ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်..

အမြင်သဘောထား

[လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် – ၂/၂၀၁၉]

တန်းတူမှု(Equality)ဆိုတာ လူ့အဖွဲ့အစည်းတခုမှာ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့လူ့အဖွဲ့အစည်းတခုမှာ တန်းတူမှုဟာ ပို၍ပင် မရှိမဖြစ် လိုအပ်ပါတယ်။ တန်းတူမှုဆိုရာမှာ ဘာသာရေးအရ၊ လူမျိုးရေးအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအရ ခွဲခြားဆက်ဆံမှုမရှိဘဲ အခွင့်အရေးနဲ့ အခွင့်အလမ်းများ တန်းတူရည်တူရရှိဖို့ လိုအပ်ပါတယ်။

မေလ ၁၅ ရက်နေ့ည ၁၀းဝ၀ နာရီလောက်မှာ မျိုးချစ်ရဟန်းတော်များဆိုတဲ့အဖွဲ့နဲ့အတူ အရပ်သားအချို့က တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၄)ရပ်ကွက်နဲ့ (၁၀၆)ရပ်ကွက်ရှိ အစ္စလာမ်ရမ္မဒန် (ဥပုသ်)ကာလဝတ်ပြုဆုတောင်းရာနေရာတွေကို လူစုလူဝေးနဲ့ ပိတ်ဆို့တားမြစ် နှောက်ယှက်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာ အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ကြီးရက်ကြီးအခါကြီးဖြစ်တဲ့ ရမ္မဒန်ဥပုသ်ကာလတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မေလ ၈ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈) “နိုင်ငံသား၊ နိုင်ငံသားများမူလအခွင့်အရေးနှင့် တာဝန်” ပါ ပုဒ်မ (၃၅၄) အပိုဒ်(ဃ)မှာ ” . . . . . .မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ရှိကြောင်းဖော်ပြထားပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေထဲမှာပဲ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဟာ တရားဝင်ဘာသာတခုဖြစ်ကြောင်းအသိအမှတ်ပြုထားပြီးလည်းဖြစ်ပါတယ်။

တရားဝင် အသိအမှတ်ပြုခံထားရတဲ့ ဘာသာတခုရဲ့အထွဋ်အမြတ် အခါကြီးရက်ကြီးဝတ်ပြုဆုတောင်းမှုကို ဘာသာရေးအစွန်းရောက် လူတစုရဲ့ရန်ကနေ ကာကွယ်ပေးဖို့ အာဏာပိုင်တွေဘက်က ပျက်ကွက်တာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ မျိုးချစ်အမည်ခံအစုအဖွဲ့ရဲ့ လုပ်ရပ်ဟာနိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းကျဆင်းစေပါတယ်။ အစိုးရအနေနဲ့ လူနည်းစုဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ အခုကိစ္စမှာ အစိုးရတာဝန်ရှိသူတွေအနေနဲ့အကာအကွယ်မပေးတဲ့အပြင် မိမိတို့ တရားဝင် ခွင့်ပြုထားပြီးဖြစ်တဲ့စုပေါင်းဝတ်ပြုခွင့်ကို လျစ်လျူရှုပြီး အစွန်းရောက်လူအုပ်ရဲ့တောင်းဆိုချက်အတိုင်း ဝတ်ပြုမှုကို ပိတ်ပင်ခြင်းဟာ မသင့်လျော်တဲ့၊ မလုပ်သင့် မလုပ်ထိုက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ လူမျိုးရေးအရ၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအရ ခွဲခြားဆက်ဆံမှုအားလုံးကို ရပ်တန့်စေဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် တားဆီးရမည့်အစား အချို့သောဘာသာရေး၊ လူမျိုးရေးအစွန်းရောက် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက အမုန်းစကား အမုန်းတရားများ ပေါ်ပေါ်ထင်ထင် ပြောဆိုပြုမူဆောင်ရွက်နေကြတာကို ဝမ်းနည်းဖွယ် တွေ့ရှိနေရပါတယ်။ ဒီအခြေအနေတွေက မိမိတို့ လူ့အဖွဲ့အစည်းကို အကျည်းတန်စေရုံမျှသာမက မမြင်နိုင်တဲ့အန္တရာယ်တွေကိုပါ ထပ်တလဲလဲဖိတ်ခေါ်နေပါတယ်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာအာဏာပိုင်များအနေနဲ့ ကြီးစွာသောသတိဖြင့် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးသင့်ကြောင်း မိမိတို့ပါတီရဲ့သဘောထားအမြင်ကို ဖော်ပြအပ်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

                 ၂၀၁၉၊ မေ၊ ၁၆။

[ngg src=”galleries” ids=”642″ display=”basic_thumbnail”]