ပါတီဆိုင်းဘုတ်ကို ပြင်ဆင်ပြောင်းလဲပေးရခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းချက် သတင်းထုတ်ပြန်ချက် (၁/၂၀၁၆)

ရက်စွဲ၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရိလ (၂၃)ရက်။

မိမိတို့ပါတီသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် အကြိမ်ကြိမ်ဆွေးနွေးပြီး တည် ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ခဲ့ရာ ၂၄၊ ၁၀၊၂၀၁၄ ရက်နေ့တွင် မှတ်ပုံတင် အမှတ် (၇၇) ဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။

၁၀၊ ၁၁၊၂၀၁၄ ရက်နေ့တွင် ဋ္ဌာနချုပ်ရုံးခန်းဖွင်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲကို ကျင်းပကာ မိမိတို့၏ ဋ္ဌာနချုပ်ရုံးတွင် မိမိတို့၏ပါတီဆိုင်းဘုတ်ကို မိမိတို့ ဆန္ဒသဘောထားနှင့်အညီ တင်ခဲ့ကြပါသည်။ မိမိတို့ပါတီ၏ တိုင်းဒေသကြီးရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် ရပ်ကျေးရုံးများကိုလည်း ဒေသဆိုင်ရာကော်မရှင်ရုံးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လုပ်ထုံး လုပ်နည်းများနှင့်အညီ အကြောင်းကြားလျက် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့ကြပါသည်။

၂၊ ၇၊၂၀၁၅ ရက်နေ့တွင် နိုင်ငံရေးပါတီတခု၏ တိုင်တန်းချက်အရ ဟုဆိုကာ မိမိတို့ပါတီ၏ဆိုင်းဘုတ်တွင်ပါသည့် ကြယ်နေရာကို ပြောင်းလဲပေးရမည်ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်ပြီးအသုံးပြုနေပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၈ (ခ) နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိမိတို့ပါတီကို ညွှန်ကြားသည့်စာ လက်ခံရရှိခဲ့ပါသည်။

ယခုဆိုင်းဘုတ်အတိုင်း ဆက်လက်အသုံးပြုသွားလိုကြောင်းနှင့် ကော်မရှင်အနေဖြင့် အကြောင်းကြားစာအပေါ် ပြန်လည်စဉ်းစားပေးစေလိုကြောင်း အကျိုးအကြောင်းခိုင်လုံစွာဖြင့် ပြန်ကြားစာတစောင်ကို ရေးသားကာ ၂၉၊ ၇၊၂၀၁၅ ရက် နေ့ နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် ပေးပို့ခဲ့ပါသည်။ သို့သော် မိမိတို့၏ တင်ပြချက်အား ပယ်ချ လျက် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်သာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာထပ်မံ ပေးပို့ခဲ့ပါသည်။

၅၊ ၁၊၂၀၁၆ ရက်နေ့တွင် ကန့်ကွက်သည့်ပါတီနှင့် မိမိတို့ပါတီတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် အပြန်အလှန်တင်ပြခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ကြရမည့် အစား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိမိတို့ပါတီ၏ ဆိုင်းဘုတ်ကို ပြင်ဆင်ပေးရန်နှင့် ပြင်မပေးပါက ပါတီကို မတရားသင်းကြေညာသည်အထိ အရေးယူမည်ဟု တဖက်သတ် ပြောဆိုခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၎င်းပြောဆိုချက်သည် အပြန်အလှန်လေးစားမှု မရှိသည့်၊ အပြန်အလှန် အသိအမှတ်ပြုမှုမရှိသည့် လုပ်ရပ်ဖြစ်သည့်အပြင် တရားနည်းလမ်းမကျသည့် ဖြေရှင်းပုံ ဖြစ်သည်ဟု မိမိတို့ပါတီက သုံးသပ် ပါသည်။
ထိုသို့သုံးသပ်ယူဆမိသော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း မိမိတို့ပါတီ တရားဝင်ပါတီတရပ်အဖြစ် ဆက် လက်ရပ်တည်သွားနိုင်ရေးကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး ဆိုင်းဘုတ်မှကြယ်နေရာကို ပြင်ဆင်ပြောင်းလဲပေးရန် ပါတီ၏ သဘောဆန္ဒ လုံးဝမပါဘဲ စိတ်မသက်သာစွာဖြင့် ဆုံးဖြတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ယနေ့ကာလ မိမိတို့တိုင်းပြည်သည် အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ဟူသော အရေးကြီးလှသည့် နိုင်ငံရေးဖြစ်စဉ်ကို ရင်ဆိုင်၊ ဖြတ်သန်းနေကြရပေသည်။ ဤ အရေးကြီးလှသည့် ဖြစ်စဉ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီအား ချောချောမွေ့မွေ့ အာဏာ လွှဲအပ်ရေး၊ တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပွဲကြီး စစ်စစ်မှန်မှန်ကျင်းပနိုင်ရေး၊ လူထုအကျိုးနှင့် လည်းကောင်း ဒီမိုကရေစီစံနှုန်းနှင့်လည်းကောင်း သွေဖီခြားနားနေသော ၂၀၀၈ အခြေခံဥပဒေအစား ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အာမခံနိုင်သည့် အခြေခံဥပဒေသစ်တစ်ရပ်ကို လူထုဆန္ဒနှင့်အညီ ပြောင်းလဲ အစားထိုးနိုင်ရေး၊ ပြည်တွင်းစစ်မီးကို သက်ဆိုးရှည်စေမည့် လူမျိုးစုများအပေါ် တိုက်ခိုက်နေသည့်ထိုးစစ်များ ခြွင်းချက်မရှိရပ်ဆိုင်းပစ်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူမျိုးစုံပြည်သူလူထုကြီးအပေါ် နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဖိနှိပ်ချုပ်ချယ်နေသည့် ဥပဒေ များ၊ အပြုအမူများအားလုံး ခြွင်းချက်မရှိ ရပ်ဆိုင်းဖျက်သိမ်းရေး စသည့် နိုင်ငံရေးတာဝန်များကို မဖြစ်မနေ အကောင်အထည် ဖော်ကြရလိမ့်မည် ဖြစ်ပေသည်။

Continue Reading

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပေါင်းတည်မြို့နယ် ဥက္ကဋ္ဌဟောင်း ရဲဘော်ဇော်နေမျိုးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ပေါင်းတည်မြို့နယ် ပါတီရဲဘော် ဇော်ကိုကိုနိုင်တို့၏ ဖခင်ကြီး ရဲဘော်ဘဆန်း(ခေါ်)ရဲဘော်ဇော်မြင့် အသက် (၇၇)နှစ် (နိုင်ငံ – ရေးအကျဉ်းသားဟောင်း) သည် ၃၊ ၁၂၊ ၂၀၁၅ နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ရဲဘော်တို့ မိသားစုဝင်များ နည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ရဲဘော်တို့ မိသားစု၏ မိမိတို့ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အစဉ်တစိုက် ချစ်မြတ်နိုးစွာ၊ တာဝန်ကျေပွန်ခဲ့မှုအား မိမိတို့ပါတီက ဂုဏ်ယူစွာ၊ မှတ်တမ်းတင်ပါကြောင်းလည်း အလေးအနက် ဖော်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဒီဇင်္ဘာလ၊ ၄ ရက်။

Continue Reading

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃/၂၀၁၅)

၂၀၁၅ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၃ ရက်။

၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏ (ပြည်ခရိုင် ပါတီစည်းရုံးရေး
ကော်မတီ ဒုတိယဥက္ကဋ္ဌ)နှင့် အတူ အခြားဒေသခံ တက်ကြွလှုပ်ရှားသူ (၄)ဦးအား ပြည်မြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ / ၁၉ တို့အရ ယနေ့ (၁၃၊ ၁၁၊ ၂၀၁၅)တွင် ထောင်ဒဏ် (၄)လ၊ (၆)လ စသည်ဖြင့် ပြစ်ဒဏ် ချမှတ်လိုက်ပါသည်။

၂။ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏသည် နိုင်ငံသားပြည်သူတစ်ဦး အခွင့်အရေးရှိသည့်အားလျော်စွာ
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်း PR စံနစ်ကိုကျင့်သုံးမည်ဆိုပါက မသင့်လျော်၊ လက်မခံနိုင်ကြောင်းဖြင့် အခြားဆန္ဒတူ တက်ကြွလှုပ်ရှားသူ (၄)ဦးနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ပြသသည့်အတွက် ယခုကဲ့သို့ အရေးယူ၊ ပြစ်ဒဏ်ပေးခံရခြင်း ဖြစ်ပါသည်။

၃။ အဆိုပါ ငြိမ်းစုစီ ဥပဒေပုဒ်မများမှာလည်း နိုင်ငံသားပြည်သူတို့၏ မူလပိုင်ခွင့်များနှင့်သော်လည်းကောင်း၊ တိုင်းပြည်၏ လက်ငင်း အခြေအနေအရပ်ရပ်နှင့်လည်းကောင်း မဆီလျော်၊ မလိုလားအပ်သော ဥပဒေပုဒ်မမျိုးများသာ ဖြစ်သည်ဟု မိမိတို့ ပါတီက အခိုင်အမာ ယုံကြည်ပါကြောင်း သတင်း ထုတ်ပြန်၊ ကြေညာအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)

Continue Reading

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆/၂၀၁၅)

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်

သဘောထား ထုတ်ပြန်ချက်

၁။ သာယာဝတီ အကျဉ်းထောင်အတွင်း ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် တောင်းဆိုချက်ဖြင့် (၂၃၊ ၁၀၊၂၀၁၅)နေ့မှ စတင်လျက် အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ကြောင်း ကြားသိ ရပါသည်။

၂။ ယနေ့ကာလတွင် မိမိတို့တိုင်းပြည်သည် အထွေထွေရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးကြရေး၊ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး စသည့် အရေးကြီးသောဖြစ်စဉ်များကို အကြိုဖြတ်သန်းနေကြရသည့်ကာလ ဖြစ်ပေသည်။
ဤဖြစ်စဉ်အတွင်း နိုင်ငံသားပြည်သူတိုင်း လွတ်လပ်စွာပါဝင်ခွင့်ရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက် မရှိလွှတ်ပေးရန် တောင်းဆိုချက်သည် ဆီလျော်၊ မှန်ကန်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်သည်။ လေးလေး နက်နက် ထောက်ခံအပ်ပါသည်။

၃။ နိုင်ငံအစိုးရနှင့် အဆင့်ဆင့်သော တာဝန်ရှိသူတို့အနေဖြင့် သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေ သည့် ဗကသရဲဘော် ကိုအောင်မှိုင်းဆန်းကို သားသမီးချင်း စာနာမှုဖြင့်လည်းကောင်း၊ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့် အပေါ် လေးစားမှုဖြင့်လည်းကောင်း၊ ဒီမိုကရေစီကျင့်ဝတ်အရလည်းကောင်း သွားရောက်၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုပြုပါရန် မိမိ
တို့ပါတီက တိုက်တွန်း၊ တောင်းဆိုအပ်ပါသည်။

၎။ အစာငတ်ခံဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးနှင့် အသက်ဘေးရန် အရပ်ရပ်တို့ ကင်းပ လုံခြုံစေရေး၊ ဆိုးဝါးသောအကျိုးဆက်များ မဖြစ်ပွားစေရေးတို့အတွက် အကျဉ်းထောင်တာဝန်ရှိသူ အဆင့်ဆင့်အပါအဝင် နိုင်ငံသားပြည်သူ များအားလုံး၊ ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းနှင့် အင်အားစုအသီးသီးကပါ ဝိုင်းဝန်း ဝန်းရံ၊ စောင့်ရှောက် ကူညီ ကြပါရန်လည်း မိမိတို့ပါတီက နှိုးဆော်၊ မေတ္တာရပ်ခံအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅)

၁။ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် သပိတ်တိုက်ပွဲ ဆင်နွှဲ၍ တောင်းဆိုနေကြသည်ကို သိရှိရပါသည်။

၂။ သပိတ်တိုက်ပွဲဝင်အလုပ်သမားများ၏ တောင်းဆိုချက်များသည် အခြေခံကျ၍ တရားမျှတသော တောင်းဆိုမှုများဖြစ်ပြီး၊ အဆိုပါတောင်းဆိုမှုအပေါ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။

၃။ အထည်ချုပ်လုပ်ငန်းရှင်ဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း မိမိတို့အခြေခံရပိုင်ခွင့်အတွက် ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ သပိတ်လက်နက်ကိုင်စွဲ၍ တောင်းဆိုနေသော အလုပ်သမားများအပေါ် အကြမ်းဖက်တားဆီး၊ နှိမ်နင်းခြင်း များ လုံးဝမပြုလုပ်ဘဲ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လေးလေးစားစား စေ့စပ်၊ ဆွေးနွေးညှိနှိုင်း ဖြေရှင်း ပေးကြပါရန် မိမိတို့ပါတီက လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။

၎။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသောလူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ရက်ရှည် သပိတ်တိုက်ပွဲဝင်နေ ကြသည့် ဟန်ဂျင်း အထည်ချုပ်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝိုင်းဝန်း ဝန်းရံ၊ ထောက်ခံ ကူညီပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

မိမိတို့ပါတီကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ ယနေ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ တွင် (၂၇) နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။

ပါတီ၏ (၂၇)နှစ်တာ သမိုင်းတလျောက်တွင် ” ပြည်သူသာအမိ ပြည်သူသာအဖ ” ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူတို့၏အကျိုးကို နယ်မြေဒေသအသီးသီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သယ်ပိုးထမ်းရွက်ခဲ့ကြသော ပါတီဝင်ရဲဘော်အသီးသီးကို ပါတီက အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဖြတ်သန်းကြရတော့မည် ဖြစ်ပါ သည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေရင်ဆိုင်ကြရမည့် နိုင်ငံရေးတာဝန်များ သို့မဟုတ် စိန်ခေါ်ချက်များ ရှိနေသည်ဟု မိမိတို့ပါတီက အလေးအနက်ယုံကြည်ပါသည်။

တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို အခိုင်အမာ ရရှိစေရန် ဆောင်ရွက်ရေး၊
 အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူဆွေးနွေးကာ အင်အားစုအားလုံးက လက်ခံသဘောတူပြီး ပြည် သူတရပ်လုံးကပါ ထောက်ခံအတည်ပြုသည့် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက် (National Accord) တရပ် ချမှတ်ရေး၊
 ၎င်းသဘောတူညီချက်နှင့်အညီ တိုင်းပြည်တွင် ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းသွားရေး၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးတို့ကို အပြည့်အ၀ အာမခံ သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို အခိုင်အမာ တည်ဆောက်ရေး၊
စသည့် လုပ်ငန်းတာဝန်များကို ဆက်တိုက်ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုနိုင်ငံရေးတာဝန်များသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်နေသည့် တာဝန်များဖြစ်ပြီး နိုင်ငံသားတိုင်းက လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့် အပြည့်အ၀ရရှိကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

သို့အတွက် အစိုးရအနေဖြင့် အင်အားစုတိုင်းလွတ်လပ်စွာပါဝင်ခွင့်ကို အကန့်အသတ်အတားအဆီးဖြစ်နေ သည့် အရာမှန်သမျှကို ဖယ်ရှားပေးရန်နှင့် ပထမဦးဆုံးခြေလှမ်းအဖြစ် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၊ အလုပ် သမားများ၊ လယ်သမားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် မိမိတို့ ပါတီက အလေးအနက် တောင်းဆိုပါသည်။

မိမိတို့ပါတီအနေဖြင့် အထက်ပါလုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်များအဖြစ်ခံယူပြီး မြန်မာနိုင်ငံနှင့် ပြည်သူတရပ်လုံး၏အကျိုးကို မျက်နှာမူကာ ရည်ရွယ်ချက်တူအင်အားစုများ၊ လူပုဂ္ဂိုလ်များ၊ လူမျိုးစုံပြည်သူများနှင့် လက်တွဲလျက် တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီ၏သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်။

Continue Reading

ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် ( ထုတ်ပြန်ကြေညာချက် (၄/၂၀၁၅) )

ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။

ပါတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်အား လွှတ်တော် တွင်း လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုများ ဟန်ချက်ညီညီ ဆက်စပ်ဆောင်ရွက်ခြင်း မှတဆင့် ကြိုးပမ်း အကောင်အထည်ဖေါ်သွားနိုင်ရန် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်။

လွှတ်တော်တွင်းမှနေ၍ ပြည်သူလူထု လတ်တလောရင်ဆိုင်နေရသည့် (အထူးသဖြင့် အလုပ် သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား ပြည်သူများ၏) လူမှုစီပွားအကျပ်အတည်းပြဿနာများ ဖေါ်ထုတ် တင်ပြသွားနိုင်ရန်နှင့် ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ လိုလားချက်များအား ထင်ဟပ်သည့် မူဝါဒ များအား ရေးဆွဲတင်ပြနိုင်ရန် ဖြစ်သည်။

လတ်တလောလိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအား နိုင်ငံရေး အင်အားစုအသီးသီးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများအပါအ၀င် လွှတ်တော်ပနိုင်ငံရေး ဖြစ်စဉ်အပေါ် အခြေခံ၍ လွှတ်တော်တွင်းနိုင်ငံရေးနှင့် ဆက်စပ်ဆောင်ရွက်ရေး ကြိုးပမ်းသွားနိုင်ရန် ဖြစ်သည်။

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်း ရည်ရွယ်ချက်တူ အမြင်သဘောထားတူ အခြား ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက် သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း ( သတင်းထုတ်ပြန်ချက် (၂/၂၀၁၅) )

ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။


၁။ ဦးငွေလင်း ဥက္ကဋ္ဌ
၂။ ဦးဇော်ဇော်ထွန်း အတွင်းရေးမှူး
၃။ ဦးတိုးတိုးထွန်း ကော်မတီဝင်
၎။ ဦးမင်းနိုင် ကော်မတီဝင်
၅။ ဒေါ်နှင်းနှင်းမွှေး ကော်မတီဝင်
၆။ ဒေါ်တင်တင်ချို ကော်မတီဝင်
၇။ ဦးညီညီအောင် ကော်မတီဝင်
၈။ ဦးဝဏ္ဏ ကော်မတီဝင်
၉။ ဦးသန့်စင် ကော်မတီဝင်
၁၀။ ဦးသူအောင် ကော်မတီဝင်
၁၁။ ဒေါ်သက်ဇွန်လင်းထင် ကော်မတီဝင်

ဆက်သွယ်ရန်
ဦးငွေလင်း (ဖုန်း ၀၉ ၃၁၁၀၆၂၄၂)
ဦးဇော်ဇော်ထွန်း (ဖုန်း ၀၉ ၇၉၅၈၃၉၃၅၃)
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၇ ဇူလိုင်အရေးတော်ပုံသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် တွင်၊ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကောက်ကျစ်မှုကို သွေးမြေ ကျခံလျက် ဖော်ထုတ်၊ ဖွင့်ချနိုင်ခဲ့သည်။

၂။ လွန်ခဲ့သော (၅၃) နှစ်က ဤယနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်ခံ၊တိုးချဲ့၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတပ်ဦးတွင် ထပ်မံ မော်ကွန်း တင်နိုင်ခဲ့ပေသည်။

၃။ သမိုင်းစဉ်အတွင်း မှားယွင်း၊ တာဝန်မဲ့မှုများနှင့် မှန်ကန်၊ရဲရင့်သော တိုက်ပွဲအစဉ်အလာများကို မမေ့မလျော့ခြင်းသည် အာဃာတ နှင့် အမုန်းတရားများကို ဖော်ထုတ်ခြင်း မဟုတ်ဘဲ၊ လွတ်လပ်သော တန်းတူသော သွေးစည်းချစ်ကြည်သော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ဆက်လက် အားထုတ်၊ကြိုးပမ်းကြရမည့် လုပ်ငန်းစဉ်များကို ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်စွာ ရွေးချယ်နိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုပင် ဖြစ်ပေသည်။

၎။ ကျွန်ုပ်တို့ ပါတီအနေဖြင့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ကြီး ထူ ထောင်နိုင်သည်အထိ ၇ ဇူလိုင် စိတ်ဓာတ်နှင့် အစဉ်အလာတို့ကို ဆက်ခံ၊ကိုင်စွဲလျက် လူမျိုးစုံ မြန်မာပြည်သူလူထုကြီးနှင့် အတူ ဆက် လက် အားထုတ်၊ကြိုးပမ်းသွားကြမည်ဟု လေးနက်စွာ အဓိဋ္ဌာန်လျက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။
၁၃၇၇ ခု၊ ပထမ ဝါဆို၊ လဆုတ် ၆ ရက်။

Continue Reading