လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်

” လာမည့် ၁၄၊ ၁၀၊ ၂၀၁၆ ရက်တွင် ကျရာက်မည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ “

Continue Reading

ဦးအောင်ထိုက်(စိတ်တိုင်းကျ) ဈာပနအခမ်းအနားသို့ ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

၂၃၊ ၉၊ ၂၀၁၆ နေ့တွင် ကွယ်လွန်ခဲ့သည့် ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု အလုပ်အမှုဆောင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ NLD ဗဟိုလူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အကြံပေး၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးအောင်ထိုက် (စိတ်တိုင်းကျ)၏ ဈာပနသို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

Continue Reading

မိတ်ဆွေအင်အားစုများ ဆက်ဆံရေးနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

(၅ / ၂၀၁၆)

၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) သည် (၂၄၊ ၁၀၊ ၂၀၁၄) ရက်နေ့မှ စတင်၍ တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။

၂။ ၎င်းကာလမှ ယနေ့ (၂၇၊ ၈၊ ၂၀၁၆)အထိ မိတ်ဆွေအင်အားစုအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ (UNA +)၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အ ထည်ဖော်ရေးကော်မတီ၊ ပညာရေးစံနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည်တို့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ပြုခဲ့ပါသည်။

၃။ မိမိတို့အနေဖြင့် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးကို အလေးထား လေးစားသည့် သဘောထား အခြေခံ ရှိသော်လည်း အဓိကကျသော နိုင်ငံရေးသဘောထားများနှင့် ပတ်သက်၍ အထက်ပါ အင်အား စုများတွင်သာ ပါဝင် ဆောင်ရွက်မှု ရှိခဲ့ပါသည်။ အခြားသော ပါတီ၊ အစုအဖွဲ့များတွင် ယနေ့အထိ ပါဝင်ဆောင်ရွက်ခဲ့မှု တစုံတရာ မရှိခဲ့ပါ။

၎။ ယခုရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည့် စစ်မှန်သောဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(ဧရာဝတီ) အမည်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက် တရပ် ထွက်ရှိလာခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မိမိတို့ပါတီနှင့် မပတ်သက်ကြောင်း၊ အဆိုပါ အင်အားစုအတွင်း မိမိတို့ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်မှု မရှိကြောင်း မိတ်ဆွေနိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူအများ သိရှိ စေရန် ထုတ်ပြန် ကျေညာအပ်ပါသည်။

၅။ ဒေသဆိုင်ရာ ပါတီစည်းရုံးရေးကော်မတီအသီးသီးအနေဖြင့် မိမိတို့ဒေသတွင်း ဆောင်ရွက်ဖွယ် ကိစ္စရပ်များကို သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြသော်လည်း နိုင်ငံလုံးဆိုင်ရာကိစ္စရပ်များ၊ ပါတီအတွက် အဓိကကျသည့် အခြားအင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ မူသဘောဆောင်သော ထုတ်ပြန်ကျေညာမှုများ အား ပါတီဗဟိုစည်းရုံးရေးကော်မတီ၏ တာဝန်ခံမှုဖြင့်သာ ဆောင်ရွက်ကြောင်းကို အသိပေး ထုတ်ပြန်အပ်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဩဂုတ် (၂၇) ရက်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးပါး ကွယ်လွန်ခဲ့သည်မှာ ၅၂ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာကြီး မဆုံး ပါးခင် တမ်းတမ်းတတ မြင်တွေ့သွားလိုသော စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးမှာ ယခုထက်ထိမရရှိနိုင်ဖြစ်နေရပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်မှာ တမျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စ ဖြစ်သည်။ ထို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လည်း တမျိုးသားလုံးက ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လူမျိုးစုံပြည်သူလူထုပိုင်လုပ်ငန်းများဖြစ်ပြီး တမျိုးသားလုံးလက္ခဏာ၊ လူထု လက္ခဏာဆောင်ဖို့ လိုအပ်သည်ဟု ယူဆပါသည်။
ထို့အတွက် ဤလုပ်ငန်းစဉ်ကြီးအတွင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးကို မည်သည့်အကြောင်းနှင့်မျှ ချန် လှပ်ထားခြင်း၊ ကန့်သတ်ထားခြင်း လုံးဝ မရှိပဲ လွတ်လပ်စွာ၊ တန်းတူစွာ ပါဝင်ဆွေးနွေးအဖြေရှာခွင့် ပြုကြရန် လိုအပ်ပါ သည်။ ထိုသို့ အင်အားစုအားလုံးပါဝင်ကျင်းပပြုလုပ်ကြမည့် ငြိမ်းချမ်းရေးညီလာခံကြီးတွင်လည်း ဆရာကြီးသခင်ကိုယ် တော်မှိုင်း၏ သူမနာကိုယ်မနာတွေ့ဆုံဆွေးနွေးရေးမူကို အပြည့်အ၀ ကိုင်စွဲကာ ပြည်သူတရပ်လုံးနှင့် တိုင်းပြည်၏ အကျိုး စီးပွားအပေါ် တည့်မတ်ဖြောင့်မှန်စွာ မျက်နှာမူလျက် ဆွေးနွေးအဖြေရှာကြရမည် ဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါ သည်။
ထိုသို့ ဆောင်ရွက်ကြမှသာ ဆရာကြီးမျှော်မှန်းခဲ့သည့် စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံနိုင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးက အချို့အယွင်းမရှိ ဆောင်ရွက်သွားကြပါရန် အကြံပြု တိုက်တွန်းလျက် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၆ခုနှစ် ဇူလိုင်လ (၂၃) ရက်။

Continue Reading

(၅၄) နှစ်ပြည့် ၇ ရက် ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် အရေးတော်ပုံသည် ယနေ့ (၅၄)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၂။ လွန်ခဲ့သော (၅၄) နှစ်က ဤနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အာဏာသိမ်းစစ်အုပ်စု၏ ရက်စက် ကောက်ကျစ်မှုကို သွေးမြေကျခံလျက် ဖော်ထုတ်ဖွင့်ချပြခဲ့ကြသည်။

၃။ ဤအရေးတော်ပုံသည် မြန်မာပြည်သူတို့၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်း ချစ်ကြည်ရေး၊ လွတ်လပ်၍တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ရေး ဟူသော တိုက်ပွဲသမိုင်း အခန်းဆက်ကို ကနဦး ဖွင့်လှစ်ပေးခဲ့သည့် ဂုဏ်ရောင်ပြောင်သော မော်ကွန်းကမ္ဗည်း တစ်ရပ်လည်း ဖြစ်ပေသည်။

၎။ ၇ ရက် ဇူလိုင် အရေးတော်ပုံအတွင်း ဖမ်းဆီး ရိုက်နှက်ခံ၊ သွေးမြေကျခံ၊ အသက်များ ဆုံးရှုံးခံလျက် မိမိတို့ အမျိုးသား တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူ အာဇာနည် ကျောင်းသားရဲဘော်အပေါင်းအား မိမိတို့ပါတီက လေးမြတ်စွာ
ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၅။ မိမိတို့ ပါတီအနေဖြင့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး အတွက် ကျရာတာဝန်တို့ကို ၇ ရက် ဇူလိုင် စိတ်ဓာတ်နှင့် အစဉ်အလာများအား ဆက်ခံ၊ကိုင်စွဲ၍ ကျောင်းသားထုနှင့်အတူ၊ လူမျိုးစုံ မြန်မာပြည်သူလူထုကြီးနှင့်အတူ အားထုတ်၊ကြိုးပမ်းသွားကြမည်ဟု လေးနက်
တည်ကြည်စွာ အဓိဋ္ဌာန် ပြုအပ်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။

Continue Reading

(၄၂) နှစ် ပြည့် ဇွန်-၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ လူထုဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုပ်သမားကိုယ်စားလှယ် အတု အယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့တွင် အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံများတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။

၂။ အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုနှင့် ရဟန်းရှင်လူ ပြည်သူလူထုက သဏ္ဍာန်အမျိုးမျိုးဖြင့် ထောက်ခံ ပါဝင်ခဲ့ကြသည့်အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ်သမားနှင့် ကျောင်း သားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် သပိတ်တိုက်ပွဲများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြသည်။ လူထုဆန္ဒကို ကိုယ်စား မပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အတုအယောင်မျက်နှာဖုံးကို ဖွင့်ချ ဖော်ထုတ်နိုင်ခဲ့ကြသည်။

၃။ အလုပ်သမားနှင့်ကျောင်းသားထုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အခြေခံရပိုင်ခွင့်ဆိုင်ရာ တိုက်ပွဲများကို မဆလ တစ်ပါတီအာဏာရှင်အစိုးရသည် အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမား၊ ကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ပစ်ခဲ့သည်။

၎။ ယနေ့ကဲ့သို့ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ကြရမည့်ကာလတွင် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ် ယူကြရမည် ဖြစ်ပါသည်။ လွန်ခဲ့သော (၄၂)နှစ်က အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြ ရမည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

၅။ အလုပ်သမားများဘဝ၊ လယ်သမားများဘဝ၊ ကျောင်းသားများဘဝ လုံခြုံအေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အဝ အာမခံနိုင် သည့်စနစ်မျိုး အခိုင်အမာ ပေါ်ပေါက်လာသည်အထိ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲလျက် ရုန်းကန် အားထုတ်ကြရဦးမည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၆) ရက်။

Continue Reading

အမိန့် ပြန်တမ်း

အမိန့် ပြန်တမ်း

၁။ ရဲဘော်မင်းနိုင် – ဗဟိုစည်းရုံးရေးကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြားသိစေရန် ဤ ပြန်တမ်းကို
ကျွန်ုပ်တို့ ထုတ်ပြန် ကြေညာလိုက်သည်။
၂။ ရဲဘော်မင်းနိုင် သင်သည်
(၂၊ ၆၊ ၂၀၁၆) နံနက် ၆း၃၀ နာရီတွင် ပြည်သူ့သားကောင်းပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
၃။ ရဲဘော်မင်းနိုင် သင်သည်
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားတစ်ဦး
အဖြစ်လည်းကောင်း စစ်အစိုးရဖိနှိပ်မှုအောက်မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဂုဏ်ယူဘွယ် ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း ကွန်ုပ်တို့ပါတီ၏ စံပြုလောက်ဘွယ် ခေါင်းဆောင်ရဲဘော်တစ်ဦးအဖြစ်လည်း ကောင်း ကျွန်ုပ်တို့ မြန်မာပြည် လူမျိုးစုံပြည်သူလူထုကြီးအတွက် ဂုဏ်ယူအားထားစရာ ပြည်သူ့သားကောင်းတစ်ဦး အဖြစ်လည်းကောင်း ထူးချွန်စွာ တာဝန်ကျေခဲ့သော အရေးတော်ပုံ တပ်သားတစ်ဦးအဖြစ် ကျွန်ုပ်တို့ပါတီက ဂုဏ်ယူစွာ ကမ္ဗည်းမော်ကွန်းတင် အပ်ပါသည်။
၃။ ရဲဘော်မင်းနိုင်
သင့် တသက်တာပတ်လုံးကို အကုန်အစင် ပုံအောလျက် ယုံကြည် ကြိုးပမ်း တိုက်ပွဲဆင်ခဲ့သည့် ငြိမ်းချမ်းသော ညီညွတ်သော လွတ်လပ်သော တန်းတူသော လောကအသစ် နိုင်ငံတော်အသစ်ကြီးတရပ် ထူထောင်တည်ဆောက် နိုင်ရန် ကျွန်ုပ်တို့ပါတီရဲဘော်များသည် သင့်အား စံနမူနာကောင်းပြု၍ ကုန်စင်ပြီးမြောက်ပန်းတိုင်ရောက်သည်အထိ ဆက်လက်အားထုတ်ကြိုးပမ်း ချီတက်သွားကြမည် ဖြစ်ကြောင်း သင့်အား လေးမြတ်စွာ သိစေအပ်ပါသည်။
၎။ ရဲဘော်မင်းနိုင်
သင်ကား
ယနေ့ (၄၊ ၆၊ ၂၀၁၆)နေ့တွင် သင့်တစ်သက်တာအတွက် ပါတီ၏တာဝန်၊ နိုင်ငံသား ပြည်သူတစ်ဦး၏တာဝန်ကို
ကျေပွန် ကုန်စင်သည်အထိ ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ကောင်းစွာ အနားရနိုင် အနားယူခွင့်ရှိပြီဖြစ်ကြောင်း ဤပြန်တမ်းဖြင့် ကျွန်ုပ်တို့ သိစေအပ်ပါသည်။

ရဲဘော်မင်းနိုင် ကောင်းရာ သုဂတိသို့ လားရောက်ပါစေ။
ရဲဘော်မင်းနိုင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

အောင်မိုးဇော်
ဥက္ကဋ္ဌ
၂၀၁၆ ခုနှစ်၊ ဇွန်လ (၄) ရက် (စနေနေ့)။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ပေးပို့သော သဝဏ်လွှာ

၁။ မိမိတို့ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၀၁၆ ခု၊ ဇွန်လ (၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

၂။ ရဲဘော်မင်းနိုင်သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ ယခု ကွယ်လွန်ချိန်အထိ မိမိတို့ပါတီအတွက်လည်း ကောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးစုံမြန်မာပြည်သူတို့အတွက်လည်းကောင်း၊ အမိရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စံနစ် အမြစ်ပြတ် သုတ်သင် နိုင်ရေးတို့ကို တစ်ဘဝလုံးပုံ၍ အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ရင်း ပြည်သူ့သားကောင်း ပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ သော ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ရဲဘော်မင်းနိုင်၏ ဂုဏ်ပြောင်သော အားထုတ်ကြိုးပမ်းခဲ့မှု အလုံးစုံအား မိမိတို့ပါတီက လေးမြတ် ဂုဏ်ယူစွာ
မှတ်တမ်း ကမ္ဗည်းတင်အပ်ပါသည်။

၃။ မိမိတို့ပါတီသည် ရဲဘော်မင်းနိုင် တစ်သက်တာလုံး ယုံကြည် မျှော်မှန်းခဲ့သော ငြိမ်းချမ်း ညီညွတ် လွတ်လပ်သည့်
အနာဂတ်နိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်နိုင်သည်အထိ မဆုတ်မနစ် အားသွန်ကြိုးပမ်းသွားကြမည် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ပြု ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၄)ရက်။

Continue Reading

ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


အမရပူရမြို့ – တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ (ကိုပညာ – အမရပူရ)သည် ၂၀၁၆ ခု၊
မေလ (၂၁)ရက်နေ့က ပျံလွန်တော်မူကြောင်း ကြားသိရပါသည်။

အထက်မြန်မာပြည်တွင် နိုင်ငံရေးအင်အားစုများအတွက်လည်းကောင်း၊ စာပေအနုပညာအသိုက်အဝန်းအတွက် လည်းကောင်း၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းကောင်း စုစည်းရာ ဆုံဆည်းရာ တစ်ခုအဖြစ် မိမိ၏ ကျောင်းတိုက်ပုရဝဏ်၊၊ မိမိ၏ ဂုဏ်သိက္ခာနှင့်အားထုတ်မှုတို့ကို အရိပ်ကောင်းသဖွယ် ဖြစ်စေခဲ့သည့် ရဟန်းစာဆို၊ပညာရှင် ဦးပညာဇောတ၏ ကြီးစွာသော ဂုဏ်လက္ခဏာအရပ်ရပ်အား ဦးညွှတ် အရိုအသေပြုလျက် ဆရာတော်၏ အန္တိမဈာပနသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ၊ (၂၄)ရက်။

Continue Reading