(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အနယ်နယ်အရပ်ရပ်တွင် ကျင်းပနေကြသော (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို မိမိတို့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီက မွန်အမျိုးသားထုတရပ်လုံးနှင့်ထပ်တူထပ်မျှ ဂုဏ်ယူတန်ဖိုးထားပါကြောင်း လှိုက်လှဲဝမ်းမြောက်စွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။

ဒီမိုကရေစီဆိတ်သုဉ်းမှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့မှုတို့ကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ် ဒဏ်ကို မွန်အမျိုးသားများအပါအ၀င် ပြည်ထောင်စုဘွားတိုင်းရင်းသားတိုင်း ရာစုတ၀က်ကျော် ခါးဆီးခံခဲ့ကြရသည်ဟု မိမိတို့ပါတီက အလေးအနက် နားလည်ပါသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ခုခံစစ်ကို ဆင်နွှဲနေသော လက်နက်ကိုင်တော်လှန်ရေးအင်အား စုများနှင့် လက်ရှိအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူလက်မှတ်ထိုးပွဲတရပ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေခြင်း သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံရေးခြေလှမ်းတရပ် ဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။

တပြည်လုံးအတိုင်းအတာဆောင်သော ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးသည်နှင့် တဆက်တည်း နိုင်ငံရေး အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင် စုညီလာခံကြီးတရပ်ကို ကျင်းပပြုလုပ်ကြရမည် ဖြစ်ပါသည်။ ထိုညီလာခံကြီးတွင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့်၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက်တရပ်ကို ချမှတ်ကြရမည် ဖြစ်ပါသည်။

ထိုသဘောတူညီချက်ကို နိုင်ငံရေးလမ်းညွှန်အဖြစ်ကိုင်စွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးအပါအ၀င် မိမိတို့နိုင်ငံတွင် ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းကျော်လွှားကာ ငြိမ်းချမ်းပြီး အစဉ် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီခေတ်သစ်တရပ်ကို တည်ဆောက်ကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက အခိုင်အမာယုံကြည်ပါသည်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသား လူမျိုးစုံပြည်သူများနှင့် အတူ ဤလုပ်ငန်းစဉ်ကြီးအတွင်းမှာ ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မွန်အမျိုးသားများ၏ (၆၇)ကြိမ် မြောက် မွန်အမျိုးသားနေ့တွင် လေးနက်တည်ကြည်စွာ ကတိပြုလျှက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဖေေါ်ဝါရီလ (၁၅) ရက်

Continue Reading

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀ဝ)ပြည့် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက လှိုက်လှဲတန်ဖိုးထားစွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (All Burma Students Union) ဥက္ကဋ္ဌ၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ တို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူး၊ ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း အတွင်းရေးမှူး၊ ဗမာ့ကာကွယ်ရေးတပ်မတော်စစ်သေနာပတိချုပ်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ဥက္ကဋ္ဌ စသည့်တာဝန်များဖြင့် သမိုင်းခေတ်ကာလအဆက်ဆက်က ပြဋ္ဌာန်းလိုက်သော သမိုင်း ရေးတာဝန်များကို ဦးလည်မသုန် ကိုယ်ကျိုးမဖက် ထမ်းရွက်ခဲ့ပါသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်ပြီး ပြည်သူကိုအလုပ်အကျွေးပြုသည့် ပြည်သူ့တပ်မတော် တရပ်ကို တည်ဆောက်ခဲ့နိုင်ရုံမက အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးထားစွာဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပါသည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတလျောက်လုံးတွင် မဟာမိတ်အင်အားစုအသီးသီးနှင့် အခိုင်အမာလက်တွဲပြီး လူမျိုးစုံပြည်သူတို့၏ ထောက်ခံဝန်းရံပေးမှုဖြင့် လွတ်လပ်ရေးကို မရအရ ယူပေးနိုင်ခဲ့သည့်အတွက် အမျိုး သားခေါင်းဆောင်ကြီးအဖြစ် ပြည်သူလူထုတရပ်လုံးက ယနေ့ထက်တိုင် လေးစားတန်ဖိုးထားနေကြခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်မြန်မာပြည်သူလူထု၏အကျိုးကို တည့်တည့်မတ်မတ်မျက်နှာမူပြီး ကြိုးပမ်းဆောင် ရွက်ခဲ့မှုများနှင့် စွန့်လွှတ်ပေးဆပ်ခဲ့မှုတို့အား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလျက် မိမိတို့ပါတီအနေဖြင့် ယနေ့ကာလ အမျိုးသားရေး တာဝန်များတွင် ကျရာအခန်းမှ တက်ကြွစွာ ကြိုးပမ်းထမ်းရွက်သွားရန် အလေးအနက် အဓိဋ္ဌာန်ပြုပါသည်။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်

Continue Reading

မန္တလေးမြို့ ဒေသဆိုင်ရာ လူထုစည်းဝေးပွဲကြီးသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ မန္တလေး ဒေသတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ စသည့် အင်အားစုပေါင်းစုံပါဝင်လျက် ကျင်းပပြုလုပ်သည့် ယနေ့ လူထုစည်းဝေးပွဲကြီးသည် နိုင်ငံသားပြည်သူတို့က မိမိတိုအရေးကို မိမိတို့ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေ၊းအဖြေရှာကြရန် အားထုတ်၊ကြိုးပမ်းမှုကြီးတစ်ရပ်အဖြစ် မိမိတို့ပါတီက လှိုက်လှဲစွာ ထောက်ခံ၊ကြိုဆိုအပ်ပါသည်။

၂။ မိမိတို့နိုင်ငံအတွင်း အနိမ့်ဆုံးအခြေခံလစာကဲ့သို့ အခွင့်အရေးမျှကိုပင် ရေရာစွာ အာမခံချက်မရရှိဘဲ မိမိတို့အခြေခံ ရပိုင်ခွင့် များအတွက် တောင်းဆိုလှုပ်ရှားနေကြသော အလုပ်သမားများ၊ မိမိတို့ပိုင် လယ်ယာမြေများ လက်လွတ်ဆုံးရှုံးနေကြရခြင်းအတွက်တရားမျှတစွာ ပြန်လည်ရရှိရေးနှင့် မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သော မြေယာဆိုင်ရာ မူဝါဒများ ဥပဒေများရေးဆွဲရာ၌ မိမိတို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး၊ဆုံးဖြတ်ခွင့် ရရှိရေးများအတွက်အသက်စွန့်ဆံဖျား အားထုတ်တောင်းဆိုနေကြသော လယ်သမားများ၊ ဒီမိုကရေစီပညာရေးစံနစ် ပေါ်ပေါက်၊ဖွံ့ဖြိုးနိုင်ရေးနှင့် ကျောင်းသားနှင့်ဆရာ ကိုယ်စားလှယ်များကိုယ်တိုင် အကျေအလည် ပါဝင်ဆွေးနွေး၊ပြဋ္ဌာန်းနိုင်သော ပညာရေးမူဝါဒတစ်ရပ်ရရှိရေးအတွက် သပိတ်မှောက် တောင်းဆိုနေကြသော ကျောင်းသားများ စသည့်လူထုလှုပ်ရှားမှုများကို မြင်တွေ့နေရပေသည်။ ဤကဲ့သို့ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့်များရရှိနိုင်ရေး တောင်းဆိုလှုပ်ရှားမှုများကို မိမိတို့ ထောက်ခံ၊ဝန်းရံသွားမည်ဖြစ်ပြီး ဤသို့ တောင်းဆိုလှုပ်ရှားမှုများအတွက် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီး၊အရေးယူခံရခြင်း၊အကြမ်းဖက် နှိပ်ကွပ်ခြင်း အမျိုးမျိုးကို ဆန့်ကျင်၊ကန့်ကွက်သွားမည် ဖြစ်ပါသည်။

၃။ တပြိုင်နက်တည်းတွင် မိမိတို့ တိုင်းပြည်၏ လက်ငင်းနိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုဆန္ဒနှင့်အညီ ဒီမိုကရေစီ စံချိန်၊စံညွှန်းကိုက်ညီပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံနိုင်သော အခြေခံဥပဒေတရပ် ဖြစ်လာသည်အထိ ပြုပြင်နိုင်ရေး -နှေးကွေး၊ဖုထစ်လျက်ရှိသော လက်နက်ကိုင်အင်အားစုအားလုံးကိုလွှမ်းခြုံနိုင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးတိုးတက်မှု ရရှိလာနိုင်ရေး -နိုင်ငံရေးပြဿနာအရပ်ရပ်အား တွေ့ဆုံ၊ဆွေးနွေး အဖြေရှာနိုင်ကြရန် တမျိုးသားလုံးဆိုင်ရာကိုယ်စားပြုမှုရှိသည့် အင်အားစုပေါင်းစုံပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး –
စသည့် အဓိကကျသောနိုင်ငံရေးတာဝန်များအား မိတ်ဆွေအင်အားစုများနှင့်တကွ၊ လူမျိုးစုံပြည်သူလူထုကြီးနှင့်အတူ ဝိုင်းဝန်း၊လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက်တင်ပြရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဇန္နဝါရီလ၊ (၁၆)ရက်။

Continue Reading

ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။
အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။

၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။
၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်။
၃။ ထိုသို့ဖေါ်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား
အင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက်ခံယူသည်။

မိမိတို့ပါတီအနေဖြင့် ဤ ဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ သဘောတူပါသည်။
ဤဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ အကောင်အထည်ဖေါ်နိုင်ရေးသည် မြန်မာနိုင်ငံတွင် ယနေ့ ရင်ဆိုင် ကြုံတွေ့ နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေးနှင့် တိုက်ရိုက်အချိုးကျသည်ဟု မိမိတို့ပါတီက လေးနက်စွာ ယုံကြည်ပါသည်။

သို့အတွက် တိုင်းရင်းသားအင်အားစုများအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့်လည်းကောင်း၊ လူမျိုးစုံ မြန်မာပြည်သူများနှင့်လည်းကောင်း ဆုံးဖြတ်ချက်များအပြည့်အ၀ အကောင်အထည်ဖေါ်နိုင် ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ပါတီက တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသ၀ဏ်လွှာကို ပေး ပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့။

Continue Reading

၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ ကရင့် အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ ကျဆုံးခဲ့သည့် အထွဋ်အမြတ်နေ့အား ကရင့်အာဇာနည်နေ့ အဖြစ် နှစ်စဉ် ဂုဏ်ပြု၊ကျင်းပခဲ့ကြသည်မှာ (၆၄) ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတလျောက်တွင် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ခဲ့ကြသော ကရင့်အာဇာနည် အပေါင်းအား မိမိတို့ လေးစား၊တန်ဘိုးထားမှု အပြည့်ဖြင့် ဦးညွှတ်၊ ဂုဏ်ပြုလိုက်ပါသည်။

၂။ အမျိုးသားပြည်သူတရပ်၏ လွတ်မြောက်ရေးသမိုင်းစဉ်တွင် အမျိုးသားဂုဏ်သိက္ခာနှင့် တန်းတူခွင့်၊လွတ်လပ်ခွင့်များကို ကိုယ်စား ပြုနိုင်သည့် သူရဲကောင်း အာဇာနည်တို့အား တန်ဘိုးထား၊မြတ်နိုးခြင်း အောက်မေ့၊အထိမ်းအမှတ်ပြုခြင်းတို့မှာ သမိုင်းတန်ဘိုးအရ အရေးပါသည်ဟု မိမိတို့ နားလည်၊ခံယူမိပါသည်။

၃။ မျက်မှောက်ကာလတိုင်အောင်လည်း ကရင့်အာဇာနည် စောဘဦးကြီး အလေးထား ညွှန်ပြခဲ့သည့် မူ(၄)ချက်အား မမေ့လျော့၊ မသွေဖည်ဘဲ ငြိမ်းချမ်းရေး၊ တန်းတူသောဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တရပ်ရရှိရေးတို့ကို ကရင်အမျိုးသားပြည်သူတို့က ဂုဏ် သိက္ခာရှိစွာ ကြိုးပမ်း၊အားထုတ်နေကြဆဲဖြစ်သည် ဟူ၍ မိမိတို့ သုံးသပ်မိပါသည်။

၎။ ဆက်လက်၍ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေး၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး၊ တမျိုးသားလုံး ဆိုင်ရာ နိုင်ငံရေး တွေ့ဆုံ၊ဆွေးနွေး အဖြေရှာပွဲကြီး ဖြစ်မြောက် အောင်မြင်ရေး စသည့် သမိုင်းတာဝန်များကို ကရင်အမျိုးသား ပြည်သူတို့၏ မိတ်ဆွေကောင်း၊အင်အားစုတရပ်အဖြစ် လက်တွဲဆောင်ရွက်သွားရန် လေးလေးနက်နက် ရည်သန်လျက် ဤဂုဏ်ပြု သဝဏ်လွှာအား ပေးပို့လိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်။

Continue Reading

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ (၂၆) နှစ်ပြည့် တည်ထောင်ခြင်းနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။
အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေ ရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစု များ၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။

၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။

၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်။

၃။ ထိုသို့ဖေါ်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား
အင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက်ခံယူသည်။

မိမိတို့ပါတီအနေဖြင့် ဤ ဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ သဘောတူပါသည်။
ဤဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ အကောင်အထည်ဖေါ်နိုင်ရေးသည် မြန်မာနိုင်ငံတွင် ယနေ့ ရင်ဆိုင် ကြုံတွေ့ နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေးနှင့် တိုက်ရိုက်အချိုးကျသည်ဟု မိမိတို့ပါတီက လေးနက်စွာ ယုံကြည်ပါသည်။

သို့အတွက် တိုင်းရင်းသားအင်အားစုများအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့်လည်းကောင်း၊ လူမျိုးစုံ မြန်မာပြည်သူများနှင့်လည်းကောင်း ဆုံးဖြတ်ချက်များအပြည့်အ၀ အကောင်အထည်ဖေါ်နိုင် ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ပါတီက တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသ၀ဏ်လွှာကို ပေး ပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့။

Continue Reading

(၅၂) နှစ်ပြည့် ၇ – ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ယနေ့သည် မြန်မာ့ ဒီမိုကရေစီရေးတိုက်ပွဲသမိုင်းတွင် ဖုံးကွယ်၊ မေ့ချန်ရစ်၍ မရနိုင်သော သမိုင်းဝင် ၇ – ဇူလိုင် အရေးတော်ပုံ၏ (၅၂) နှစ် မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

၂။ လွန်ခဲ့သော (၅၂) နှစ်က ဤဇူလိုင် (၇) ရက်နေ့တွင် မြန်မာပြည်ကျောင်းသားထုသည် ပြည်သူတရပ်လုံး၏ ဒီမိုကရေစီဆိတ်သုဉ်းမှု၊ ဒီမိုကရေစီပညာရေးစံနစ် အနိုင်ကျင့်ဖျက်ဆီးခံရမှု၊ ကျောင်းသားထုအခွင့်အရေးအလုံးစုံ ဖျက်ဆီးရုတ်သိမ်းခံရမှုတို့အား ဆန့်ကျင်လျက် အာဏာ သိမ်းစစ်အုပ်စု၏ အရေခြုံ မျက်နှာဖုံးအား ရဲရင့်ဂုဏ်ပြောင်စွာ တိုက်ပွဲဝင် ချွတ်ခွာ ပြသနိုင်ခဲ့ပေသည်။ တိုက်ပွဲဝင် ကျောင်းသားထု သွေးမြေကျ၊ ကျဆုံးခဲ့ကြရသည့်ပြင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦအား လည်း ဖောက်ခွဲဖြိုချခံရသည်အထိ စစ်အစိုးရ၏ လက်တုန့်ပြန်ဖိနှိပ်မှုကို ခံခဲ့ကြရသည့် ကမ္ဘာသိ သမိုင်းဝင် နေ့တနေ့လည်း ဖြစ်ပေသည်။

၃။ ယနေ့ကာလတွင်လည်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီနှင့်တကွ မြန်မာတပြည်လုံးရှိ ဗကသများအသီးသီးသည် မိမိတို့၏ တရားဝင်တည်ရှိမှုကိုအသိအမှတ်ပြုရန် တိုက်ပွဲဝင်နေကြရဆဲဖြစ်သကဲ့သို့ ဗကသ မူ(၅)ချက်ကို အခိုင်အမာကိုင်စွဲလျက် အဖိနှိပ်ခံမြန်မာပြည်သူ တရပ်လုံးနှင့်အတူ သိမ်းဆည်းခံလယ်မြေများပြန်လည်ရရှိရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ပညာရေးစံနစ် ထွန်းကားလာရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး စသည့်တာဝန်များကို ကျားကုတ်ကျားခဲ ထမ်း ဆောင်နေကြသည်ကို မိမိတို့ပါတီက အလေးအနက် ဂုဏ်ယူတန်ဖိုးထားပါသည်။

၎။ မိမိတို့ပါတီသည်လည်း ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေးစံနစ် ရှင်သန်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး၊ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနှင့်အညီ ပြုပြင်ရေးဆွဲနိုင်ရေး စသည့်တာဝန်များကို ညီနောင် ကျောင်းသားရဲဘော် များနှင့်အတူ၊ လူမျိုးစုံ မြန်မာပြည်သူတို့နှင့်အတူ အခိုင်အမာ လက်တွဲထမ်းရွက်သွားမည်ဖြစ်ကြောင်းဖော်ပြရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ခုနှစ် ဇူလိုင်လ (၇) ရက်။

Continue Reading

(၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ကရင်နီပြည် အမျိုးသားထုတရပ်လုံး၏ (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိ တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှဲဝမ်းမြောက်စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

လူမျိုးတမျိုး၏ ဂုဏ်သိက္ခာနှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ၎င်းလူမျိုး၏ ဓလေ့ထုံးတမ်းများနှင့် စာပေ၊ဂီတအပါအ၀င် ယဉ်ကျေးမှုအရပ်ရပ်တို့ဖြင့်လည်းကောင်း၊ အမျိုးသားနေ့သမိုင်း၊ အမျိုးသားတော်လှန်ရေးနေ့သမိုင်းတို့ဖြင့်လည်းကောင်း ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ကြရသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ တန်ဖိုးဖြတ်၍မရသော မိမိတို့အမျိုးသားပိုင် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်နှင့် တစတစတိုးတက်ဖွံ့ဖြိုးလာစေရန် လွတ်လပ်စွာ တီထွင်တိုးချဲ့ခွင့်တို့ကို အမျိုးသားတိုင်း အပြည့်အ၀ ပိုင်ဆိုင်ခွင့်ရှိသည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

ထို့ကြောင့် အမျိုးသားတိုင်းအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိရေးသည် အသက်တမျှ အရေးကြီးသည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုသို့ အာမခံနိုင်ဖို့ဆိုလျင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လူမျိုးစုံမြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ပြင်ဆင်ကြရန်၊ ပြင်ဆင်ခွင့်ရရှိရန် အထူး လိုအပ်ပါသည်။

လူမျိုးစုံ မြန်မာပြည်သူများ ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို စနစ်တကျ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ဒီမိုကရေစီနှင့် တိုင်းရင်းသားတိုင်းအတွက် တန်း တူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အ၀အာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားသည်အထိ ပြင်ဆင်နိုင်ရန် အ တွက်လည်းကောင်း၊ စစ်မှန်သောငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည် ဆောက်နိုင်ရန်အတွက်လည်းကောင်း အင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးပွဲကြီး သို့မဟုတ် ပြည် ထောင်စုညီလာခံကြီးကို ကျင်းပပြုလုပ်ရန် မဖြစ်မနေလိုအပ်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မိမိတို့ပါတီအနေဖြင့် ကရင်နီပြည် အမျိုးသားထုကြီးအပါအ၀င် လူမျိုးစုံမြန်မာပြည်သူတရပ်လုံးနှင့် ညီညွတ်သွေးစည်း စွာလက်တွဲပြီး အထက်ပါနိုင်ငံရေးတာဝန်များကို ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ကြောင်း မင်္ဂလာရှိသော (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အလေးအနက် ကတိသစ္စာ ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်

Continue Reading

နှစ် (၄၀) ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

လွန်ခဲ့သော နှစ်ပေါင်း (၄၀)က ဇွန်လ ၆ရက်နေ့တွင် အလုပ်သမားလှုပ်ရှားမှုကြီး တပြည်လုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ရသည်။ ထိုလှုပ်ရှား မှုကြီးသည် လူထုဆန္ဒမပါပဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အလုပ်သမားကိုယ်စားလှယ်အတုအယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံတိုင်းတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် ဂုဏ်ရောင်ပြောင်သည့် လှုပ်ရှားမှုကြီးဖြစ်ပါသည်။

အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုက အပြည့်အ၀ ၀န်းရံထောက်ခံခဲ့ကြသည်။ ရဟန်းရှင်လူ ပြည်သူလူထုက လည်း သဏ္ဍာန်အမျိုးမျိုးနှင့် ထောက်ခံပါဝင်ခဲ့ကြသည်။ သို့အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်လှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ် သမားနှင့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည်ဖြင့် လှုပ်ရှားမှုများ ဆက်တိုက်မနားတမ်း ပေါ်ပေါက်ခဲ့ရသည်။

မဆလတပါတီအာဏာရှင်စနစ်နှင့် အရပ်ဝတ်အရေခြုံ ဗိုလ်နေ၀င်းအစိုးရသည် အလုပ်သမားနှင့်ကျောင်းသားထုကဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ထိုအခြေခံရပိုင်ခွင့်များရရှိရေးဆိုင်ရာ တိုက်ပွဲများကို အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမားကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည်ထောင်ဒဏ် ချမှတ် ပစ်ခဲ့သည်။

ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများအတွင်း ကျဆုံးသွားခဲ့ကြရသည့် အလုပ်သမား၊ ကျောင်းသားရဲဘော်များနှင့် နှစ်ရှည်အကျဉ်းကျခံ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်အပေါင်းတို့အား နှစ် (၄၀) ပြည့် အထိမ်းအမှတ်နေ့မှာ မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်အလေးပြုလိုက်ပါသည်။

ယနေ့ကာလအနေအထားကို လေ့လာကြည့်မည်ဆိုပါကလည်း အလုပ်သမားများ၏ အခြေခံလစာကို သတ်မှတ်ပြဋ္ဌာန်းပေးခြင်း အပါအ၀င် အလုပ်သမားထုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်ဥပဒေ၊ နည်းဥပဒေများ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့နေရပါသည်။ ထို့နည်းတူ ကျောင်းသားများအတွက် လုံခြုံပြည့်စုံသည့် ပညာရေးမူဝါဒတစ်ရပ် အခိုင်အမာ ချမှတ်ပေးနိုင်မှုလည်း မရှိသေးပဲ ဖြစ်နေပါသည်။ ထို့အတွက်လည်း အလုပ်သမားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကျောင်းသားထု၏ အခြေခံအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွား ပေါ်ပေါက်နေကြရခြင်းဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ရှုမြင်ပါသည်။

အာဏာပိုင်အဆင့်ဆင့်နှင့် တာဝန်ရှိသူတို့အနေဖြင့် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ်ယူကြရလိမ့်မည် ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၄၀) ဆီက အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြရပါလိမ့်မည်။ ဆန်တောင်းသူကို ကျည်ဆံပေး၍ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြေရှင်းနည်းမျိုးသည် ယနေ့ခေတ်ကာလတွင် မရှိသင့် မရှိအပ်သည့် ဖြေရှင်းနည်းအဆင့်ကို ရောက်ရှိသွားပြီဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မည်သို့သော အကန့်အသတ်များ၊စိန်ခေါ်ချက်များ ရှိနေစေကာမူ အလုပ်သမားများဘ၀၊လယ်သမားများဘ၀၊ ကျောင်းသားများဘ၀ လုံခြုံ အေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အ၀ အာမခံနိုင်မှု မရရှိသေးသရွေ့ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲထားကြရဦးမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူထားကြောင်းတင်ပြရင်း ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးက်ာမတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၆) ရက်။

Continue Reading

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ


၁။ လက်နက်အားကိုး နိုင့်ထက်စီးနင်း ဖိနှိပ်၊ ရန်မူခံရခြင်းအား ရင်ဆိုင် ခုခံ၊ တော်လှန်စစ် ဆင်နွှဲခဲ့ကြသည့် ကယန်းအမျိုးသား ပြည်သူတို့၏ ဂုဏ်သိက္ခာရှိသော တော်လှန်ရေးသမိုင်းသည် နှစ် (၅၀) ရွှေရတုတိုင် မော်ကွန်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။

၂။ ကယန်းအမျိုးသားပြည်သူတို့၏သမိုင်းသည် နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် လွတ်မြောက်ရေး၊ စစ်အာ ဏာရှင်အပြီးအပြတ်ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့၏ သမိုင်းဖြစ်ပြီး မြန်မာပြည်လူမျိုးစုံပြည်သူတို့၏ အမျိုးသားလွတ်မြောက် ရေး တိုက်ပွဲစဉ်ကြီးနှင့် တဆက်တစပ်တည်းလည်း ဖြစ်ပေသည်။

၃။ ယနေ့ကာလအထိလည်း ကယန်းအမျိုးသားများသည် လူမျိုးစုံ ပြည်သူလူထုတရပ်လုံး၏ မပြီးပြတ်နိုင်သေးသော အမျိုးသား လွတ်မြောက်ရေးရုန်းကန်လှုပ်ရှားမှုတာဝန်များဖြစ်သည့် ၂၀၀၈ အဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူအကျိုးစီးပွား၊ သဘော ဆန္ဒများနှင့်အညီ ပြောင်းလဲပစ်နိုင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်း စေရေး စသည့်တာဝန်များကို ကျရာအခန်းမှ ကျားကုတ်ကျားခဲ ထမ်းရွက်နေကြသည်ကို မိမိတို့ပါတီက လှိုက်လှဲတန်ဖိုးထားစွာ လေးစားဂုဏ်ပြုပါသည်။

၎။ မိမိတို့ပါတီသည် ဤ အမျိုးသားရေးတာဝန်များကို ကယန်းအမျိုးသားများအပါအဝင် အဖိနှိပ်ခံ မြန်မာပြည်သူလူထုကြီးနှင့်အတူ မိတ်ဆွေကောင်းအင်အားစုတရပ်အဖြစ် ပါဝင် ထမ်းရွက်သွားကြမည် ဖြစ်ပါကြောင်း အလေးအနက် အဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ် ၊ ဇွန်လ ၊ (၄) ရက် ။

Continue Reading