရပ်ဖွဲ့စည်း၍ ဆက်လက်အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်သည်။

၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။

အတည်ပြုလက်မှတ်ရေးထိုးသူများ

ဦးတင်မောင်သက်                                                                      ဦးမြတ်သူ

ဥက္ကဋ္ဌ                                                                                         ဥက္ကဋ္ဌ

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်အစည်းအရုံး                          မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသာများအဖွဲ့ချုပ်

ABMU                                                                                       ABSL

 

ဦးမျိုးဝင်း                                                                                       အရှင်ခေမာစာရ

အတွင်းရေးမှူး(၂)                                                                         ဥက္ကဋ္ဌ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး      မြန်မာနိုင်ငံလုံးဆိ်ုင်ရာ ရဟန်းပျိုသမဂ္ဂ

ABSDF                                                                                      ABYMU

 

ဦးသာနိုး                                                                                     ဆလိုင်းရွှေခါး(ရ်)

အတွင်းရေးမှူး                                                                             အတွင်းရေးမှူး၊ ပြည်ပဆက်ဆံရေးတာဝန်ခံ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်                                                              ချင်းအမျိုးသားတပ်ဦး

ALD                                                                                          CNF

 

စောဂျက်ကော့                                                                            စောရွှေဆိုင်း

ဗဟိုစည်းရုံးရေးကော်မတီဝင်                                                      ဒု-ဥက္ကဋ္ဌ

ဗမာပြည်ကွန်မြူနစ်ပါတီ                                                              ကရင်အမျိုးသားအစည်းအရုံး

CPB                                                                                          KNU

 

ဦးစိုးလွင်                                                                                     ခိုင်မျိုးမင်း

ဒု-ဥက္ကဋ္ဌ                                                                                     အထွေထွေအတွင်းရေးမှူး

မြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦး                                              ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

MDUF                                                                                       ALP

 

ဆလိုင်းထနယ်လွယ်                                                                    ဦးဇော်နိုင်ဦး

ကိုယ်စားလှယ်                                                                             အထွေထွေအတွင်းရေးမှူး

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်                                                 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

CNLD                                                                                        DPNS

 

ဘီကြာဦး                                                                                    ဦးကျော်လှ

အထွေထွေအတွင်းရေးမှူး                                                            ဥက္ကဋ္ဌ

လားဟူဒီမိုကရက်တစ်တပ်ဦး                                                      မြန်မာနိုင်ငံ မွတ်ဆလင်လွတ်မြောက်ရေးအဖွဲ့

LDF                                                                                          MLO

 

ဦးဒယ်နီရယ်အောင်                                                                    ဦးကျော်ထက်

အဖွဲ့ဝင်                                                                                     ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့                                 ပြည်သူ့ကာကွယ်ရေးတပ်

MPU                                                                                          PDF

 

ဗမက ခွန်ဥက္ကာ                                                                          မိုင်အိုက်ဖုန်း

ဥက္ကဋ္ဌ                                                                                        တွဲဖက်အတွင်းရေးမှူး

ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့                                          ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

PPLO                                                                                        PSLF

 

မဟာဆန်း                                                                                  ဦးသန်းထွဋ်

ဥက္ကဋ္ဌ                                                                             `          အတွင်းရေးမှူး

ဝအမျိုးသားအဖွဲ့                                                                         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

WNO                                                                                         (လွတ်မြောက်နယ်မြေ)

NLD-LA

 

ဦးအေးဆောင်                                                                             ဦးအောင်မြင့်

အထွေထွေအတွင်းရေးမှူးချုပ်                                                       အထွေထွေအတွင်းရေးမှူး

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး                                                   ပြည်သူ့ပြည်ချစ်ပါတီ

PLF                                                                                           PPP

 

ခွန်ကြာနု                                                                                     ဦးမောင်မောင်လတ်

ကိုယ်စားလှယ်                                                                             အဖွဲ့ဝင်

ရှမ်းဒီမိုကရက်တစ်အစည်းအရုံး                                                   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့

SDU                                                                                          MPU

 

စုစည်းတင်ပြချက် (၈)

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုကြေညာစာတမ်း

၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၈)ရက်၊ ရန်ကုန်မြို့

ကျွန်ုပ်တို့ တိုင်းရင်းသားအင်အားစုများ ဒီမိုကရေစီအင်အားစုများသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်၊ ၇ ရက်နေ့ များတွင် စုစည်းညီညွတ်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှစ်လေးလုံး ၂၅ နှစ်တိုင်ခဲ့သော ဤနေ့ ဤနေ့ရက်တွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုကြေညာစာတမ်းကို ထုတ်ပြန်ကြေညာလိုက်သည်။

၁။         ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ်ကို လိုအပ်သည်ဟု အလေးအနက် ခံယူသည်။

၂။         ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန် လိုအပ်သည်ဟု အလေးအနက်ခံ ယူသည်။

၃။         ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစုအားလုံးပါဝင်သည့် ညီလာခံတရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက်ခံယူသည်။

ဤသို့ ခံယူသည်နှင့်အညီ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။