(၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ကရင်နီပြည် အမျိုးသားထုတရပ်လုံး၏ (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိ တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှဲဝမ်းမြောက်စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

လူမျိုးတမျိုး၏ ဂုဏ်သိက္ခာနှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ၎င်းလူမျိုး၏ ဓလေ့ထုံးတမ်းများနှင့် စာပေ၊ဂီတအပါအ၀င် ယဉ်ကျေးမှုအရပ်ရပ်တို့ဖြင့်လည်းကောင်း၊ အမျိုးသားနေ့သမိုင်း၊ အမျိုးသားတော်လှန်ရေးနေ့သမိုင်းတို့ဖြင့်လည်းကောင်း ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ကြရသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ တန်ဖိုးဖြတ်၍မရသော မိမိတို့အမျိုးသားပိုင် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်နှင့် တစတစတိုးတက်ဖွံ့ဖြိုးလာစေရန် လွတ်လပ်စွာ တီထွင်တိုးချဲ့ခွင့်တို့ကို အမျိုးသားတိုင်း အပြည့်အ၀ ပိုင်ဆိုင်ခွင့်ရှိသည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

ထို့ကြောင့် အမျိုးသားတိုင်းအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိရေးသည် အသက်တမျှ အရေးကြီးသည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုသို့ အာမခံနိုင်ဖို့ဆိုလျင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လူမျိုးစုံမြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ပြင်ဆင်ကြရန်၊ ပြင်ဆင်ခွင့်ရရှိရန် အထူး လိုအပ်ပါသည်။

လူမျိုးစုံ မြန်မာပြည်သူများ ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို စနစ်တကျ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ဒီမိုကရေစီနှင့် တိုင်းရင်းသားတိုင်းအတွက် တန်း တူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အ၀အာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားသည်အထိ ပြင်ဆင်နိုင်ရန် အ တွက်လည်းကောင်း၊ စစ်မှန်သောငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည် ဆောက်နိုင်ရန်အတွက်လည်းကောင်း အင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးပွဲကြီး သို့မဟုတ် ပြည် ထောင်စုညီလာခံကြီးကို ကျင်းပပြုလုပ်ရန် မဖြစ်မနေလိုအပ်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မိမိတို့ပါတီအနေဖြင့် ကရင်နီပြည် အမျိုးသားထုကြီးအပါအ၀င် လူမျိုးစုံမြန်မာပြည်သူတရပ်လုံးနှင့် ညီညွတ်သွေးစည်း စွာလက်တွဲပြီး အထက်ပါနိုင်ငံရေးတာဝန်များကို ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ကြောင်း မင်္ဂလာရှိသော (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အလေးအနက် ကတိသစ္စာ ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်

Continue Reading

နှစ် (၄၀) ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

လွန်ခဲ့သော နှစ်ပေါင်း (၄၀)က ဇွန်လ ၆ရက်နေ့တွင် အလုပ်သမားလှုပ်ရှားမှုကြီး တပြည်လုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ရသည်။ ထိုလှုပ်ရှား မှုကြီးသည် လူထုဆန္ဒမပါပဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အလုပ်သမားကိုယ်စားလှယ်အတုအယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံတိုင်းတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် ဂုဏ်ရောင်ပြောင်သည့် လှုပ်ရှားမှုကြီးဖြစ်ပါသည်။

အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုက အပြည့်အ၀ ၀န်းရံထောက်ခံခဲ့ကြသည်။ ရဟန်းရှင်လူ ပြည်သူလူထုက လည်း သဏ္ဍာန်အမျိုးမျိုးနှင့် ထောက်ခံပါဝင်ခဲ့ကြသည်။ သို့အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်လှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ် သမားနှင့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည်ဖြင့် လှုပ်ရှားမှုများ ဆက်တိုက်မနားတမ်း ပေါ်ပေါက်ခဲ့ရသည်။

မဆလတပါတီအာဏာရှင်စနစ်နှင့် အရပ်ဝတ်အရေခြုံ ဗိုလ်နေ၀င်းအစိုးရသည် အလုပ်သမားနှင့်ကျောင်းသားထုကဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ထိုအခြေခံရပိုင်ခွင့်များရရှိရေးဆိုင်ရာ တိုက်ပွဲများကို အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမားကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည်ထောင်ဒဏ် ချမှတ် ပစ်ခဲ့သည်။

ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများအတွင်း ကျဆုံးသွားခဲ့ကြရသည့် အလုပ်သမား၊ ကျောင်းသားရဲဘော်များနှင့် နှစ်ရှည်အကျဉ်းကျခံ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်အပေါင်းတို့အား နှစ် (၄၀) ပြည့် အထိမ်းအမှတ်နေ့မှာ မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်အလေးပြုလိုက်ပါသည်။

ယနေ့ကာလအနေအထားကို လေ့လာကြည့်မည်ဆိုပါကလည်း အလုပ်သမားများ၏ အခြေခံလစာကို သတ်မှတ်ပြဋ္ဌာန်းပေးခြင်း အပါအ၀င် အလုပ်သမားထုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်ဥပဒေ၊ နည်းဥပဒေများ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့နေရပါသည်။ ထို့နည်းတူ ကျောင်းသားများအတွက် လုံခြုံပြည့်စုံသည့် ပညာရေးမူဝါဒတစ်ရပ် အခိုင်အမာ ချမှတ်ပေးနိုင်မှုလည်း မရှိသေးပဲ ဖြစ်နေပါသည်။ ထို့အတွက်လည်း အလုပ်သမားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကျောင်းသားထု၏ အခြေခံအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွား ပေါ်ပေါက်နေကြရခြင်းဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ရှုမြင်ပါသည်။

အာဏာပိုင်အဆင့်ဆင့်နှင့် တာဝန်ရှိသူတို့အနေဖြင့် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ်ယူကြရလိမ့်မည် ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၄၀) ဆီက အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြရပါလိမ့်မည်။ ဆန်တောင်းသူကို ကျည်ဆံပေး၍ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြေရှင်းနည်းမျိုးသည် ယနေ့ခေတ်ကာလတွင် မရှိသင့် မရှိအပ်သည့် ဖြေရှင်းနည်းအဆင့်ကို ရောက်ရှိသွားပြီဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မည်သို့သော အကန့်အသတ်များ၊စိန်ခေါ်ချက်များ ရှိနေစေကာမူ အလုပ်သမားများဘ၀၊လယ်သမားများဘ၀၊ ကျောင်းသားများဘ၀ လုံခြုံ အေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အ၀ အာမခံနိုင်မှု မရရှိသေးသရွေ့ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲထားကြရဦးမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူထားကြောင်းတင်ပြရင်း ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးက်ာမတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၆) ရက်။

Continue Reading

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ


၁။ လက်နက်အားကိုး နိုင့်ထက်စီးနင်း ဖိနှိပ်၊ ရန်မူခံရခြင်းအား ရင်ဆိုင် ခုခံ၊ တော်လှန်စစ် ဆင်နွှဲခဲ့ကြသည့် ကယန်းအမျိုးသား ပြည်သူတို့၏ ဂုဏ်သိက္ခာရှိသော တော်လှန်ရေးသမိုင်းသည် နှစ် (၅၀) ရွှေရတုတိုင် မော်ကွန်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။

၂။ ကယန်းအမျိုးသားပြည်သူတို့၏သမိုင်းသည် နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် လွတ်မြောက်ရေး၊ စစ်အာ ဏာရှင်အပြီးအပြတ်ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့၏ သမိုင်းဖြစ်ပြီး မြန်မာပြည်လူမျိုးစုံပြည်သူတို့၏ အမျိုးသားလွတ်မြောက် ရေး တိုက်ပွဲစဉ်ကြီးနှင့် တဆက်တစပ်တည်းလည်း ဖြစ်ပေသည်။

၃။ ယနေ့ကာလအထိလည်း ကယန်းအမျိုးသားများသည် လူမျိုးစုံ ပြည်သူလူထုတရပ်လုံး၏ မပြီးပြတ်နိုင်သေးသော အမျိုးသား လွတ်မြောက်ရေးရုန်းကန်လှုပ်ရှားမှုတာဝန်များဖြစ်သည့် ၂၀၀၈ အဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူအကျိုးစီးပွား၊ သဘော ဆန္ဒများနှင့်အညီ ပြောင်းလဲပစ်နိုင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်း စေရေး စသည့်တာဝန်များကို ကျရာအခန်းမှ ကျားကုတ်ကျားခဲ ထမ်းရွက်နေကြသည်ကို မိမိတို့ပါတီက လှိုက်လှဲတန်ဖိုးထားစွာ လေးစားဂုဏ်ပြုပါသည်။

၎။ မိမိတို့ပါတီသည် ဤ အမျိုးသားရေးတာဝန်များကို ကယန်းအမျိုးသားများအပါအဝင် အဖိနှိပ်ခံ မြန်မာပြည်သူလူထုကြီးနှင့်အတူ မိတ်ဆွေကောင်းအင်အားစုတရပ်အဖြစ် ပါဝင် ထမ်းရွက်သွားကြမည် ဖြစ်ပါကြောင်း အလေးအနက် အဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ် ၊ ဇွန်လ ၊ (၄) ရက် ။

Continue Reading

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ ယနေ့သည် စစ်အာဏာစိုးမိုးမှု ဆန့်ကျင်သော လူမျိုးစုံမြန်မာ့ပြည်သူလူထုကြီးက ရွေးကောက်ပွဲကို တိုက်ပွဲမျက်နှာစာတခုကဲ့သို့ လက်ခံ၊ ရင်ဆိုင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တခဲနက် ထောက်ခံ၊ မဲပေး ရွေးချယ်ခဲ့သော (၂၄) နှစ်ပြည့် အခါ သမယ ဖြစ်သည်။

၂။ လွန်ခဲ့သော (၂၄)နှစ်၊ ၁၉၉၀ ပြည့်က ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်များသည် ထိုကာလက ပြည်သူအများ လွှဲအပ်၊ တာဝန်ပေးခဲ့သော စစ်အာဏာစိုးမိုးမှု ဆန့်ကျင်ရေး၊ ငြိမ်းချမ်း၊ ညီညွတ်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေးတို့အတွက် ပြည်သူ့ သဘောထားဆန္ဒမပါဘဲ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်ရန် တာဝန်သိသိ ဆက်လက် အားထုတ်၊ ကြိုးပမ်းနေကြသည်ကို အထင်အရှားတွေ့နိုင်ပေသည်။

၃။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ လွတ်လပ် တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေး တို့အတွက် ၁၉၉၀ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများနှင့်အတူ မဟာမိတ်ကောင်းအဖြစ် လက်တွဲ၊ ကြိုးပမ်း ဆောင်ရွက်သွားကြရန် ကတိ၊ ဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

၂၀၁၄ ခုနှစ်၊ မေလ၊ ၂၇ ရက်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

၁။ မြန်မာပြည်အလုပ်သမားထု၏ သမိုင်းသည် (၁၉၁၆) ရေနံအလုပ်သမားတို့၏ အခွင့်အရေးတိုက်ပွဲမှစတင်၍ ယနေ့ကာလအထိ တောက်လျောက် ရုန်းကန်လှုပ်ရှား နေရဆဲဖြစ်သော ရှည်လျားသော တိုက်ပွဲသမိုင်းဖြစ်သည်။

၂။ ၁၉၃၈ (၁၃၀၀ ပြည့်) အရေးတော်ပုံ အပါအဝင် ၁၉၄၆-၄၇ ခုနှစ်များတွင်လည်းကောင်း၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ နှင့် ယနေ့ကာလများတွင် လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားလူတန်းစား၏ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်မှုများသည် အဖိနှိပ်ခံ လူမျိုးစုံအမျိုးသားပြည်သူတို့၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် တဆက်တည်း၊ တသားတည်း ပေါင်းစည်းမိခဲ့ကြသည်။ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းကို တဆင့်တိုးမြှင့် ခရီးရောက်စေခဲ့ပါသည်။

၃။ ယနေ့ တိုင်းပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ဦးတည်နေချိန်တွင်လည်း ပြောင်းသစ်လာဖွယ် အခြေအနေတို့နှင့် ဆီလျော် မည့် အလုပ်သမားထုဘဝရရှိရေး အားထုတ် တိုက်ပွဲဝင်မှုများသည် တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရန်၊ တမျိုးသားလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာ၍ အများပြည်သူလက်ခံသော အခြေခံ ဥပဒေသစ်တရပ် ရရှိရန် ကြိုးပမ်းလှုပ်ရှားနေကြသော အမျိုးသားပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့် တဆက်တစပ်တည်း ပေါ်ပေါက် အားဖြည့်ပေးလျက် ရှိပေသည်။

၎။ အလုပ်သမားထု၊ အလုပ်သမားလူတန်းစား၏ အခွင့်အရေးနှင့် လွတ်မြောက်ရေးအတွက် ပိုမို သွေးစည်းတောင့်တင်း ခိုင်မာစေမည့် အလုပ်သမားအဖွဲ့ချုပ်ကြီး ဖော်ဆောင်နိုင်ရန် အခြေခံကျသော ဤနှီးနှောဖလှယ်ပွဲကြီးမှာ ယနေ့ကာလ အမျိုးသားရေးလှုပ်ရှားမှုကြီး တခုလုံး အား အင်ပြည့်အားပြည့် ကျေးဇူးပြုမည့် အရေးပါသော အားထုတ်မှုကြီးလည်း ဖြစ်ပေသည်။

၅။ ထိုကြောင့် မိမိတို့ပါတီအနေဖြင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အား ဆက်လက်ထမ်းရွက်ကြရမည့် အမျိုးသားရေးတာဝန်များ ကို ချစ်ကြည်ရင်းနှီးစွာ လက်တွဲဆောင်ရွက်သွားနိုင်မည့် မိတ်ဆွေအင်အားစုကြီးအဖြစ် ယုံကြည်မျှော်လင့်လျက် လှိုက်လှိုက်လှဲလှဲ ထောက်ခံ ကြိုဆိုလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဧပြီ လ (၂၆) ရက်။

Continue Reading

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခြင်း

၁။ ယနေ့ (၁၀၊၄၊၂၀၁၄) နေ့တွင် ကျရောက်သော (၁၄)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့  မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းမြောက်ဂုဏ်ယူစွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။

၂။ အသီးသီးသောကယန်းမျိုးနွယ်စုများ တညီတညွတ်တည်း ဘုံလက်ခံသုံးစွဲမည့် ဘာသာစကားအား တပေါင်းတရုံးတည်း အတည်ပြုနိုင်ခဲ့ကြသည့်အတွက် ဤဧပြီ (၁၀) ရက်ကို“ ကယန်းအမျိုးသားနေ့ ” ဟု သတ်မှတ်၊ကျင်းပ နိုင်ခဲ့ပေသည်။

၃။ ကယန်းအမျိုးသားပြည်သူတို့၏ နယ်ချဲ့စိုးမိုးမှုဆန့်ကျင်ရေးသမိုင်း၊ အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူရေးသမိုင်း၊ ငြိမ်းချမ်းရေး နှင့် ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးသမိုင်း၊ ဒီမိုကရေစီထွန်းကားရေး နှင့် အာဏာရှင်စံနစ်ဖျက်သိမ်းရေးသမိုင်း တွင် ဂုဏ်ယူထိုက်သော အမျိုးသားမှတ်တိုင်တခု ထပ်မံ၊စိုက်ထူနိုင်ခဲ့ကြခြင်းလည်းဖြစ်သည်။

၎။ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ကယန်းအမျိုးသားပြည်သူများ၊ ဘဝတူ ပြည်ထောင်စု ညီနောင်မျိုးနွယ်စုများအားလုံးနှင့်အတူ အများပြည်သူ မလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်နိုင်ရေး၊ တမျိုးသားလုံးကို ကိုယ်စားပြုသော နိုင်ငံရေးမျက်နှာစုံညီ ဆွေးနွေးပွဲကြီးတရပ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီ အပြည့်အဝထွန်းကားပြီး တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စုစစ်စစ် ထူထောင်အောင်မြင်စေရေး၊ စစ်မှန်၍ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး စသည့်တာဝန်များကို မိတ်ရင်း၊ဆွေမွန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်တွဲ ဆောင်ရွက်သွားနိုင်ကြမည်ဟု အားထား၊ယုံကြည်စွာဖြင့် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

၁၀ ရက်၊ဧပြီ လ၊ ၂၀၁၄ ခု။
ဗဟိုစည်းရုံးရေးကော်မတီ

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိတို့ပါတီက ၀မ်းမြောက်လှိုက်လှဲစွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ယနေ့ကာလ မြန်မာနိုင်ငံ၏ ရှေ့တန်းအရောက်ဆုံး နိုင်ငံရေးအကြောင်းအရာများ အနက် တခုမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနှစ်သာရရှိရှိ အကောင်အထည်ဖေါ်ဆောင်ခွင့် ရ – မရ ဆိုသည့်အကြောင်းအရာဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

နှစ် ၆၀ ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီး အပေါ်ထားသည့်သဘောထား၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကို အပြည့်အ၀ အာမခံနိုင်မှုအပေါ်ထားသည့်သဘောထား ၊ ပြည်ထောင်စုသားအားလုံးအတွက် အမျိုးသားတန်း တူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပေါ်ထားသည့် သဘောထားများသည် စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် အခရာကျသော သဘောထားများ ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။

တိုင်းရင်းသားလူမျိုးစုများအပါအ၀င် နိုင်ငံရေးအင်အားစုများအားလုံးအနေဖြင့် အထက်ပါကိစ္စရပ်များအပေါ် မှန်ကန်သော သဘောထားများ ကိုယ်စီကိုယ်စီ အခိုင်အမာ ရှိကြပြီး ဖြစ်သည်ဟု မိမိတို့ပါတီက နားလည်ပါသည်။ အစိုးရနှင့် တပ်မတော်အနေဖြင့်လည်း ခေတ်အဆက်ဆက် ဖိနှိပ်ရေးအစိုးရများနှင့် လမ်းခွဲကာ အထက်ပါ ကိစ္စရပ်များအပေါ် မှန်ကန်သောသဘောထားများ ချမှတ်ကိုင်စွဲသွားကြရန် လိုအပ်သည်ဟု မိမိတို့ပါတီက အလေး အနက် အကြံပြုတိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားလူမျိုးစုများအပါအ၀င် နိုင်ငံရေးအင်အားစုအားလုံး၊ အစိုးရကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ်များပါဝင်သည့် ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပပြီး ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ သူမနာကိုယ်မနာငြိမ်းချမ်းရေးမူကို အခိုင်အမာကိုင်စွဲကာ တည်ရှိနေသည့်ပြဿနာ အရပ်ရပ်ကို ဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါသည်။

ထိုသို့ တိုင်းပြည်နှင့် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကို တည့်တည့်မျက်နှာမူပြီး ဖြေရှင်းကြမှသာလျှင် ဆရာကြီးမျှော်မှန်းခဲ့သော ငြိမ်းချမ်းရေးကို စစ်စစ်မှန်မှန်ရရှိလိမ့်မည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

မိမိတို့ပါတီသည် အခက်အခဲ မည်သို့ပင်ကြုံရစေကာမူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်များကို လူမျိုးစုံပြည်သူလူထုကြီးနှင့် အတူ လက်တွဲထမ်းရွက်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၄ခုနှစ် မတ်လ (၂၃) ရက်နေ့။

Continue Reading

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဒဿမအကြိမ်ညီလာခံသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီက လှိုက်လှဲဝမ်းမြောက်စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

မိမိတို့နိုင်ငံသည် နိုင်ငံရေးဖြစ်ထွန်းမှုအသစ်များ တစုံတရာဖြစ်ပေါ်နေသည်ဆိုသည့်တိုင် လက်တွေ့ဘ၀တွင် လူမျိုစုံ မြန်မာပြည်သူများ ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့မြင်နေကြရပါသည်။

ထိုပြဿနာများကို အပြည့်အစုံဖြေရှင်းနိုင်ဖို့ဆိုလျင်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကှို ဒီမိုကရေစီနှင့် တိုင်းရင်းသားတိုင်းအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အပြည့်အ၀အာမမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားအောင် ပြင်ဆင်ရေး၊
စစ်မှန်သောငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရေး၊
အင်အားစုအားလုံးပါဝင်သည့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးပွဲကြီး သို့မဟုတ် ပြည်ထောင်စုညီလာခံကြီးကို ကျင်းပပြု လုပ်ပြီး နိုင်ငံလုံးဆိုင်ရာ သဘောတူညီချက် (National Accord) တရပ် ချမှတ်ရေး၊
စသည့် လုပ်ငန်းစဉ် (၃) ရပ်ကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်ကြရလိမ့်မည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် မိမိတို့ပါတီတို့သည် ညီနောင်အင်အားစုများဖြစ်ကြ သည့်အားလျော်စွာ အခြေအနေအရပ်ရပ်အပေါ် စဉ်းစားပုံ ကြည့်မြင်ပုံချင်း အခြေခံအားဖြင့် တူညီကြသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

ဒဿမအကြိမ်ညီလာခံကြီးအောင်မြင်ချောမောစွာ ကျင်းပနိုင်ပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုအပ်ပါသည်။ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အနေဖြင့် ညီညွတ်သွေးစည်းစွာ လက်တွဲပြီး ယနေ့ကာလအမျိုးသားရေးတာဝန်များကို ကြိုးပမ်းထမ်းရွက်သွားကြဖို့ တပ်ဦး၏ညီလာခံကြီးတွင် အလေးအနက် ကတိပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ မတ်လ (၇) ရက်

Continue Reading

တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (မန္တလေးမြို့)သို့ ပေးပို့သော သဝဏ်လွှာ

မန္တလေးမြို့တွင် ကျင်းပပြုလုပ်သော တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စိတ်ရွှင်လန်းတက်ကြွမှုရှိကြပါစေကြောင်း မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဆုမွန်ကောင်း ပို့သအပ် ပါသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏လူများစုဖြစ်သော ဒေသအသီးသီးရှိ တောင်သူလယ်သမားများ ဘ၀မြင့်မားရေး၊ လယ်ယာမြေကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးတို့နှင့် တဆက်တစပ်တည်း သက်ဆိုင်နေပါသည်။ ခေတ်အဆက်ဆက် တောင်သူလယ်သမား တို့၏ဘ၀အခြေအနေမှာ အဖိနှိပ်ခံနင်းပြားဖြစ်နေရမှု၊ ဆင်းရဲနိမ့်ကျနေရမှု၊ မတရားသဖြင့် လယ်သိမ်းယာသိမ်းခံနေရမှုနှင့်အတူ လယ်မဲ့ယာမဲ့ဘ၀ ရောက်ရှိနေရမှု၊ လယ်ယာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ နိမ့်ကျနေရမှုများဖြင့်သာ ကြုံတွေ့နေခဲ့ကြရပါသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေးမှာ နိုင်ငံ၏ အရေးတကြီးကိစ္စရပ်ဖြစ်သည်ဟု မိမိတို့ပါတီအနေဖြင့် ခံယူထားပါသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲကြီးမှ တောင်သူလယ်သမားတို့၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျှော်မှန်းကာ တောင်သူလယ်သမားများ၏ အခက်အခဲများ၊ ပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်ဆိုသည်မှာ ယနေ့မြန်မာနိုင်ငံတောင်သူ လယ်သမားများ၏ အခြေအနေနှင့် ကိုက်ညီသင့်လျော်သည့် ရည်ရွယ်ချက်တရပ်ဖြစ်ပါသည်။

လယ်ယာမြေဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးဆိုသည်မှာ ယနေ့မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများလက်တွေ့ကြုံတွေ့နေရသည့် အခြေခံပြဿနာရပ်များ အနက် အဓိကျသည့်ပြဿနာရပ်များဖြစ်ပါသည်။  မိမိတို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ယင်းပြဿနာများအပေါ်တွင် လယ်ယာမြေဥပဒေ တရပ်အနေဖြင့်  ဒေသအသီးသီးရှိ လယ်သမားများ၏ စီးပွားရေး၊ လူမှုရေးဘ၀များကို အာမခံချက်ရှိစေရန်နှင့် ယင်း လယ်ယာမြေဥပဒေကို လွတ်လပ်သည့် လယ်သမားသမဂ္ဂများ၊ လယ်သမားအဖွဲ့အစည်းများနှင့် လယ်သမားကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်၍ ပြုပြင် ပြောင်းလဲသွားနိုင်ရန် လိုအပ်သည်။

ယနေ့ နေရာဒေသအသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသော သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်သမားလှုပ်ရှားမှု များသည် ခေတ်အဆက်ဆက် အုပ်စိုးသူ အာဏာပိုင်အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ မတရားသိမ်းဆည်းခဲ့သည့် လယ်သိမ်း၊ ယာသိမ်းကိစ္စများကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ ယင်းပြဿနာများဖြေရှင်းရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် အကြောင်းအမျိုးမျိုးဖြင့် မတရားသိမ်းဆည်းထားသော လယ်ယာမြေစာရင်းများကို အတိအကျ ထုတ်ပြန်ပေးရန်၊  သိမ်းဆည်းလယ်ယာမြေများအား ပိုင်ဆိုင်သူလယ်သမားများအား ပြန်လည်ပေးအပ်ရန်၊ခေတ်ကာလနှင့် ကိုက်ညီသည့် လျော်ကြေးငွေများအား ပြန်လည်ပေးအပ်သွားရန် လိုအပ်သည်ဟု မိမိတို့ပါတီက သဘောထားပါသည်။
ထို့ပြင် လယ်ယာမြေပြဿနာများအားဖြေရှင်းရာတွင် သာမန်သီးခြားဥပဒေပြဋ္ဌာန်းပေးရုံဖြင့် မလုံလောက်ဘဲ တောင်သူ လယ်သမားများ၏ အခြေခံရပိုင်ခွင့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အခိုင်အမာပြဋ္ဌာန်းအကာအကွယ်ပေးရန် လိုအပ်သည့်အလျောက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သွားရေးအတွက် လယ်သမားများကိုယ်တိုင် ကြိုးပမ်းပါဝင်သွားရန် လိုအပ်လျက် ရှိနေပါသည်။

ယနေ့ တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကြီးမှ တောင်သူလယ်သမားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးတို့မှ တောင်သူလယ်သမားတို့၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခက်အခဲပြဿနာရပ် များကို စိတ်လက်ကြည်လင်တက်ကြွစွာဖြင့် ဆွေးနွေးအဖြေရှာ ညှိနှိုင်းသွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သရင်း ဤသ၀ဏ်လွှာ အား ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
ရက်စွဲ – (၅)ရက်၊ မတ်လ၊ ၂၀၁၄ခုနှစ်။

Continue Reading